မေ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၂)၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၆၀၃ တပ်ရင်းနှင့် ရဲစခန်းမှ မေလ ၁၄ ရက်နေ့က လက်နက်ကြီးပစ်ခတ်သဖြင့် သစ်ခေါင်းရွာနှင့်လက်ဘက်အင်းကြီးရွာတို့မှ အမျိုးသားတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က လိပ်သိုမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး အမည်မသိလက်နက်ကိုင်၏ သေနတ်ဖြင့်ပစ်ခတ်ခံရအပြီး သေဆုံးခဲ့မှုကြောင့် ခမရ-၆၀၃ တပ်ရင်းနှင့် ရဲစခန်းတပ်စွဲထားသည့် ရဲနှင့်စစ်တပ်ဖွဲ့ဝင်များက လက်နက်ကြီးပစ်ခတ်မှုများ မေလ ၁၄ ရက်နေ့အထိ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
ပစ်ခတ်မှုအတွင်း လိပ်သိုနှင့်တစ်မိုင်ခန့်ဝေးသည့် သစ်ခေါင်းကျေးရွာသို့ ကျရောက်ပေါက်ကွဲမှုကြောင့် သားဖြစ်သူ ပွဲချင်းပြီးသေဆုံး၍ ဖခင်ဖြစ်သူ လက်ပြတ်ထွက်ဒဏ်ရာ ရရှိခဲ့သည်။ ထို့အတူ လက်ဘက်အင်းကြီးရွာမှ အမျိုးသား တစ်ဦးမှာလည်း ဆီးခုံသို့ ကျည်စထိမှန်၍ အူထွက်ဒဏ်ရာပြင်းထန်ခဲ့သည်ဟု လိပ်သိုဒေသခံတစ်ဦးက ပြောသည်။
“လိပ်သိုမှာစစ်သားသေပြီးနောက်ပိုင်းဖြစ်တာ တကယ့်တိုက်ပွဲလိုလိုဘာလိုလိုပစ်တယ်၊ လိပ်သို ၆၀၃ တပ်ရင်းရော ရဲစခန်းရောကရော ပစ်တယ်။ လက်နက်ကြီးရမ်းသမ်းပစ်တော့ တစ်ယောက်က သေ၊ သားသေတာ။ သူ့အဖေက ဒဏ်ရာရတယ် လက်ပြတ်သွားတာ။ လက်ဖက်အင်းကြီးရွာမှာလည်း တစ်ရက်တည်းပဲ လူတစ်ယောက် ဆီးခုံပေါ်မှာရှပ်ထိပြီး အူပါထွက်တယ်။” ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။
လက်နက်ကြီးပစ်ခတ်မှုအပြင် လိပ်သိုရဲဂိတ်ကလည်း ဂိတ်အဝင်အထွက်ကို ဆိုင်ကယ်နှစ် ယောက်စီးနင်းသွားလာခွင့် ကန့်သတ်လိုက်သလို ယခင်ထက် လုံခြုံရေးတင်းကြပ်ထားကြောင်းလည်း လိပ်သိုဒေသအတွင်းနေထိုင်သူများ၏ပြောပြချက်အရ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က လိပ်သိုမြို့အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် လိပ်သို၌တပ်အင်အားအများအပြား အင်အားလာရောက် အထိုင်ချထားခြင်းဖြစ်သည်။ ထိုစဥ်က တိုက်ပွဲအပါအဝင် စစ်ကောင်စီက လက်နက်ကြီးနှင့်လေကြောင်းအသုံးပြု ပစ်ခတ်ခဲ့သဖြင့် လိပ်သိုမြို့နှင့်အနီးရှိ ကျေးရွာဒေသခံများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။
လက်ရှိတွင်လည်း လိပ်သိုနှင့် တောင်ငူ-သံတောင်အဓိကလမ်းမကြီးကို ကေအဲန်ယူ တပ်မဟာ(၂)ဘက်က မေလ ၁ ရက်နေ့မှစ၍ ပိတ်ထားပြီး လမ်းပိုင်းတစ်လျှောက် စစ်ရေးပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။



















