Home သတင်း ရန်ကုန်မြို့ ဒဂုံဧရာအဝေးပြေးကားဂိတ်၌ နယ်ပြန်သူများကို ပွဲစားနှင့်ဂိတ်ဝန်ထမ်းက သတ်မှတ်စျေးနှုန်းထက် ငွေ ညစ်

ရန်ကုန်မြို့ ဒဂုံဧရာအဝေးပြေးကားဂိတ်၌ နယ်ပြန်သူများကို ပွဲစားနှင့်ဂိတ်ဝန်ထမ်းက သတ်မှတ်စျေးနှုန်းထက် ငွေ ညစ်

1111

မေလ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်း နှင့် ရန်ကုန်တိုင်းကို ချိတ်ဆက်ထားသည့် လှိုင်းသာယာ မြို့နယ်ထဲက ဒဂုံဧရာ အဝေးပြေး ကား ဂိတ်မှာ နယ်ပြန်မည့်သူများကို ခရီးသည်ပွဲစားဆိုသူများနှင့် ကားဂိတ်ဝန်ထမ်းများက သတ်မှတ်ကားခနှုန်း ထက်ပိုတောင်းပြီး ငွေညစ်မှုများလုပ်ဆောင်နေသည်ဟု ကိုယ်တိုင်ကြုံတွေ့သူများက ပြောသည်။

အထူးသဖြင့် ခရီးသွားလာနေကျ မဟုတ်သူများဟု ယူဆရသူများကို ပစ်မှတ်ထားကာ လုပ်ဆောင်နေခြင်းဖြစ်ပြီး ကားဂိတ်တာဝန်ရှိသူများကလည်း တာဝန်ယူဖြေရှင်းခြင်းမျိုးမရှိကြောင်း ရန်ကုန်မြို့မှ ဧရာဝတီတိုင်းမြောင်းမြမြို့ ကို ပြန်သည့်ကိုယ်တိုင်မြင်တွေ့သူ ခရီးသွားတစ်ဦးက ယခုလိုပြောသည်။

“တက္ကစီကားတွေ ဂိတ်ထဲဝင်လာတာနဲ့ ဘယ်ကိုလဲ၊ ဘယ်ကားလဲဆိုပြီး ကားကိုကိုင်ထားပြီးတော့ ဂိတ်ရောက်တဲ့ အထိ လိုက်ပြေးကြတဲ့သူတွေ။ ပြီးတော့ သူတို့လာပို့တဲ့သူပါဆိုပြီး ပွဲစားခကို ကားဂိတ်လက်မှတ်ရောင်းတဲ့နေရာ က လူကသူတို့ကိုပေးရတယ်။ ဘာပွဲစားမှမခေါ်ဘူးလို့ ခရီးသည်ဘက်က ပြန်ပြောတော့ ကောင်တာက မရဘူးတဲ့။ ပွဲစားပါလာရင် သူတို့အတွက် တောင်းပေးရတယ်လို့ပဲ ပြန်ပြောတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် ပွဲစားခမပေးလိုပါက မိမိစီးနင်းလိုက်ပါမည့် ကားဂိတ်များကို ဖုန်းကြိုဆက်ပေးရမည်ဖြစ်ပြီး ဖုန်းကြို ဆက်ထားပါက ကားခကို ပုံမှန်စျေးအတိုင်း ဖြတ်ပေးမည်ဟုလည်း ကားဂိတ်ဝန်ထမ်းများက ပြန်လည် ပြောဆို ကြောင်း အဆိုပါ ခရီးသွားက ဆက်ပြောသည်။

အဆိုပါ ဖြစ်ရပ်မှာ ရန်ကုန်-မြောင်းမြပြေးဆွဲသည့် ဧရာဝတီသားကားဂိတ်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ အလားတူ ဖြစ်ရပ်များလည်း အခြားသော ကားဂိတ်များတွင် ဖြစ်ပွားနေပြီး ကားဂိတ်များအနေဖြင့် ခရီးသည်များအပေါ် အကာအကွယ်ပေး တာဝန်ယူခြင်းမရှိကြောင်းလည်း ခရီးသွားလာသူများက ဆိုသည်။

ညောင်တုန်းဒေသခံ အမျိုးသမီးတစ်ဦးက “အဲ့လိုအဖြစ်မျိုးကြုံဖူးတယ်။ သူတို့က လူလိုက်ခေါ် ပေးတာ။ အဲ့တုန်း ကကိုယ်တွေကို ကားခ (၁၂၀၀၀) တောင်းတယ်။ အဲ့ကားထဲမှာ လူတစ်ယောက်လည်းပါတယ်။ လမ်းကြုံတယ် ဆိုပြီးထည့်လိုက်တယ်။ နောက်မှတက္ကစီသမားက ပြောပြလို့ သိရတယ်။ သူတို့က လိုက်လုပ်စားနေတာတဲ့။ ကား ခက ဟိုလူပေးတဲ့ ကားခပဲရတယ်။ ကိုယ်တွေပေးတဲ့ (၁၂,၀၀၀) က အဲ့လို လိုက်စပ်ပေးတဲ့ကောင်က ယူ သွားတာတဲ့” ဟု ကေအိုင်စီ သို့ ပြောသည်။

ယခုလို ဖြစ်ရပ်များကို ယခင်က ကားဂိတ်တာဝန်ရှိသူများကိုများကိုတိုင်ကြားမှုမျိုး ရှိခဲ့ပေသော်လည်း အာဏာ သိမ်းမှု နောက်ပိုင်း တိုင်ကြားခြင်းမျိုး သိပ်မရှိတော့ကြောင်း ပုံမှန်ခရီးသွားလာနေသူ ခရီးသွား အမျိုးသားတစ်ဦးက မှတ်ချက်ပြုပြောဆိုသည်။

အလားတူ ရန်ကုန်မြို့မှ အခြားနယ်ပြန်မည့် လူငယ်များကို ပစ်မှတ်ထားကာ စစ်ကောင်စီ နှင့် စစ်ကောင်စီ ထောက်ခံသည့် ပျူစောထီးဆိုသူများက ကားဂိတ်တွင် ပုံစံမျိုးစုံ အသွင်ယူဖမ်းဆီးမှုများပြုလုပ်ပြီး စစ်သင်တန်းပို့ ငွေတောင်းယူမှုများ ပြုလုပ်သည့် ဖြစ်စဉ်များလည်းရှိကြောင်း သိရသည်။