Home သတင်း ကော့ကရိတ် မြို့အထွက် တိုက်ပွဲ ပြင်းထန်နေ

ကော့ကရိတ် မြို့အထွက် တိုက်ပွဲ ပြင်းထန်နေ

682
Photo: CJ

မေ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့မှ မြဝတီမြို့ဘက်အထွက် အာရှလမ်းမဘေးရှိ တတန်ကူးရွာ၌ တိုက်ပွဲ ပြင်ထန်းနေပြီး စစ်ကောင်စီက လေကြာင်းမှ ဗုံးကြဲချခြင်းနှင့် လက်နက်ကြီးပစ်ကူများဖြင့် ခုခံနေသည်ဟု မဟာမိတ်ပူးပေါင်းတပ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ တတန်ကူးရွာရှိ ရွှေကြက်မင်း ရှေ့ဟောင်း ဘုန်းတော်ကြီးကျောင်း၌ စစ်ကောင်စီက အောင်ဇေယျ စစ်ကြောင်း နောက်တန်းကွပ်ကဲရေး စခန်းအဖြစ် ၂၀၂၄ ခုနှစ်၊ ဧပြီလကတည်းက အထိုင်ချ နေရာယူထားခြင်း ဖြစ်သည်။

ထို့ကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ မဟာမိတ် ပူးပေါင်းတပ်များက တတန်ကူးရွာကို ပိတ်ဆို့ထားပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်း၊ လက်နက်ကြီး ပစ်ကူများဖြင့် ခုခံနေသည်ဟု မြေပြင်ရှိ မဟာမိတ်ပူးပေါင်းတပ်တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“တတန်ကူးကို ပိတ်ထားတာ ကြာပြီး၊ စစ်ကောင်စီက မနေ့ကမနက်ပိုင်းမှာ စပစ်တာ နေ့လည်ပိုင်းမှာ လက်နက်ကြီး တွေလှိုင်ဝကနေ ပစ်ကူပေးတယ်။ ဗုံးကြဲလေယာဉ် Y 12 နဲ့ တစ်ခါကို ဗုံးသီး ၄ လုံးကြဲချတယ်။ နှစ်ရက် ဆက် တိုက်ပေါ့။ အဓိကတော့ ရွှေကြက်မင်း၊ တတန်ကူးကျောင်းပေါ့၊ အဲဒီက အောင်ဇေယျ စကစတွေကို ဖြတ်နေတာ” ဟု ၎င်းက ပြောသည်။

လက်ရှိ စစ်ကောင်စီ အောင်ဇေယျ စစ်ကြောင်းများ ပိတ်ဆို့ တိုက်ခိုက်ခံနေရပြီး စစ်ကူ ရိက္ခာ၊ ခဲယမ်း ပြတ်တောက်နေကာ လက်နက်ချခြင်း မရှိသေးသည့်အတွက် KNLA မဟာမိတ်စစ်ကြောင်းများက ပိတ်ဆို့ ထားသည့် အနေအထားတွင် ရှိနေသည်ဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ထို့အပြင် ကျုံဒိုး၊ ကော့ကရိတ်လမ်းပိုင်း၊ ကော့ကရိတ် ဒေါနတောင် အောက်ဘိုတဲ လမ်းပိုင်းများ တွင်လည်း စစ်ကောင်စီ တပ်ရင်းနေရာများမှ စစ်ကောင်စီတပ် စစ်ကြာင်းများ ထွက်တိုက်မရအောင် ပိတ်ဆို့တိုက်ခိုက်နေပြီး စစ်ကောင်စီ ဘက်က လက်နက်ကြီး ပစ်ခတ်မှုများ နာရီ ခြားပြုလုပ် နေသည်ဟု စစ်ရေးနယ်မြေသတင်း အရင်းအမြစ်များက ပြောသည်။