ဇွန်လ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်၊
နယ်စပ်အရေးတင်းမာမှုနှင့်အတူ ထိုင်းအစိုးရပိုင်း လှုပ်ခတ်နေချိန်အတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေတုံ တန်ရှင်နာ ဝပ်သည် ကမ္ဘောဒီးယားနယ်စပ် ဥဘွန်ရာဇဌာနီရှိ နမ်ယွန်ခရိုင်သို့ ယနေ့တွင် သွားရောက်ပြီး စစ်တပ်၏ တပ်နယ် ၂ ကွပ်ကဲရေးမှူးနှင့် တွေ့ဆုံရန်ရှိသည်ဟု Thai PBS World သတင်းဌာနက ဖော်ပြထားသည်။
လွန်ခဲ့သော မေလ ၂၈ ရက်နေ့မှ စတင်ပြီး ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ဖြစ်ပွားလာသော နယ်စပ် အရေးကိစ္စများကြောင့် နှစ်ဖက်စစ်တပ်များ တင်းမာမှုမြင့်မားနေချိန် ယခုခရီးစဥ်သည် ထိုင်းဝန်ကြီးချုပ်၏ ပထမဆုံးခရီးစဥ်ဖြစ်သည်။
မစ္စပေတုံတန်သည် နယ်စပ်အရေးနှင့်ပတ်သက်၍ ထိုင်းစစ်တပ်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု ပြောဆိုထား သော ဒုတိယဗိုလ်ချုပ်ကြီး ဘွန်ဆင်ပတ်ခလန်နှင့် တွေ့ဆုံရန်ရှိသည်ဟု သတင်းတွင် ဖော်ပြထားသည်။
အိမ်နီးချင်းကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စတာဟွန်ဆန်နှင့် ပြောဆိုမှုသည် ပရိယာယ်မျှသာဟူသော အခြေအနေကို ရှင်းပြရန် မစ္စတာဘွန်ဆင်က ဝန်ကြီးချုပ်အား ဖိတ်ခေါ်ထားပြီး မစ္စပေတုံတန်၏ ပြောဆိုမှုကို ထိုင်းစစ်တပ်ဒေသ ၂ အကြီးအကဲတစ်ဦးအနေဖြင့် အာဃာတမရှိကြောင်း ပြောဆိုထားသည်။
တဖက်တွင် ၁၇ မိနစ်ကြာ အသံဖိုင်ပေါက်ကြားပြီးနောက် ဘန်ကောက်မြို့ အနှံ့တွင်လည်း ထိုင်းဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ် ရာထူးမှ စွန့်ခွာရန် “Yellow Shirt” ရှပ်ဝါအင်္ကျီအဖွဲ့က တောင်းဆိုနေကြသည်။
လတ်တလောဖြစ်ပေါ်နေသော ယင်းလှုပ်ရှားမှုများကို ၂၀၀၀ ပြည့်နှစ်အလွန်က ဝန်ကြီးချုပ်ဟောင်း ရင်လတ်ဖြုတ်ချရေး လှုံ့ဆော်သည့် ခေါင်းဆောင်များက ဦးဆောင်သည်ဟု ထိုင်းသတင်းဌာနများတွင် ရေးသားဖော်ပြနေကြသည်။
ကိုးကား။ ။ Thai PBS World



















