လော့စ်အိန်ဂျလိစ်မြို့က ဖြစ်ပျက်နေတာတွေကို ဒီလိုမြင်တယ်
မောင်ကျော်စွာ
(၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်)
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့က ဖြစ်ပျက်နေတာတွေကို မြင်ရ တော့ တချိန်က ၁၉၈၈ခုနှစ် အရေးအခင်းကြီးနဲ့ ပူပူနွေးနွေးပဲရှိသေးတယ်လို့ ဆိုရမယ့် ရွှေဝါရောင်သံဃာ အရေးအခင်း၊ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက် (စကစ)စစ်အုပ်စုက အာဏာသိမ်းပြီးနောက် နိုင်ငံနဲ့အဝန်းမှာ ပေါ်ပေါက်လာတဲ့ ဆန္ဒ ပြပွဲတွေကို အမှတ်ရမိပါတယ်။ အဲဒီဖြစ်ရပ်တွေထဲကနေ အင်မတန် ထင်ရှားတဲ့ အချက် (၃)ချက်ကို သတိပြုမိပါတယ်။
ပထမအချက် ဘယ်တိုင်းပြည်မှာမဆို ပြည်သူတွေဟာ သူတို့လိုလားချက်တွေကို တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ကို ငြိမ်းချမ်းစွာ စည်းကမ်းရှိစွာ ဆင်နွှဲခဲ့ကြတာပါ။
ဒုတိယအချက်က စစ်အုပ်စု နိုင်ငံရေးစင်မြင့်ပေါ် တက်လာတဲ့ကာလကနေ ဒီနေ့မျက်မှောက်ကာလထိ အနေ အထားကိုပဲ ကွက်ပြီးပြောရရင် “၇ ရက် ဇူလိုင်အရေးအခင်း” က စလို့ “၂၀၂၁ ခုနှစ် တစ်ပြည်လုံးနီးပါး ပါဝင်ခဲ့ကြတဲ့ (၁-၂-၂၀၂၁)ဆန္ဒပြပွဲတွေအထိ ပေါ်ပေါက်လာသမျှ ဆန္ဒပြပွဲတွေကို နံပတ်တုတ်၊ မျက်ရည်ယိုဗုံး၊ သေနတ်ကျည်ဆန် တွေနဲ့ပဲ အကြမ်းဖက် ဖြေရှင်းခဲ့ကြတာချည်း ဖြစ်ပါတယ်။
တတိယအချက်ကတော့ ပေါ်ပေါက်ခဲ့သမျှ ကျောင်းသား၊ သံဃာ၊ ပြည်သူတွေပါဝင်တဲ့ အုံကြွမှုတွေ၊ ဆန္ဒပြမှု တွေကို ပြည်တွင်းလက်နက်ကိုင်အင်အားစုတွေက၊ ပြည်ပက မြှောက်ပင့်သွေးထိုးလို့ ပေါ်ပေါက်လာရတဲ့ “မင်းမဲ့စရိုက် ဆူပူသောင်းကျန်းမှုတွေ”လို့ သရုပ်ဖျက် စွပ်စွဲတဲ့အချက်ပါပဲ။
အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရန့်က တရားမဝင် ပြောင်းရွှေ့နေထိုင်သူများနှင့် ပြစ်မှုကျူးလွန်သူများ သည် လော့စ်အိန်ဂျလိစ်မြို့ကို “ကျူးကျော်သိမ်းပိုက်”ထားကြောင်း၊ ဆူပူသောင်းကျန်းသူများသည် အစိုးရရဲ့ နေရပ်ပြန် ပို့ရေးကြိုးပမ်းမှုများကို ဟန့်တားရန်အတွက် စုဝေးပြီး ဖက်ဒရယ်အေးဂျင့်များကို တိုက်ခိုက်ခဲ့ကြကြောင်း ဇွန်လ ၈ရက် နေ့က သူ့ရဲ့ လူမှုကွန်ရက်မီဒီယာတွင် ဖော်ပြထားပါတယ်။
လက်ရှိမှာ ဖြစ်ပွားနေတဲ့ လော့စ်အိန်ဂျလိစ်မြို့က ဆန္ဒပြပွဲတွေမှာလည်း အထက်ပါအချက် (၃)ချက်ကို တွေ့မြင်ရပါတယ်။ လော့စ်အိန်ဂျလိစ်မြို့က အုံကြွမှုတွေဟာ ဒေါ်နယ်ထရန့်အုပ်ချုပ်ရေးက အရှိန်မြင့်လုပ်ဆောင်လာ တဲ့ ICE (Immigration and Customs Enforcement) အေဂျင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စီးနင်းရှာဖွေမှုတွေပဲ ဖြစ်ပါတယ်။ ဒါဟာ အဓိကကျတဲ့ လောလောဆယ် အကြောင်းအချက်ပဲ ဖြစ်ပါတယ်။ ဒေါ်နယ်ထရန့် အုပ်ချုပ်ရေးက စေလွှတ်လိုက်တဲ့ National Guard Force ဆိုတဲ့ ပြည်စောင့်တပ်ဖွဲ့တွေ လော့စ်အိန်ဂျလိစ်မြို့ထဲ ဝင်ရောက်လာမှုက လက်ရှိပြဿနာရဲ့ အခြေအနေနဲ့ အရှိန်အဟုန်ကို ပိုပြီး ဆူပွက်မြင့်တက်သွားစေတယ်လို့ မြင်ပါတယ်။
ဒါရဲ့အကျိုးဆက်ကတော့ မီးလောင်နေတဲ့ကားတွေ၊ အဆက်မပြတ် ပစ်ခတ်လိုက်တဲ့ မျက်ရည်ယိုဗုံးက ထွက် လာနေတဲ့ အဖြူရောင် မီးခိုးငွေ့တွေ၊ ဆန္ဒပြသူတွေရဲ့ ကြွေးကြော်သံတွေ၊ အော်ဟစ်ဆဲဆိုသံတွေ၊ တွေ့ကရာပစ္စည်း တွေနဲ့ ပစ်ပေါက်နေတာတွေ၊ ထရန့်စေလွှတ်လိုက်တဲ့ လုံခြုံရေးအဖွဲ့များနဲ့ အပြန်အလှန် ထိုးကြိတ်နေကြတာတွေဟာ လော့စ်အိန်ဂျလိစ်မြို့ရဲ့ လတ်တလော မြင်ကွင်းပါပဲ။
သမ္မတဒေါ်နယ်ထရန့် ဒီတစ်ကြိမ်သက်တမ်းဟာ အမေရိကန်ပြည်တွင်းမှာရော ပြည်ပမှာပါ ပဋိပက္ခတွေ၊ ပြဿနာတွေ တသီတတန်းကြီးနဲ့ စတင်ခဲ့တာပါ။ အခုထိလည်း မရပ်နိုင် မစဲနိုင်ဘဲ တစ်မျိုးပြီးတစ်မျိုး ဆက်တိုက် ဖြစ် ပွားနေပါတယ်။ နောက်ဆုံးသူနဲ့ အနီးကပ်လက်တွဲခဲ့ကြတဲ့ သူကြွယ်ကြီးအီလွန်မတ်နဲ့ ခွာပြဲကြ၊ စကားများကြ အပြန်အ လှန် စွပ်စွဲ တိုက်ခိုက်ကြတဲ့အထိပဲ မဟုတ်ပါလား။
ဒေါ်နယ်ထရန့်အရင်က သမ္မတတာဝန်ယူခဲ့ကြဖူးတဲ့ ဘယ်သမ္မတလက်ထက်မှာမှ ဒေါ်နယ်ထရန့် လက်ရှိအုပ် ချုပ်နေတဲ့ကာလလို ပြည်တွင်းပြည်ပ ကသောင်းကနင်းဖြစ်မှုတွေ မရှိခဲ့ဖူးဘူးလို့ ထင်ပါတယ်။
ဓနဥစ္စာအရ၊ နည်းပညာအရ၊ စီမံခန့်ခွဲမှုအရ ဘယ်ရှုထောင့်ကကြည့်ကြည့် အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့နိုင်ငံများအားလုံးထက် နှိုင်းယှဉ်မှုအရ သာလွန်မှုရှိတာကို အသိအမှတ်ပြုကြရမှာပါ။
ကမ္ဘာ့အင်အားလွန် နိုင်ငံကြီးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုဟာ “ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးမှာ အခွန် အကောက်တွေကို သူ့အလိုအတိုင်း တစ်ဖက်သတ်သတ်မှတ်မယ်၊ နဂိုမူလသမိုင်းကြောင်း အထင်အရှားရှိပြီး၊ မူရင်းပိုင် ရှင်ရှိထားပြီးဖြစ်တဲ့ ပထဝီဒေသတွေကို သူထင်သလို ခွဲစိတ်ယူမယ်၊ သူ့စိတ်ကြိုက်နယ်ပယ် သတ်မှတ်မယ်၊ နာမည်ပေး မယ်”ဆိုတာတွေဟာ နှစ်ပေါင်းများစွာ ဖိနှိပ်ဗိုလ်ကျအနိုင်ကျင့်နေတဲ့ စစ်အုပ်စုအုပ်စိုးသူအဆက်ဆက်ကို တော်လှန် ဆန့်ကျင်နေကြတဲ့၊ တန်းတူရေးနဲ့ ဒီမိုကရေစီရေးကို အာသာငမ်းငမ်း တောင်းဆိုနေကြတဲ့ ကျနော်တို့ရဲ့ နိုင်ငံရေးလက် တွေ့ဖြတ်သန်းမှုနဲ့ကြည့်ရင် ဘယ်လိုမှ လက်သင့်ခံနိုင်စရာ အကြောင်း မရှိပါဘူး။
ဒေါ်နယ်ထရန့်အုပ်ချုပ်ရေးက ဖန်တီးလိုက်တဲ့ ဒီအကြောင်းအချက်တွေက အခုတော့ ကမ္ဘာနဲ့အဝန်းမှာသာမ က အမေရိကန်ပြည်တွင်းမှာပါ လှုပ်ခတ်မှုတွေ တသီးတတန်းကြီး ဖြစ်ပေါ်လာစေပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေဟာ ၂၁ရာစုခေတ်ကာလမှာ ၁၈ ရာစု – ၁၉ ရာစုကလို ကျူးကျော်နယ်ချဲ့တာမျိုး သို့တည်းမဟုတ် ၂၀ ရာစုထဲမှာ ကာလရှည်ဖြစ်ပေါ်ခဲ့တဲ့ စစ်အေးကာလလို အမူအကျင့်မျိုးတွေနဲ့ သဘောထားဆက်ဆံ တာမျိုး၊ ပြုမူလုပ်ဆောင်တာမျိုးဟာ မသင့်တော်ပါဘူး။ ၂၁ရာစုကမ္ဘာကြီးရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘုံပြဿနာတွေကို တန်းတူရည်တူ ဆွေးနွေးညှိနှိုင်းဖြေရှင်းဖို့ပဲ ရှေ့ဆောင်လမ်းပြသင့်တာပါ။
နိုင်ငံရေး၊ စစ်ရေး၊ ကုန်သွယ်ရေး၊ နည်းပညာ စသဖြင့် ကျူးကျော်မှုတွေ၊ ဗိုလ်ကျမှုတွေ၊ စွက်ဖက်မှုတွေ၊ လွှမ်းမိုးခြယ်လှယ်မှုတွေကို ကမ္ဘာ့ဘယ်နိုင်ငံကြီးတွေကပဲ လှုံ့ဆော်ဖန်တီးပါစေ စစ်ပွဲတွေနဲ့အခြားသော မရေရာတဲ့၊ မတည်ငြိမ်တဲ့ ဘေးဒုက္ခပေါင်းစုံနဲ့ ပြဿနာမျိုးစုံကို ဘယ်တိုင်းပြည်မှ မကင်းနိုင်မလွတ်နိုင်ဘဲ ကမ္ဘာကြီးရဲ့ နေရာအနှံ့ အပြားကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ရုရှ – ယူကရိန်းပြဿနာကိုပဲကြည့်မလား။ အစ္စရေး – ပါလက်စတိုင်း ပြဿနာ ကိုပဲ ကြည့်မလား။ လက်နက်သဖွယ်ကျင့်သုံးနေတဲ့ သမ္မတဒေါ်နယ်ထရန့်ရဲ့ တစ်ဖက်သတ် အခွန်စည်းကြပ်မှု ပေါ်လစီ ရဲ့ သက်ရောက်မှုတွေကိုပဲ ကြည့်မလား။ အိန္ဒိယ – ပါကစ္စတန်ပြဿနာကိုပဲ ကြည့်မလား။ ထိုင်း – ကမ္ဘောဒီးယားနယ် စပ်ပြဿနာကိုပဲ ကြည့်မလား။
အခြားသော ငလျင် – တောမီး စတဲ့ သဘာဝဘေးအန္တရာယ်တွေ၊ ရောဂါကပ်ဘေးတွေကို ကြည့်မယ်ဆိုရင် ဒီပြဿနာတွေဟာ တစ်ကမ္ဘာလုံးကို အတိုင်းအတာအမျိုးမျိုးနဲ့ သက်ရောက်နိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေဆို တာ ထင်ရှားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ (၄၅)ယောက်မြောက် သမ္မတ၊ (၄၇)ယောက်မြောက် သမ္မတအဖြစ် မစ္စတာဒေါ် နယ်ထရန့်ကို အမေရိကန်ပြည်သူတွေကပဲ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ရွေးကောက်တင်မြှောက်ခဲ့ကြ တာပါ။ အမေရိကန်ဒီမိုကရေစီက တိုက်ရိုက်ဖန်တီးပေးလိုက်တဲ့ ဒီကနေ့ရလဒ်ဟာ အမေရိကန်အခွန်ထမ်း ပြည်သူ တွေအတွက်တော့ ခါးသက်တဲ့အရသာကို လက်တွေ့ခံစားလာနေကြရပါပြီ။
သမ္မတဒေါ်နယ်ထရန့်ရဲ့ လက်ရှိလုပ်ရပ်တွေက ဘယ်လိုအချက်ကို တောင်းဆိုဖော်ပြနေသလဲဆိုတော့ ထင်ရာ စိုင်းချင်တဲ့သမ္မတမျိုး ရွေးချယ်မိခဲ့ကြပြီဆိုရင် အဲဒီလို ရွေးချယ်လိုက်တဲ့သမ္မတကို ကျကျနနနဲ့ ထိထိမိမိ ပြန်လည် တည့်မတ်ထိန်းကျောင်းနိုင်မယ့် ဥပဒေနဲ့ အစီအမံတွေ အမေရိကန်ဒီမိုကရေစီယန္တရားမှာ လိုအပ်နေပြီဆိုတဲ့အချက် ပါပဲ။ “ဒီမိုကရေစီ”ဆိုတာ ပြည်သူတွေက ရွေးချယ်ရုံသာရွေးချယ် ပေးလိုက်ကြရပြီး ရွေးချယ်လိုက်တဲ့ “သမ္မတ”က ကုပ်ခွစီးပြီး ထင်ရာလုပ်တာကို ပြည်သူတွေက နင့်ထိုက်နဲ့နင့်ကံ နင့်ဘာသာနင် လည်စင်းခံရမယ့် ဒီမိုကရေစီမျိုးတော့ ဘယ်လိုမှ မဖြစ်သင့် မဖြစ်ထိုက်ပါဘူး။