Home သတင်း ထီးခီးနယ်စပ် ပြန်ရရှိရေးအတွက် စစ်ကောင်စီ အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာ

ထီးခီးနယ်စပ် ပြန်ရရှိရေးအတွက် စစ်ကောင်စီ အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာ

830
Photo: CJ

ဇွန် ၂၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ(၄) ထိန်းချုပ်နယ်မြေ ထီးခီးနယ်စပ် ပြန်လည် ရရှိ ရေးအတွက် စစ်ကောင်စီက တပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေပြီး မေတ္တာမြို့ နယ်သို့ ရောက်ရှိနေသည်ဟု တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဖိုးလေးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထီးခီးနယ်စပ်ရှိ မယ့်သမီးခီး စက်မှုဇုန်နေရာပြန်လည် ရရှိရန်အတွက် ကျောက်မဲတောင်ကို ကျော်လာကာ မေတ္တာမြို့မှတစ်ဆင့် ပူးပေါင်းစစ်ကြောင်းထိုးရန် စီစဉ်နေခြင်း ဖြစ်သည်ဟု တပ်မဟာ(၄) တပ်မဟာမှူး၊ ဗိုလ်မှူးချုပ်စောဖိုးလေးက ယခုလို ပြောသည်။

“စစ်ကောင်စီ တပ်က ထီးခီးနယ်စပ် ကိုပြန်ရဖို့ ပြီးတော့ မယ့်သမီးခီး ဆိပ်ကမ်းစီမံကိန်းရှိတယ်၊ အဲဒါ ပြန်ရဖို့ ပူးပေါင်း စစ်ကြောင်းထိုးလာတယ်။ မေတ္တာကနေပြီးတော့ ငါးရံ့နီ မယ့်သမီးခီး အဲ့ဘက်ရောက်မယ်။ အခု သူတို့ မက်မောတာ ဦးတည်တာက ထီးခီးနယ်စပ်ပြန်ရဖို့။ ကုန်သွယ်ရေး အာရှလမ်းကိုလည်း ပြန်ထိန်းချုပ်ဖို့ သူတို့ ကြိုးစားနေတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထီးခီးဒေသရှိ ထီးခီးတပ်စခန်းအပါအဝင် အခိုင်အမာ တည်ရှိထားသည့် ထီးထာဗျူဟာ (မယ့်သမီးခီး) စခန်းကို နယ်မြေခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLAနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က ပြီးခဲ့သည့် မေလတွင် ဝင်ရောက်တိုက်ခိုက်ပြီးနောက် ထိုဒေသရှိ အီးသာခေ(ဗောဓိ)စခန်းနှင့် ငါးရံ့နီ စစ်ကောင်စီ တပ်စခန်း များက စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ထွက်ပြေးသွား ကြသည်။

Photo: CJ

အဆိုပါ ငါးရံ့နီးစခန်း စစ်ကောင်စီတပ်များ ထွက်ပြေးသွားပြီးနောက် ထိုစခန်းကို ဒေသအတွင်းရှိ ကော်လာဖိုး (စောအယ်ခွီး)ဦးဆောင်သည့် KTLA (ကော်သူးလေအာမီ) တပ်များ တက်ရောက်ရှင်းလင်းခဲ့ ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ငါးရံ့နီစခန်းကို ပြန်ရရန် KNLA နှင့် စစ်ကောင်စီတို့က ပူးပေါင်းတိုက်ခိုက်မည်ဆိုပြီး အွန်လိုင်း ပေါ်တွင် မဟုတ်မမှန် သတင်းဖြန့်သူများလည်း ရှိနေကြောင်း သိရသည်။

ထို့ကြောင့် ယခုလို လုပ်ဆောင်သွားရန် မရှိကြောင်း၊ စစ်ကောင်စီ အနေဖြင့်လည်း ငါးရံ့နီစခန်းထက် ထီးခီး နယ်စပ်ကိုသာ လိုလားနေခြင်းဖြစ်ကာ လက်ရှိစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို KTLA အနေဖြင့်လည်း ပါဝင်ပူးပေါင်းတိုက်ခိုက်နိုင်သည်ဟု တပ်မဟာမှူး စောဖိုးလေးက ဖြည့်စွက်ပြောသည်။

ထီးခီးဒေသရှိ မယ့်သမီးခီး အထွေထွေစက်မှုဇုန် စီမံကိန်းတည်ဆောက်ရန်အတွက် ထိုင်း၊ တရုတ် အပါအဝင် နယ်မြေခံ ကရင်အမျိုးသားအစည်းအရုံး- KNUနှင့် ယခင်အစိုးရ လက်ထက်က တိုင်းအစိုးရတာဝန်ရှိသူများက စီစဉ်နေမှုများ ရှိခဲ့ဖူးသည်။

ထိုစက်မှုဇုန်စီမံကိန်းအတွက် တနင်္သာရီမြစ် ပေါ်တွင် ရေအားလျှပ်စစ်ထုတ်လုပ်မည့် စီမံကိန်း၊ အသေးစား ဆိပ်ကမ်း တည်ဆောက်မည့်စီမံကိန်း များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။