Home တွေ့ဆုံမေးမြန်းခန်း ကျုံဒိုးမြို့နယ်ဥက္ကဋ္ဌ ပဒိုမန်းကြာညိုနှင့် တွေ့ဆုံမေးမြန်းခြင်း

ကျုံဒိုးမြို့နယ်ဥက္ကဋ္ဌ ပဒိုမန်းကြာညိုနှင့် တွေ့ဆုံမေးမြန်းခြင်း

644

“ကျေးရွာအုပ်စု ၂၃ အုပ်စုမှာ KNU အုပ်ချုပ်ရေးပြန်ချ နိုင်ခဲ့တယ်”

ကျုံဒိုးမြို့နယ်ဥက္ကဋ္ဌ ပဒိုမန်းကြာညိုနှင့် တွေ့ဆုံမေးမြန်းခြင်

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်အတွင်း ယခင် စစ်ကောင်စီအုပ်ချုပ် ရေး အပြည့်အဝလည်ပတ်နိုင်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက် ကေအဲန်ယူက အုပ်ချုပ်ရေးအပိုင်း ပြန်လည် တာဝန်ချထားပေးမှု အခြေအနေ၊ မြို့နယ်အတွင်း စစ်ရှောင်းများအခြေအနေနှင့် ပညာရေးပိုင်းဆိုင်ရာ စိန်ခေါ်ချက် များနှင့်ပတ်သက်၍ မြို့နယ်ဥက္ကဋ္ဌ ပဒိုမန်းကြာညိုနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ။ ကျုံဒိုးမြို့နယ်မှာ လက်ရှိတိုက်ပွဲအခြေအနေ လူထုအခြေအနေ ဘယ်လိုရှိလဲ။
ဖြေ။ ။ ကျုံဒိုးမြို့နယ်မှာ အခုလက်ရှိအချိန်မှာ တိုက်ပွဲတွေက ပြင်းထန်နေတုန်းပဲဖြစ်တော့ မြို့နယ်ထဲ က ကျေးရွာပေါင်း တစ်ဝက်လောက်တော့ တိမ်းရှောင်နေရတယ်။ ကျုံဒိုး ကော့ကရိတ်တစ်လျှောက်ပြီးတော့ ဒီဘက် ဆိုရင် တောင်ကြာအင်း၊ မြောက်ကြာအင်း အောက်ဘက်ဆိုရင် ကညင်ကတိုက်အထိ တောက်လျှောက် ရှောင် နေရ တယ်။ ခန့်မှန်းခြေအရ ရွာပေါင်း ၄၀ လောက်တော့ ရှိတယ်။ တိုက်ပွဲက တဖြည်းဖြည်းကြီးလာတယ် နေ့တိုင်းပဲ ဖြစ်တယ်။ ပြီးတော့ စစ်ကောင်စီဘက်က နေ့တိုင်းလေယာဉ်နဲ့ လာပစ်တာက အမြဲရှိတယ်။

မေး။ ။ ကေအဲန်ယူ၊ ကျုံဒိုးမြို့နယ်အနေနဲ့ရော စစ်ရှောင်တွေကို ဘယ်လိုကူညီဆောင်ရွက်ပေးတာရှိပါသလဲ။
ဖြေ။ ။ ကျုံဒိုးမြို့နယ်အနေနဲ့က စစ်ပြေးရှောင်နေရာချထားရေး လုပ်တာရှိတယ်။ ကျုံဒိုးက တစ်ခြား မြို့နယ်နဲ့ မတူဘူး။ ရန်သူနဲ့ ထိပ်တိုက်နီးစပ်တဲ့ မြို့နယ်ဆိုတော့လည်း စစ်ပြေးရှောင်တော့နေရာ အတိကျထားလို့ မရဘူး။ နေရာအတိကျထားလို့ မရပေမယ့်လည်း သူတို့နေရာအတွက် ကျနော်တို့ လျာထားတာရှိတယ်။ လျာထားပေမယ့် တစ်နှစ်သုံးဆိုပြီး တိုက်ပွဲဖြစ်တဲ့အချိန်မှာ လူထုတွေက ဟိုရွာမှာ သွားရှောင်လိုက်၊ ဒီရွာမှာရှောင်လိုက် ရောက်တဲ့ ရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တစ်ဆင့်ခံနေရာချပေးတာ အဲလိုပဲရှိတယ် လောလောဆယ်တော့။

မေး။ ။ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ ပံ့ပိုးပေးတာတွေရှိလား။
ဖြေ။ ။ စစ်ရှောင်တွေအတွက်က CIDKP က အရေးပေါ်အခြေခံစားသောက်ကုန်ပေးတာရှိတယ်။ ဆန်၊ အဝတ် အထည် စစချင်းမှာတော့ အဲဒါတွေပေးတာရှိတယ်။ လောလောဆယ်က စစ်ရှောင်စခန်းလျာထား တာရှိတယ်။ မိုးမရွာသေးတော့ သူများအိမ်မှာတော့ သူတို့သွားခိုလှုံထားတယ်။ တကယ်လို့ မိုးရွာတဲ့အချိန် ပြီးတော့ တိုက်ပွဲဆက် များလာရင် စစ်ရှောင်စခန်းနဲ့ ထားမယ်။ ခက်တာက စစ်ရှောင်စခန်း နေရာသီးသန့်ထားရင် လေယာဉ်လာပစ်မှာ ကြောက်လို့ မသွားနေရကြဘူး။ အဲလိုတွေရှိတယ်။

စစ်ရှောင်တွေက အဓိကဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့မှာ သွားမနေရဲတာက လိုင်းပေါ်တွေမှာလည်းတွေ့ နေရတယ်။ အများအားဖြင့် စစ်ကောင်စီက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေကိုပစ်မှတ် ထားတာတွေ့တော့ သူတို့ကို အဲဒီမှာသွားထားရင် မနေရဲဘူး။ နောက်ပြီးတော့ ဘုန်းကြီးကျောင်းထဲမှာ ဘုန်းကြီးတွေတောင် မနေရဲဘူး။ အဲဒါကြောင့် သူတို့ကို ရွာထဲမှာရှိတဲ့ အိမ်လွတ်တွေမှာနေရာ သွားချလိုက်တာ ဖြစ်တယ်။

မေး။ ။ ပြည်သူလူထုပိုင် အဆောက်အဦးတွေ ထိခိုက်တာတွေရော ဘယ်လောက်အထိ ရှိနေလဲ။
ဖြေ။ ။ ကျုံဒိုးမြို့နယ်ထဲမှာ ဟိုတစ်ခါတုန်းက ကျောင်းတစ်ကျောင်း လူနေအိမ် ၃ လုံးလေယာဉ်နဲ့လာကြဲတော့ ထိတယ်။ ကျောင်းထဲမှာက စာသင်ကျောင်းရော ဆရာမအဆောင်တွေရော အကုန်ပျက်စီးကုန်တယ်။ ပြီးတော့ နေအိမ် ၃ လုံးကလည်း အကုန်ပျက်စီးသွားတယ်။ အဲလိုတွေပစ်တော့ စစ်ရှောင်တွေက စာသင်ကျောင်တို့ ဘုန်းကြီး ကျောင်းတို့မှာ လွတ်လွတ်လပ်လပ် မနေရဲတော့တာ။

စစ်ကောင်စီက သူတို့ရန်သူကို ပစ်တာမဟုတ်ဘူး။ အဓိကပစ်တာက လူစုလူဝေး၊ လူထုတွေ လူစုပြီးနေတဲ့နေရာ ဆိုရင် သူတို့သွားပစ်တယ်။ လူထုတွေကိုပစ်တယ်လို့ပဲ ထင်တယ်။ တကယ်လို့ သူတို့ရန်သူနဲ့ သူတို့ပစ်ရင် လူထု တွေကို သူတို့ ဘယ်ပစ်မလဲ။ လူထုတွေကို သူတို့ တည့်တည့်ပစ်တယ်လို့ ကျနော်ကတော့ မြင်တယ်။ လူထုတွေက လက်နက်တွေကိုင်ကြတာမှ မဟုတ်တာ သူတို့က လူထုကိုပ်သပ်သပ် ပစ်မှတ်ထားနေတာ။

မေး။ ။ အရင်နှစ်တွေက ကျုံဒိုးမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်တာရှိတော့ အရင်စစ်ရှောင်တွေက အခြေအနေဘယ်လို ရှိလဲ။
ဖြေ။ ။ အရင်နှစ်တုန်းက ချောင်းနှခွမှာတော့ စစ်ရှောင်ရှိတယ်။ ချောင်းနှစ်ခွ ရွာမှာဆိုရင် တစ်ရွာလုံးစစ်ရှောင် နေရတယ်၊ အခုထိ အိမ်ပြန်မနေရဲ ကြသေးဘူး။ ရွာမှာကျန်တဲ့ အိမ်တွေကလည်း အဲဒီရွာမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကုန်ဖျက်ဆီးပစ်ပြီး ခိုးယူလိုက်တယ်။ အိမ်တွေလည်း မီးရှို့ဖျက်ဆီး လိုက်တယ်။ ချောင်းနှစ်ခွ စစ်ရှောင်တွေက အိမ်ပြန်မနေရဲတော့ သူတို့နီးစပ်ရာဆွေမျိုးတွေဆီမှာ အဆင်ပြေသလိုပဲ လိုက်ပြီးခိုလှုံနေရတယ်ပေါ့။ မနှစ်တုန်းက တချို့ပြန်တယ်၊ သုံးပုံဆိုရင် တစ်ပုံတောင်မရှိဘူးပြန်တာ။

ရွာပြန်တော့ စစ်ကောင်စီတပ်က သူတို့ နာမည်စာရင်း အိမ်ထောင်စုစာရင်း မှတ်ပုံတင်တွေ မှတ်ထားတယ်။ ပြန် နေရင် ပြန်ထွက်လို့မရဘူး။ အဲဒါကြောင့် ပြည်သူတွေက ပြန်ထွက်ရခက်မှာ ကြောက်လို့ ပြန်မနေရဲကြတာ။ ရေရှည်စာစစ်ရှောင်စာရင်းတွေက ကျနော်တို့ အမြဲစာရင်းကောက်တယ်။ ဆန်ကူညီပေးတာတွေ ရှိတယ်။ CIDKP တို့ကတော့၊ ဒါပေမယ့် တချို့တစ်ခြားဒေသ တစ်ဖက်နိုင်ငံပြောင်းသွားတဲ့လူရှိတယ်။ အဲဒီလူတွေကိုတော့ကျနော် တို့ စာရင်းလိုက်ကောက် မရတော့ဘူးပေါ့။

မေး။ ။ လက်ရှိတိုက်ပွဲဖြစ်တဲ့အချိန်မှာ ရွာတွေမှာ လူထုတွေပိတ်မိတာတွေရော ရှိသေးလား။ ပြီးတော့ လူထုထိ ခိုက်သေဆုံးတာ ဘယ်လောက်အထိရှိပြီးလည်း။
ဖြေ။ ။ တိုက်ပွဲဖြစ်လာမယ်ဆိုတာ ကျနော်တို့လည်းကြိုသိတယ်။ အဲဒါကြောင့် လူထုတွေ ပိတ်မိမှာ ကြောက်လို့ ရှောင်ကြဖို့ ကြိုအသိပေးတာတွေ ရှိတယ်။ ကျနော်တို့ပြောလည်း တချို့က မထွက်ဘူး။ တကယ့်တကယ်ဖြစ်တဲ့ အချိန်မှာ ပိတ်မိလို့ သွားပြီးကယ်ထုတ် ခေါ်ယူရတာတွေ ရှိတယ်။ တိုက်ပွဲမဟုတ်နှစ်ဘက်ပစ်တာ မဟုတ်ဘဲ စစ်ကောင်စီက လူထုနေတဲ့နေရာတွေမှာ လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်တာတွေကြောင့် လူထုထိခိုက် သေဆုံး တာရှိတယ်။ တချို့က ဒဏ်ရာရ ခြေပြတ်တာတွေ ရှိတယ်။

လူထုကိုပြောချင်တာက အခုချိန်မှာ တိုက်ပွဲဖြစ်တဲ့အချိန်ဖြစ်တယ်။ ရွာကနေ ထွက်ပြီးဆိုရင် လွတ်တဲ့နေရာမှာပဲ သွားပြီး တိမ်းရှောင်စေချင်တယ်။ သွားလိုက် ပြန်လိုက်လုပ်တာက ကျနော်တို့လည်း သိပ်မပေးလုပ်စေချင်ဘူး။ သူတို့က အိမ်တွေချန်ထားရလို့ ပစ္စည်းတွေဘာမှ မယူသွားနိုင်ဘူး။ သူတို့ပစ္စည်းတွေကျန်တာ သူခိုးတွေဝင်ခိုးမှာ ကြောက်တော့ပြန်ကြည့်တာမျိုးကို နားလည်သဘောပေါက်တယ်။ တကယ်လို့ပြန်ရင် လက်နက်ကြီး ကျတဲ့အချိန် နဲ့ တိုးရင် အမှုမဲ့အမှတ်မဲ့ ထိတတ်တယ်။ အဲဒါကြောင့် ပြန်ရင် ရမရ အဲဒီက တာဝန်ရှိသူတွေကိုမေးရမယ်။

ပြန်ခွင့်ပေးရင်တော့ ပြန်ပေါ့။ ဖြစ်နိုင်ရင် ဒီလိုတိုက်ပွဲကာလမှာ ရွာမှာပြန်လိုက် ထွက်လိုက်မလုပ်တာ အကောင်း ဆုံးပဲ။ ပြီးတော့ စစ်ကောင်စီတပ်နဲ့ နီးတဲ့နေရာတွေမှာ မနေတာအကောင်းဆုံးပဲ၊ လွတ်တဲ့နေရာ လုံခြုံတဲ့နေရာမှာ နေပြီး အခြေအနေကို စောင့်ကြည့်နားထောင်တာတော့ အကောင်းဆုံးပဲလို့ မြင်တယ်။

မေး။ ။ လက်ရှိ စစ်ရှောင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေက ဘာတွေ ဖြစ်မလဲ။
တချို့ ရွာက ထွက်တဲ့အချိန်မှာ အဝတ်တစ်ထည် ကိုယ်တစ်ခုပဲ ပါသွားတာ ရှိတယ်။ ပြီးတော့ စားနပ်ရိက္ခာတွေ ကျန်တာသွားပြန်ယူဖို့ ကျနော်တို့နဲ့ လာပြောတာရှိတယ်။ အဲဒါကို ကျနော်တို့က အခြေနေကြည့်ပြီး ရှေ့တန်းမှာ ရှိတဲ့လူတွေကို မေးကြည့်မယ်။ တကယ်လို့ ပြန်ယူလို့ရရင် ကျနော်တို့အဖွဲ့သားတွေ ဝင်ပြီး အပြင်ကိုသယ်ထုတ် ပေးမယ်ဆိုပြီး အဲတွေလုပ်ဖို့ ပြန်တိုင်ပင်မယ်လို့ ပြောထားရတာတွေရှိတယ်။ တကယ်လို့ တိုက်ပွဲအခြေအနေက ဒီလိုပဲ ဆက်ရှိနေရင် လူထုတွေကအခက်အခဲတော့ အများကြီး ရှိလာမှာပေါ့။

မေး။ ။ တိုက်ပွဲပြီးရင် ပြန်လည်ထူထောင်ရေး အပိုင်းတွေက စီစဉ်ထားတာတွေ ဘယ်လိုရှိသလဲ။
ဖြေ။ ။ တိုက်ပွဲပြီးရင် ပြန်လည်ထူထောင်ရေးအပိုင်းက ကျနော်တို့ တတ်သလောက် ကူညီဖို့ တာဝန်ရှိတယ်။ ပြည်သူတွေကို လစ်လျူရှုထားလို့တော့ မရဘူး။ လက်ရှိက တော်လှန်ရေးကာလဆိုတော့ ဝင်ငွေက အများကြီး မရှိတော့ လူထုတွေကို အလုံးအခဲအလိုက်များများ မကူညီနိုင်သေးဘူးပေါ့။ ဒါပေမယ့် တတ်နိုင်သလောက်တော့ ကျောင်းဖြစ်စေ၊ ထိခိုက်တဲ့ အိမ်တွေကို ပြန်ကူညီပေးတာဖြစ်စေ ကူညီနိုင်သလောက် ကျနော်တို့ လုပ်ရမှာပဲ။

အခုက ကျန်းမာရေးအပိုင်း ရွာအလိုက်ကျန်းမာရေးအဖွဲ့တွေက စစ်ရှောင်တွေကိုကွင်းဆင်း ကြည့်ပေးတာရှိတယ်။ ပညာရေးအပိုင်းကတော့ ဒီနှစ်က တော်တော်ခက်ခဲနိုင်တယ်။ ဥပမာဝင်းကကျေးရွာမှာဆိုရင် ကျောင်းအကုန် ပျက်စီးကုန်တယ်။ ဒီအတိုင်းဘက်ဆက်သွားရင် လေယာဉ်တွေက ဒီအတိုင်းပဲ လိုက်ပတ်ပစ်နေရင် ပညာရေး အပိုင်းက စိန်ခေါ်မှုတော်တော်ရှိလာမယ်။ တိုက်ပွဲမရှိလည်း လေယာဉ်ကိုကြောက်နေရတယ်။ ပြီးတော့ ကျောင်းရှိပြီး ဆိုပါစို့ ဒါပေမယ့် ကျောင်းဆရာ၊ ဆရာမ အပိုင်းလည်း အခက်အခဲရှိမယ်။

ကျောင်းသားမိဘတွေက သူတို့ကလေးတွေ ကျောင်းပေးသွားရဲချင်မှရဲမယ်။ ကျောင်းဆရာမတွေလည်း ရှိချင်မှရှိမယ်။ ဘာဖြစ်လဲဆိုတော့ သူတို့တွေက ဒီလေယာဉ်လာပစ်တာကိုတွေ့တော့ ကြောက်နေကြပြီး။ ပညာရေးအပိုင်းက ဒီနှစ်နှောင့်နှေးသွားမယ် ကလေးတွေက တစ်နှစ်လောက် စာမသင်ရရင် လေလွှင့်သွားမယ်။ တကယ်တော့ ပညာ ရေးအပိုင်းက တော်တာ် ထိခိုက်သွားတယ်။

မေး။ ။ စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ကျုံဒိုးမြို့နယ်မှာ KNU အုပ်ချုပ်ရေးအပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လို အပြောင်းအလဲတွေရှိလာလဲ ရှင်းပြပေးပါ။
ဖြေ။ ။ အရင်တုန်းကဆိုရင် ဒီကျုံဒိုးမြို့နယ်ထဲမှာက စစ်ကောင်စီက တစ်မြို့နယ်လုံး လွှမ်းမိုးထားခဲ့တာ။ ဒီနွေဦး တော်လှန်ရေးနောက်ပိုင်းမှာ ကျေးရွာအုပ်စု ၂၃ အုပ်စုမှာ ကျနော်တို့ အုပ်ချုပ်ရေးပြန်ချ နိုင်ခဲ့တယ်။ အပြည့်အဝ တော့ မဟုတ်ဘူး။ ဒါပေမယ့် သုံးချိုးတစ်ချိုးက ကျနော်တို့ လုပ်နိုင်တယ်။ စစ်ကောင်စီ အုပ်ချုပ်ရေးကို ကျနော်တို့ လက်မခံတော့ဘူး။ ကျနော်တို့အုပ်ချုပ်ရေးပြန်ချတယ်၊ နည်းနည်းစီ ပြန်လိုက်လာတာရှိတယ်။ အုပ်စုမှူးတွေကလည်း ကေအဲန်ယူ အုပ်စုမှူးတွေပဲ ကျနော်တို့ ခန့်ထားတာရှိတယ်။

ကျနော်တို့ အုပ်ချုပ်ရေးပြန်လည်ပတ်တော့ ပြည်သူတွေက KNU အုပ်ချုပ်ရေးရဲ့ အခြေခံလမ်းစဉ်၊ လုပ်ငန်းစဉ်တွေ အကုန်မသိဘူး။ တချို့လည်း စစ်ကောင်စီဘက် ယိုင်သွားတာတွေ ရှိတာပဲ။ သူတို့ နားဝင်အောင်တော့ သဘော ပေါက်အောင်တော့ ကွင်းဆင်းရှင်းပြရတာတွေ ရှိတာပေါ့။ ကျနော်တို့ တော်လှန်နေတာက ဘယ်သူ့ကို တော်လှန် နေလဲ၊ သူတို့နားမလည်တော့ သူတို့ ဟိုဘက်ယိုင်သွားတာ ရှိတယ်။ ပြီးတော့ ဒီနယ်ထဲမှာ နယ်ခြားစောင့်တပ် -BGF တွေကလည်း ရှိသေးတယ်။ လူထုတချို့သာတဲ့ဘက် အထင်ကြီးတဲ့ဘက်ကို ကပ်တာတွေတော့ ရှိတာပေါ့ ။ အဲဒါ ကြောင့် တချို့ အုပ်ချုပ်ရေးယန္တရား လည်ပတ်တဲ့အခါမှာ အဲဒီလိုအခက်အခဲတွေ စိန်ခေါ်မှုတွေတော့ ရှိသေးတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ လူထုတွေကို ဘာများဖြည့်စွက်ပြောချင်တာရှိပါသလဲ။
ဖြေ။ ။ လူထုကိုပြောချင်တာက အခုချိန်က တိုက်ပွဲဖြစ်နေချိန်ပါ။ ရွာကနေ ထွက်ပြီးဆိုရင် လွတ်တဲ့နေရာမှာပဲ သွားပြီး တိမ်းရှောင်စေချင်တယ်။ သွားလိုက် ပြန်လိုက်လုပ်တာကို ခွင့်မပြုချင်ဘူး။ သူတို့အိမ် ထားခဲ့ရလို့ ပစ္စည်း တွေဘာမှ မယူသွားနိုင်ဘူး။ သူခိုးဝင်ခိုးမှာ ကြောက်တော့ ပြန်ကြည့်တာ ရှိတယ်ဆိုတာ နားလည်တယ်။

တကယ်လို့ပြန်ရင် လက်နက်ကြီးကျတဲ့ အချိန်နဲ့တိုးရင် အမှုမဲ့၊ အမှတ်မဲ့ ထိတတ်တယ်။ ဒါကြောင့် ပြန်လို့ ရမရ တာဝန်ရှိသူတွေကို မေးရမယ်။ ပြန်ခွင့်ပေးရင်တော့ ပြန်ပေါ့။ ဖြစ်နိုင်ရင် ဒီလိုတိုက်ပွဲကာလမှာ ရွာမှာပြန်လိုက် ထွက်လိုက် မလုပ်တာ အကောင်းဆုံးပဲ။ ပြီးတော့ စစ်ကောင်စီတပ်နဲ့ နီးတဲ့နေရာမှာ မနေတာ လွတ်တဲ့နေရာ၊ လုံခြုံတဲ့နေရာမှာ နေပြီး အခြေအနေကို စောင့်ကြည့် နားထောင်တာ အကောင်းဆုံးပဲလို့ ပြောချင်တယ်။