မေ ၂၀ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် ဧပြီလအတွင်း အရပ်သားပြည်သူ ၉ ဦး သတ်ဖြတ်ခံခဲ့ရသည်ဟု သုတေသန အဖွဲ့တစ်ခုဖြစ်သည့် FE 5Tanintharyi ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။
ယခုလို အရပ်သားပြည်သူများ သတ်ဖြတ်ခံရမှု ဖြစ်စဉ်များမှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်ချိန် တပ်ဖွဲ့ ဝင်များက ဖမ်းဆီးကာ ဒေသခံပြည်သူ ၆ ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ကျန် ၂ ဦးမှာမှု လက်သည်မပေါ်ဘဲ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။
ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဒလန်ရှင်းလင်းရေးဟုဆိုကာ ကော့သောင်းမြို့နယ် သောင်ဖြူဖြူကျေး ရွာမှ အိမ်ခြံမြေပွဲစားလုပ်ကိုင်သူ ဦးမြင့်လွင်ကို သတ်ဖြတ်ခဲ့သည်ဟု FE5 Tanintharyi အစီရင်ခံစာတွင် ဖော်ပြထားသည်။
တနင်္သာရီတွင် ဧပြီလအတွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်များ၌ အတင်းအဓမ္မစစ်မှုထမ်းရန် ဖမ်းဆီးခံရခြင်း၊ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်စဉ် လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခြင်းများကြောင့် ဒေသခံ ပြည်သူ ၂၃၂ ဦး ထက်မနည်း ဖမ်းဆီးခံထားရပြီး ၅၀ ဦးသာ ပြန်လည်လွတ်မြောက်လာသည်ဟု FE5 Tanintharyi ၏စာရင်းများအရ သိရသည်။
အဆိုပါ ဖမ်းဆီးခံထားရသူအများစုမှာ ထိုင်းနိုင်ငံ ရနောင်းဘက်မှတဆင့် ကော့သောင်းမြို့သို့ ပြန်ပို့ခြင်း ခံရသူ ၂၀၈ ဦးအထိရှိခဲ့ပြီး ၎င်ထဲမှ ၁၅၀ ဦးကို စစ်ကောင်စီက အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေရန်အတွက် ဖမ်းဆီးခေါ် ဆောင်ခြင်းခံရသည်ဟု FE5 Tanintharyi ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ပြီးခဲ့သည့် ဧပြီလအတွင်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားသည့် အကြိမ်ရေမှာ ယခင်လများထက် ပိုမိုများပြား လာပြီး တော်လှန်ရေးပူးပေါင်းတပ်များက စခန်းသိမ်းတိုက်ပွဲများကို ဆက်တိုက်ဖော်ဆောင်လာ၍ ဧပြီ လအတွင်း တိုက်ပွဲ ၅၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ ၎င်းအပြင် မိုင်းဆွဲတိုက်ခိုက်မှု ၄ ကြိမ် ရှိခဲ့ပြီး ထိတွေ့တိုက်ပွဲပေါင်း ၆၀ ဝန်းကျင် ရှိခဲ့သည်။



















