ရေကြီးရေလျှံမှုကြောင့် မြဝတီအာရှကားလမ်းမနဲ့ ဒလတံတားများ ပျက်စီးနေတယ်ဆိုတဲ့ သတင်းအမှား
ဇွန်လ ၅ ရက်၊ ၂၀၂၅ ခုနှစ်။
Fact Check၊ Dawei Watch/ KIC/ The Red Flag/ MFCN
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဖောက်လုပ်ထားတဲ့ အာရှကားလမ်းမကြီးပေါ် ဇွန်လ ၁ရက် ညနေပိုင်းက တောင်ပြိုကျပြီး ကားလမ်းမကြီးပြိုကျလို့ကားတွေ ပျက်စီးကုန်တယ်လို့ ရုပ်သံတွေနဲ့အတူ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေပါတယ်။
လူမှုကွန်ရက်ပလပ်ဖောင်းတွေဖြစ်တဲ့ ဖေ့ဘွတ်ခ်၊ တစ်တော့၊ အင်စတာဂရမ်၊ တယ်လီဂရမ်၊ ယူကျု့ စာမျက်နှာတွေမှာ သာမက ဝက်ဆိုက်ဒ်တချို့ပေါ်မှာပါ “ကရင်ပြည်နယ် မြဝတီလမ်း တောင်ပြိုကျ ကားလမ်းပျက်စီး ကားတွေအများကြီး ပျက်စီး” ဆိုပြီး ရေးသားမှုတွေနဲ့ ဖြန့်ချိနေကြတာပါ။
Pop News အမည်ရ Followers သုံးသောင်းခန့်ရှိ ဖေ့ဘွတ်ခ်ပေ့ချ်က ဇွန်လ ၁ရက်မှာ အဲဒီဗွီဒီယိုကိုဖော်ပြခဲ့ပြီး ကြည့်ရှုသူ ခြောက်သောင်းကျော်ရှိကာ Reaction ပြုလုပ်သူ ၃၀၀ နီးပါး၊ ထပ်ဆင့်မျှဝေသူ ၁၅၀ ဝန်းကျင်နဲ့ ဆက်လက်ပျံ့နှံ့နေပါတယ်။ အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။
Pop News လင့်ခ် – https://archive.ph/vO5er
Followers ၁၀ သိန်းကျော်ရှိသည့် Chantharchannel777 တစ်တော့ချန်နယ်ကလည်း ဇွန်လ ၂ရက်မှာ အဲဒိရုပ်ပုံတွေနဲ့ပဲ “မြဝတီကိုဆက်သွယ်ထားသည့် အာရှလမ်းမကြီးပေါ်မှာ မြေပြိုကျလို့ လမ်းသွားလမ်းလာ ကားအများစု တောင်အောက် ပြုတ်ကျ၊ ချောင်းရေထဲမျောပါ” ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။
Chantharchannel777 လင့်ခ် – https://archive.ph/DeqDP
Followers ငါးထောင်ကျော်ရှိတဲ့ Lay Lay ဖေ့ဘွတ်ခ်အကောင့်၊ mebhrnnii3 အမည်ရ အင်စတာဂရမ်အကောင့်၊ Global Reporter ဆိုတဲ့ ဝက်ဆိုက်ဘ်စာမျက်နှာ၊ Tg Cin Suum laibusaal official ဆိုတဲ့ ယူကျု့ချန်နယ်နဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် အဖိုးလေး၊ U Nay Win အစရှိတဲ့ချန်နယ်တွေကလည်း အဆိုပါရုပ်ပုံ၊ ရေးသားမှုတွေနဲ့ သတင်းဖြန့်ဝေနေကြပါတယ်။
အလားတူ ရန်ကုန်တိုင်း ဒလတံတားလည်း ဇွန်လ ၃ ရက် ညနေပိုင်းက ၃ ထပ် သင်္ဘောကြီးဖြတ်သွားရင်း အရှိန်မထိန်းနိုင်လို့ ကျိုးသွားတယ်ဆိုပြီး ဖေ့စဘွတ်ခ်နဲ့ တယ်လီဂရမ်တွေမှာ ဖြန့်ချိနေပါတယ်။
Follower ငါးသောင်းခန့်ရှိတဲ့ မောင်စိုးဝင်း ဖေ့စ်ဘွတ်ခ်အကောင့်က အဲဒီအကြောင်းအရာကို ဖြန့်ချိထားတာကို Reaction ပြုလုပ်သူ ငါးထောင်နီးပါး ၊ မှတ်ချက်ပြုသူ ခုနစ်ရာ့ငါးခုနစ်ရာ့ငါးဆယ်ကျော်နဲ့ ပြန်မျှဝေသူ ငါးထောင်ကျော်ရှိကာ ဆက်ပျံ့နှံ့နေတာ အောက်ပါ လင့်ခ်မှာကြည့်နိုင်ပါတယ်။
မောင်စိုးဝင်း ရဲ့ ဖော်ပြချက်လင့်ခ် – https://archive.ph/WKiwt
စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ snow queen ချန်နယ်ကလည်း ဒလတံတား ကျိုးတယ်လို့ သတင်းတွေ တက်လာတယ်ဆိုပြီး ဇွန်လ ၃ ရက်က ဖော်ပြခဲ့ပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
snow queen ချန်နယ်လင့်ခ် – https://archive.ph/vbxOB
အထက်ဖော်ပြပါ အကြောင်းအရာနှစ်ခုကို Myanmar Fact-Checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ KIC နဲ့ Dawei Watch သတင်းဌာနတို့က စိစစ်ကြည့်ရာမှာတော့ ဉာဏ်ရည်တု AI နဲ့ ဖန်တီးမှုနဲ့ ရုပ်သံအဟောင်းတွေကို အသုံးပြုထားတဲ့ ရုပ်သံမှတ်တမ်းတွေ ဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။
◼︎မြဝတီ အာရှလမ်း ပျက်စီးတယ်ဆိုတဲ့ ရုပ်သံမှတ်တမ်းတွေကို စိစစ်ချက်
“ကရင်ပြည်နယ် မြဝတီလမ်း တောင်ပြိုကျ ကားလမ်းပျက်စီး ကားတွေအများကြီးပျက်စီး” လို့ ရေးသားပြီး လမ်းပိုင်းတစ်နေရာ မြေသားပဲ့ကျကာအောက်ဘက်ကို ကားတွေပြုတ်ကျနေတဲ့ ဓာတ်ပုံ၊ ရုပ်သံတွေ ပျံ့နှံ့နေတာပါ။ အဲဒီ ဓာတ်ပုံ၊ ရုပ်သံကို Reverse Image Search နဲ့ စစ်ဆေးကြည့်ရာမှာတော့ AI နဲ့ ဖန်တီးထားတဲ့ ဗွီဒီယို၊ ရုပ်သံဖြစ်တာကို တွေ့ရပါတယ် ။
အဆိုပါ ဗွီဒီယိုကို ပြီးခဲ့တဲ့ မေလ ၂၇ ရက်က AI ဗွီဒီယိုတွေ ဖန်တီးဖော်ပြနေတဲ့ Pavaros အမည်ရှိ တစ်တော့ အသုံးပြုသူက သူရဲ့ ကိုယ်ပိုင်အကောင့်မှာ ပေါ်တူဂီစာသားနဲ့ “မြို့ထဲကိုသွားတဲ့လမ်းမကြီးပေါ်မှာ ရေလွှမ်းမိုးမှုကြောင့် ကားတွေဝါးမြိုခံရပြီ” လို အဓိပ္ပါယ်ရတဲ့ စာသားနဲ့ စတင်ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ အဲဒီလို့ ဖြန့်ဝေထားတဲ့ မူရင်း ဗွီဒီယိုကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
လင့်ခ်- https://archive.ph/2DGL3
ဒါ့အပြင် သတင်းတု၊ သတင်းမှား စိစစ်ဖော်ပြတဲ့ Fact Crescento အဖွဲ့ကလည်း အဆိုပါရေးသားဖော်ပြမှုနှင့်ပတ်သက်ပြီး သတင်းအမှားဖြစ်တယ်လို့ဇွန်လ ၃ ရက်က စစ်ဆေးအတည်ပြုထားသည်ကို တွေ့ရပါတယ်။ အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။
Fact Crescento link လင့်ခ် – https://myanmar.factcrescendo.com/fact-check-video-of…/
ကရင်ပြည်နယ်အခြေစိုက် သတင်းရေးသားဖော်ပြနေကြတဲ့ ဒေသအခြေစိုက် မီဒီယာတွေနဲ့ ပြည်တွင်းသတင်း မီဒီယာတွေမှာလည်း မြဝတီအာရှလမ်းမကြီး မြေပြိုကျမှုနဲ့ ပတ်သက်ပြီး သတင်းဖော်ပြထားတာမျိုး မရှိပါဘူး။
ဖားအံ-ကော့ကရိတ်-မြဝတီ ထိပေါက်ရောက်တဲ့ အာရှလမ်းမကြီးမှာ စစ်ရေးပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက အရပ်သားကား အသွားအလာများ လုံးဝရပ်တန့်နေတာ လက်ရှိအချိန်ထိ ဖြစ်တယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။
ဒါ့ကြောင့် မော်တော်ယာဥ်၊ ကုန်တင်ယာဥ်တွေ ချောက်ကမ်းပါးလမ်းလို့ခေါ်တဲ့ လမ်းဟောင်းကို အသုံးပြုနေရပြီး မိုးဦးကျချိန် ဇွန်လအတွင်း သွားလာလို့ ရသေးတယ်လို့ ကားသမားတွေက ဆိုပါတယ်။
ဖားအံ-မြဝတီ ကုန်တင်ယာဥ်မောင်းနှင်သူတစ်ဦးက “အာရှလမ်းမကြီးက မဖွင့်ပါဘူး။ သွားလို့လည်း မရဘူး။ အခုကားတွေက လမ်းဟောင်းကပဲ သွားကြတာ။ မိုးစကျကာစပဲရှိသေးတော့ လမ်းဟောင်းက သွားလို့အဆင်ပြေနေတယ်။ ၇ လပိုင်း ၈ လပိုင်းလောက်ဆို မိုးများပြီးသွားလို့ မကောင်းတော့ဘူး” လို့ ဇွန်လ ၄ ရက်မှာ ပြောပါတယ်။
အထက်ပါ စိစစ်ချက်တွေအရ မြဝတီအာရှလမ်းမကြီး ပြန်ဖွင့်နိုင်ခြင်း မရှိသေးသလို တခြားလမ်းတွေမှာလည်း ပြီးခဲ့တဲ့ ရက်တွေက ရေကြီးပြီး မြေပြိုကျတာ မရှိခဲ့တာကို တွေ့ရပါတယ်။
ဓာတ်ပုံနဲ့ ရုပ်သံ ဖော်ပြချက်ဟာလည်း တစ်တော့မှာ AI ဗွီဒီယိုတွေဖန်တီးသူတစ်ဦးက ဖန်တီးထားတာဖြစ်တဲ့အတွက် အခုဖြစ်ရပ်ဟာ သတင်းဖော်ပြချက် အမှားများပဲဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။
◼︎ဒလတံတားကျိုးတယ်ဆိုတဲ့ ရုပ်သံအပေါ်စိစစ်ချက်
သုံးထပ်သင်္ဘောကြီးဝင်တိုက်လို့ ဒလတံတားပြိုသွားပြီလို့ စာသားနဲ့အတူ ဖော်ပြထားတဲ့ ရုပ်သံကို google reverse images မှာ သွားရောက်စစ်ဆေးကြည့်ရာမှာတော့ ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၂၄ ဇူလိုင်လက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်က ရုပ်သံကို ကူးယူဖော်ပြထားတာ တွေ့ရပါတယ်။
အဲဒီသတင်းကို အမေရိကန်နိုင်ငံ၊ နယူးယောက် အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ ABC News (American Broadcasting Company) က သတင်းဖော်ပြဖူးတာရှိပါတယ်။ အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
ABC news သတင်းလင့်ခ် – https://www.facebook.com/share/v/1DW62qqQbu/
အဲဒီသတင်းမှာ ဖော်ပြထားတာက မာရီကီနာမြစ်ထဲမှာ တိုင်ဖွန်းမုန်တိုင်း အရှိန်နဲ့ မြစ်ရေမြင့်တက်ပြီး ရေစီးသန်တာကြောင့် ဝမ်းပြားရေယာဉ်တွေ၊ ဖောင်တွေနဲ့ လှေတွေ တစ်ခုနဲ့တစ်ခု ဝင်တိုက်မိပြီး တံတားကိုပါ ဝင်တိုက်မိကြတဲ့ မနီလာမြို့တော်က မယုံနိုင်မြင်ကွင်း တစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် one news myanmar ဆိုတဲ့ သတင်းဌာနကလည်း ဒလတံတားနဲ့ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ တံတားဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်ကို မေးမြန်းပြီး သတင်းဖော်ပြထားရာမှာလည်း ဒလတံတားကျိုးတာ မရှိသလို၊ ကျိုးတယ်လို့ သတင်းလွှင့်သူတွေကိုလည်း အရေးယူဖို့ စုံစမ်းနေတယ်လို့ ဖြေကြားထားတာ တွေ့ရပါတယ်။ အဲဒီဖြေကြားချက် ပါဝင်တဲ့ One news Myanmar ရဲ့ သတင်းကို အောက်ဖော်ပြပါလင့်ခ်မှာကြည့်နိုင်ပါတယ်။
သတင်း လင့်ခ် – https://www.facebook.com/share/p/19hcQaYqUk/
အထက်ပါစိစစ်ချက်အရ ရုပ်သံအဟောင်းကို အသုံးပြုပြီး ဒလတံတား ကျိုးတယ်လို့ သတင်းအမှား ဖြန့်ချိတာဖြစ်တယ်လို့ တွေ့ရှိရပါတယ်။
◼︎သုံးသပ်ချက်
ယခုအချိန်အခါဟာ မိုးဦးကျကာလဖြစ်ပြီး ရေကြီးရေလျှံမှုတွေ ဖြစ်လေ့ရှိတဲ့အချိန်မှာ ရေကြီးရေလျှံတယ်၊ လမ်းတံတား ပျက်စီးတယ်ဆိုပြီး AI ဗွီဒီယိုတွေ၊ ရုပ်သံ အဟောင်းတွေကို သုံးပြီး သတင်းအမှားဖြန့်ချိနေအဖြစ် စိစစ်တွေ့ရှိရပါတယ် ။
မေလ တတိယအပတ်ကနေ အခုဇွန်လအထိ တိုင်းနဲ့ ပြည်နယ် အများအပြားမှာ မိုးရွာသွန်းမှုများပြားလျက်ရှိတယ်လို့ စစ်ကောင်စီ မိုးဇလရဲ့ ထုတ်ပြန်ချက်အသိပေးထားပါတယ်။ ရာသီဥတုအခြေအနေအပေါ် အသုံးချပြီး သတင်းအမှားတွေ ဖန်တီးဖြန့်ချိတာတွေ ရှိလာနိုင်တာကြောင့် စာဖတ်ပရိသတ်တွေအနေနဲ့ အလွယ်တကူ မယုံကြည်ကြဖို့၊ ခိုင်မာတဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေကို စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ အကြံပြုလိုပါတယ်။
◼︎အချက်အလက်စိစစ်ဖို့ တောင်းဆိုနိုင်ပါတယ်
စာဖတ်သူတွေအနေနဲ့ ငလျင်ဘေး၊ မိုးလေဝသအခြေအနေ အပါအဝင် သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web-https://myanmarfactcheckingnetwork.org/
Fb-https://www.facebook.com/myanmarfactcheckingnetwork