ဇွန် ၂၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်း ၁၅ ရက်ကျော် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကျအဆုံးများနေ သည်ဟု ကေအိုင်စီ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အဆိုပါ လမ်းပိုင်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်များက စိုးမိုးထိန်းချုပ်ထားပြီး စစ်ကောင်စီက ဇွန် ၆ ရက်နေ့မှစ၍ ကျုံဒိုးရှိ ခမရ ၅၄၅-၅၄၆ နှင့် ကော့ကရိတ် စကခ-၁၂ ဘက်မှ အင်အား ၅၀၀ ကျော်ဖြင့် စစ်ကြောင်း ၄ ကြောင်းခွဲကာ စစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။
သို့သော် တော်လှန်ရေးပူးပေါင်းတပ်များက ပိတ်ဆို့၊ ဖြတ်တောက် တိုက်ခိုက်သည့်အတွက် ယနေ့ ဇွန် ၂၀ ရက်ထိ အကျအဆုံးများပြီး စစ်ကြောင်း ရှေ့မတိုးနိုင်သေးသည့် အခြေအနေရှိသည်ဟု စစ်မြေပြင် သတင်းရင်းမြစ်က ယခုလို ပြောသည်။
“ကျုံဒိုးဘက်က အုန်းတစ်ပင်၊ အင်းကြီး၊ တံတားဦး ရွာတွေဘက်က စစ်ကြောင်း ၃ ကြောင်းထိုးတာ။ တက်တာနဲ့ ထိကျတာဘဲ။ ကော့ကရိတ် စကခ-၁၂ ကလည်း ဇွန် ၁၇ နဲ့ ၁၈ ရက်မှာ တင့်ကားနဲ့ ကိုးတိုင်ရွာဘက်ကနေ စစ်ကြောင်း တိုးတယ်၊ တင့်ကားပါ ပြန်ဆုတ်သွားတယ်၊ ဒီရက်ထဲမှာ စကစဘက်က ထိတာ၊ သေတာ ၄၀ ဝန်းကျင် ရှိတယ်၊ တောင်ကလေးဆေးရုံကို ပြန်သယ်တယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် စစ်ကောင်စီ တပ်က ၎င်းတို့ တပ်စွဲထားသည့် နေရာများမှ လက်နက်ကြီး အလုံးရေ ရာနှင့်ချီ ပစ်ခတ် စစ်ကူပေးနေသလို၊ ဒရုန်းဖြင့် ဗုံးကြဲချခြင်းနှင့် စကခ-၁၂ ဌာနချုပ် ဘက်မှ ရော့ကက်မစ်ဇိုင်း ၄ လုံးတွဲ များဖြင့် ပစ်ခတ်တိုက်ခိုက် စစ်ကူးပေးနေသည်ဟု သိရသည်။
“ကိုးတိုင်၊ ခုနှစ်တိုင်ကို စကခ ၁၂ က တင့်ကားနဲ့ပါ ပစ်တိုးတိုးတာပေါ့။ လက်နက်ကြီးကလည်း နေ့ရော ညရော ပစ်ကူတယ်၊ တော်လှန်ရေး အဖွဲ့တွေကလည်း လက်နက်ကြီး ပြန်ပစ်တော့ တိုးလာလိုက်၊ ထိတာ၊ ကျတာ ရှိရင် ပြန်ဆုတ်သွားလိုက် ဖြစ်နေတယ်။ ကျုံဒိုးဘက်ကိုတော့ ဖားအံဘက်ကနေ စစ်ကူထပ်ပို့တာတွေ ရှိနေတယ်”ဟု ရှေ့တန်းသို့ ရိက္ခပို့ဆောင်ပေးနေသူ တစ်ဦးက ပြောသည်။
လက်ရှိ အချိန်အထိ စစ်ကောင်စီက နှစ်ဖက်ညှပ်စစ်ဆင်သည့် အနေအထားဖြင့် ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းကို ပြန်လည်ရရှိရန် အပြင်းအထန် တိုက်ခိုက် နေသည့်အတွက် ကျေးရွာ ၂၀ ခန့် မှ ဒေသခံ ၇,၀၀၀ ကျော်တို့သည် မော်လမြိုင်၊ ကျိုက်မရောနှင့် ဖားအံမြို့တို့ကို လည်းကောင်း သာမည၊ ဂျိုင်းရွာကြီး၊ နဘူး-ထို့ကော်ကိုးကျေးနယ် များ ဘက်သို့လည်းကောင်း စစ်ဘေးရှောင် နေရသည်ဟု သိရသည်။
အဆိုပါ စစ်ရှောင်များအတွက် နေရာထိုင်းခင်းနှင့် အစားအသောက်များ အခက်အခဲ ဖြစ်ပေါ်နေသည်ဟု မြေပြင် စစ်ရှောင်များထံသို့ ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။



















