Home သတင်း ဒေါနတောင် အောက်ဘိုတဲ လမ်းပိုင်းရှိ ထမင်းဆိုင်တန်း ဗုံးကြဲခံရ အရပ်သား ၃ ဦးသေဆုံး

ဒေါနတောင် အောက်ဘိုတဲ လမ်းပိုင်းရှိ ထမင်းဆိုင်တန်း ဗုံးကြဲခံရ အရပ်သား ၃ ဦးသေဆုံး

1165
Photo: CJ

မေ ၁၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ကျော်လမ်းဟောင်း အောက်ဘိုတဲနေရာရှိ ထမင်းဆိုင်နှင့် ဈေးဆိုင်တန်းကို စစ်ကောင်စီက ယနေ့ မေ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီ ကျော်ချိန်တွင် ဂျက်တိုက်လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရရှိသွားသည်ဟု ကနဦးသိရသည်။

ယခုလို ဗုံးကြဲခံရ၍ အရပ်သား ၂ ဦး ကနဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သည့် နောက်တစ်ဦး ထပ်မံသေဆုံး ခြင်း ဖြစ်သည်ဟု နယ်မြေခံ ကေအိုင်စီ သတင်းရင်းမြစ်က ယခုလို ပြောသည်။

“နေ့လယ် ၁၂ နာရီ ၈ မိနစ် အချိန် ဂျက် လေယာဉ် တစ်စီးနဲ့ ဒေါနတောင်ကျော် လမ်းဟောင်း၊ အောက်ဘိုတဲ ဈေးတန်းကို ဗုံးကြဲသွားတာ၊ ကနဦး ၂ ယောက်သေတယ်။ အခု ဒဏ်ရာပြင်းတဲ့ နောက်တစ်ယောက်ထပ် သေ တယ်။ တခြား ဒဏ်ရာရသူ ၅ ယောက်ရှိတယ်။ ကိုယ်ဝန်သည် တစ်ယောက်လည်း ပါတယ်။ KNU ဆေးတပ်ဖွဲ့ ဆီ ပို့ထားပြီး” ဟု ၎င်းက ပြောသည်။

လတ်တလောတွင် ကော့ကရိတ်အနီးဝန်းကျင်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ မဟာမိတ် တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြာင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် ဒရုန်းဗုံးကြဲချမှုများ ဆက်တိုက် ပြုလုပ်နေသည်ဟု သိရသည်။

“တိုက်ပွဲက နေရာစုံဖြစ်နေတယ်။ ရန်ကုတ်၊ လှိုင်ဝ၊ တတန်ကူးနဲ့ အာရှလမ်းပေါ့။ လက်နက်ကြီးပစ်လိုက်၊ လေယာဉ် Y12 လာကြဲလိုက်၊ ဂျက်ဖိုက်တာ လာကြဲလိုက်၊ ဒရုန်းလာကြဲလိုက်ပါဘဲ။ မြေပြင်စစ်ကြာင်း တော့မလာ ဘူး” ဟု ကော့ကရိတ်စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောပါသည်။

ကော့ကရိတ်-မြဝတီ အာရှလမ်းသစ်ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး စစ်ကောင်စီဘက်က ပြန်စိုးမိုး ရေး အောင်ဇေယျစစ်ဆင်ရေးပြုလုပ်သော်လည်း ရှေ့မတိုးနိုင်ဖြစ်နေပြီး ခရီးသည်နှင့် ကုန်ကားများ လက်ရှိ ဒေါန တောင်ကျော်လမ်းဟောင်းဘက်က သွားလာနေရပြီး ယခုလို အများပြည်သူသွားလာည့် နေရာကို စစ်ကောင်စီက ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရသည်။