မေ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
နယ်ခြားစောင့်တပ်-BGF က မေလ ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်တာအတွင်း မြဝတီမြို့နယ်ရှိ ကျားဖြန့် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းသို့ ရောက်ရှိနေသော နိုင်ငံခြားသား ၄၂၅ ဦးအား ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ်(၂)တံတားမှတဆင့် ထိုင်းအာဏာပိုင်များထံသို့ ထပ်မံ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။
မြဝတီမြို့နယ်ရှိ ကျားဖြန့်လုပ်ငန်းမှ ဗီယက်နမ်နိုင်ငံသား (၂၁၁)ဦး၊ ပါကစ္စတန်နိုင်ငံသား (၃၅)ဦး၊ တောင်အာဖရိကနိုင်ငံသား (၁)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် အီသီယိုးပီယားနိုင်ငံသား (၁၇၈) ဦး စုစုပေါင်း (၄၂၅) ဦးအား ထိုင်းအစိုးရတာဝန်ရှိသူတို့မှတဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ထိုနှစ်ရက်အတွင်း လွှဲပြောင်းပေးခြင်းဖြစ်သည်ဟု BGF သတင်းအရင်းအမြစ်က ပြောသည်။

BGF အနေဖြင့် ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်း လုပ်ကိုင်နေသည့် တရားမဝင်လောင်း ကစားလုပ်ငန်းများနှင့် မပတ်သက်ကြောင်း အကြိမ်ကြိမ်ငြင်းဆို၍ နိုင်ငံခြားသားပြန်ပို့ခြင်းကို ဆက်တိုက်လုပ်ဆောင်နေသည်။ သို့သော်လည်း အိမ်နီးချင်း ထိုင်းနှင့်တရုတ်တို့၏ ဖိအားမှ မလွတ်မြောက်သေးသလို ပြီးခဲ့သည့် မေလ ၅ ရက်နေ့ကလည်း အမေရိကန်နိုင်ငံထံမှ ပိတ်ဆို့အရေးယူမှု ခံနေရသည်။
ကျားဖြန့်နှင့်လူမှောင်ခိုလုပ်ငန်းများ နှိမ်နင်းရေး စတင်ပြီး ၄ လနီးပါးကာလအတွင်း BGF က နိုင်ငံခြား သား ၈ ထောင်ကျော်ကို လက်ဝယ်ရရှိထားသည်ဟု ဆိုသည်။ ထိုအထဲမှ ၇ ထောင်ကျော်ကို လွှဲပြောင်းပေးအပြီး နောက်ထပ်ပို့ရန် နိုင်ငံခြားသား ၁ ထောင်ကျော်သာ ကျန်ရှိတော့ကြောင်း ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။



















