Home သတင်း လိပ်သိုရှိ စစ်ကောင်စီစခန်းများ အင်အားဆက်ဖြည့်ပြီး စစ်ရေးပြင်

လိပ်သိုရှိ စစ်ကောင်စီစခန်းများ အင်အားဆက်ဖြည့်ပြီး စစ်ရေးပြင်

824
Photo crd- CJ (၂၀၂၁ ခုနှစ်က ယာဒို(လိပ်သို)ဒေသဘက်တွင် တွေ့ရသည့် စစ်ကောင်စီယာဥ်တန်းများ)

ဇွန်လ ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၂) တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို ဒေသရှိ စစ်ကောင်စီတပ်စခန်းများတွင် တပ်အင်အားဖြည့်တင်းမှု ဆက်လက်လုပ်ဆောင်ပြီး စစ်ရေးပြင် နေသည်ဟု မြေပြင်သတင်းအရင်းအမြစ်မှ သိရသည်။

မေလမှ ယခု ဇွန်လ ဒုတိယအပတ်ထိ စစ်ကောင်စီ၏တောင်ပိုင်းတိုင်း စစ်ဌာနချုပ်(တပခ) အပါအဝင် အခြားတပ်စခန်းများ အခြေစိုက်သည့် တောင်ငူမြို့နှင့် ကရင်ပြည်နယ်ကို ဆက်သွယ်ထားသော တောင်ငူ-သံတောင်-လိပ်သိုလမ်းမကြီး၊ ရေတာရှည်မြို့နယ်အတွင်းပေါက်သော လမ်းပိုင်း တို့မှတဆင့် စစ်ကောင်စီက လိပ်သိုဒေသရှိ ဗဟုန်း၊ ကျောက်လုံးကြီးနှင့် ထုံးဘိုကြီးတပ်စခန်းတို့ကို အင်အားဖြည့်တင်းနေခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့အပတ်လောက်က တောင်ငူကနေ ခြေကျင်နဲ့အရင်တက်လာတဲ့ တစ်ဖွဲ့(စစ်ကောင်စီတပ်ဖွဲ့)က ရှေ့ကနေလမ်းရှင်းတယ်။ လိပ်သိုကိုဖြတ်လာတာ နောက်တော့ ဗဟုန်းအထိရောက်ပြီး ညတွင်းချင်းပဲ တောင်ငူကိုပြန်ဆင်းသွားတယ်။” ဟု ဗဟုန်းစခန်းအင်အားဖြည့်တင်းမှုအခြေအနေအပေါ် လိပ်သိုနယ်ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

တောင်ငူခရိုင်အတွင်း စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့၏အဆိုအရ ရေတာရှည်လမ်းဘက်မှ တက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထုံးဘိုကြီးနှင့်ကျောက်လုံးကြီးစခန်းကို အဓိကအင်အားဖြည့်တင်းနေကြသည်။

ဇွန်လ တတိယအပတ်ထဲ၌ ၎င်းတို့တက်လာသည့်လမ်းကြောင်းပေါ် လက်နက်ကိုင် တော်လှန်ရေးအင်အားစုဘက်က စောင့်ကြိုပစ်ခတ်မှုရှိပြီး နှစ်ဖက်တိုက်ပွဲများလည်း ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဖော်ပြပါ လိပ်သိုနယ်ခံ သတင်းအရင်းအမြစ်က ဆက်လက်၍ “ဗဟုန်းကိုလာတာတော့ စုစုပေါင်း ကားခုနှစ်စီးနဲ့။ တစ်စီးက အဖုံးအုပ်ထားတာ ရိက္ခာလား လက်နက်လား မသေချာဘူး။ ကျန်တဲ့အစီး တွေကတော့ လူချည်းပဲ။ အပြန်ကျတော့ ဘယ်သူမှမပါတော့ဘူး ခါလီပြန်ဆင်းလာတယ်။” ဟု ပြောသည်။

လက်ရှိ သံတောင်-တောင်ငူ-လိပ်သိုကားလမ်းမကြီးကို ကေအဲန်ယူဘက် တပ်မဟာ(၂)ဘက်က ပိတ်ထားဆဲဖြစ်သည်။ ရေတာရှည်နှင့်ထုံးဘိုကြီး(လိပ်သို)လမ်းကိုလည်း စစ်ကောင်စီဘက်ကပိတ်ထားသည့်အပြင် လမ်းနေရာများနှင့်ရွာအတွင်းအပြင်တစ်ဝိုက်တွင် တပ်စွဲထားသည်။

လမ်းတစ်လျှောက် ဝင်လာသည့်စစ်ကောင်စီတပ်စစ်ကြောင်းကလည်း ထုံးဘိုကြီးနှင့်ကျောက်လုံးကြီးစခန်းနားက ရွာများကို လှည့်လည်သွားလာနေ၍ ရွာခံများထွက်ပြေးနေရကြောင်း ဒေသသတင်းအရင်းအမြစ်များမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း အဆိုပါစခန်းမှ စစ်ကောင်စီနှင့် တပ်မဟာ(၂) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလေတပ်က လိပ်သိုတဝိုက် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သေးသည်။