Home သတင်း တနင်္သာရီတွင် စစ်ရှောင်ဦးရေ ၇,၀၀၀ နီးပါ တိုးလာ

တနင်္သာရီတွင် စစ်ရှောင်ဦးရေ ၇,၀၀၀ နီးပါ တိုးလာ

539
Photo: ဒေါန-တနင်္သာရီစစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့

မေ ၁၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ဧပြီလအတွင်း စခန်းသိမ်းတိုက်ပွဲများနှင့် ရက်ရှည်ပြင်းထန်တိုက်ပွဲများ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ၇,၀၀၀ ဦးခန့် တိုးလာသည်ဟု ဒေသအခြေစိုက် သုတေတနအဖွဲ့ ဖြစ်သည့် FE 5 Tanintharyi ၏ လစဉ် အစီရင်ခံစာ စာရင်း၌ ဖော်ပြထားသည်။

အဆိုပါ တနင်္သာရီတိုင်းတွင် စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ပြီးခဲ့သည့် မတ်လ တွင် စုစုပေါင်း စစ်ရှောင်ဦးရေ ၆၈,၄၀၀ ဦးကျော်ရှိရာမှာ ဧပြီလတွင် စစ်ရှောင်ဦးရေ စုစုပေါင်း ၇၅,၃၀၀ ဦး အထိ ရှိလာ ခဲ့ပြီး ၆,၉၀၀ ဦး ကျော်တိုး လာခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကုန်သွယ်ရေး လမ်းမကြီး နှင့် ရေနက်ဆိပ်ကမ်း ဒေသတဝိုက်သို့ နယ်မြေစိုးမိုးမှုများ ပြန်ရရန် အင်အားရာချီအသုံးပြုပြီး စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သည်။

ထို့နောက် ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် ရက်ရှည်တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ဘေးရှောင်များ ယခင်လ များထက် တိုးလာခဲ့သည်ဟု ဒေါန တနင်္သာရီ စစ်ဘေးရှောင် အထောက်အကူပြုရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ယခုလို ပြောသည်။

“ပြီးခဲ့တဲ့ လက ရေနက်ဆိပ်ကမ်း တဝိုက်ကိုပြန်လည် စိုးမိုးနိုင်ဖို့အတွက် စစ်ကြောင်း အင်အား ၇၀၀ ကျော် ၈၀၀ ဝန်းကျင် အထိ အသုံးပြုပြီး စစ်ကြောင်းထိုးလာတာတွေကြောင့် နေရပ်စွန့်ခွာပြီးတော့ ယာယီ စစ်ဘေးရှောင်တွေ ထပ်ထိုးလာတယ်။ တိုက်ပွဲဖြစ်ပွားမှု အများဆုံးလ လို့လည်း ပြောလို့ရပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါစစ်ဘေးရှောင်အများစုသည် ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ် နှင့် သရက်ချောင်းမြို့နယ်တို့မှ ဒေသခံအများစု ဖြစ်ကြသည်။ ထိုမြို့နယ်များတွင် စစ်ကြောင်းထိုး ဝင်ရောက်မှု များနှင့် နှစ်ဖက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ ၃၄,၃၀၀ ကျော်အထိ ရှိခဲ့သည်ဟု FE 5Tanintharyi အစီရင်ခံစား၌ ဖော်ပြထားသည်။

ထို့အပြင် တိုင်းဒေသကြီးအတွင်းရှိ မြိတ်ခရိုင်တွင်လည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း ရေကြောင်းမှ လက်နက်၊ ရိက္ခာ ဖြည့်တင်းခြင်း နှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် စစ်ဘေးရှောင် ဒေသခံပြည်သူ ၄၁,၀၀၀ ဦးအထိ ရှိသည်ဟု အဆိုပါ အစီရင်ခံစာ၌ ဖော်ပြထားသည်။