Home သတင်း မော်ကွီးလု စခန်းသိမ်းတိုက်ပွဲကြောင့် ထိုင်းဘက်စစ်ရှောင်နေရသူ ၂၀၀ ကျော် နေရပ်ပြန်

မော်ကွီးလု စခန်းသိမ်းတိုက်ပွဲကြောင့် ထိုင်းဘက်စစ်ရှောင်နေရသူ ၂၀၀ ကျော် နေရပ်ပြန်

741
Photo crd: မော်ကွီးလုစစ်ရှောင်များ ( ဆိုရှယ်မီဒီယာ)

မေ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်နယ်မြေ၊ တပ်မဟာ(၇) ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ မော်ကွီးလု စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်သို့ မေလ ၁၅ ရက်နေ့ ကတည်းက ရောက်ရှိနေသူ စစ်ရှောင်များ ယနေ့နံနက်ပိုင်းတွင် နေရပ်ပြန်လာကြပြီဖြစ်ကြောင်း စစ်ရှောင်များ၏ ပြောပြချက်အရ သိရသည်။

ထိုင်းသတင်းအရင်းအမြစ်ဘက်က အဆိုအရ စစ်ကောင်စီ၏ မော်ကွီးလုစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်နေခြင်းကြောင့် သောင်ရင်းမြစ်ကိုဖြတ်၍ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ တာ့ဆောင်ယန်းမြို့နယ်၊ မယ်လမြို့နယ်ခွဲအတွင်း ဘုန်းကြီးကျောင်းနေရာ နှစ်ခုတွင်စစ်ရှောင်ရန်ရောက်ရှိလာသူ ၄၁၄ ဦး ရှိသည်။

မေလ ၁၆ ရက်နေ့က KNLA ဘက်မှ အဆိုပါစခန်းကို အပြီးသတ်သိမ်းပိုက်လိုက်နိုင်ပြီးနောက် ယနေ့ နံနက်ပိုင်း တွင် ထိုင်းဘုန်းကြီးကျောင်းတစ်နေရာ၌ စစ်ရှောင်နေသူ ၂၀၀ ကျော်မှာ နေရပ်ပြန်လာကြခြင်းဖြစ်သည်ဟု အိမ်ပြန်ရောက်ရှိနေသူ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

“ဘုန်းကြီးကျောင်းမှာက ၂၀၀ ကျော်ပဲ။ ကလေးတွေလည်းအများကြီးပါတယ်။ ကျမတို့ ဒီမနက်ပြန်လာကြတယ်။ တစ်ခြားအပြင်မှာ(အသိအိမ်)နေတဲ့သူတွေက မနေ့ကတည်းကသူတို့ပြန်လာတယ်။ ထိုင်းဘက်က အကုန်လုံးစီစဥ်ပေးပါတယ်။ တစ်ခြား အဖွဲ့လည်းလာလှူတာရှိတယ်” ဟု အဆိုပါ အမျိုးသမီးက ကေအိုင်စီသို့ ပြောသည်။

ထိုင်းအာဏာပိုင်များအပြင် စစ်ရှောင်များအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး -UNHCR၊ ကလေးသူငယ်များကူညီစောင့်ရှောက်ရေးဆိုင်ရာအသင်း-Save the Children, Shoklo Malaria Research Unit –SMRU အပါအဝင် အခြားအလှူရှင် အဖွဲ့များကလည်း စားသောက်စရာနှင့်ကလေးများအတွက် ကျောင်းသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။

နှစ်လတာအတွင်း ဖားအံခရိုင်၊ ဒေါနတောင်တစ်ကြောရှိ စစ်ကောင်စီ၏ နယ်စပ်ခြေကုပ်စခန်းများကို KNLA အပါအဝင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO နှင့် ပူးပေါင်းတပ်များက ဆက်တိုက်သိမ်းယူ ထားနိုင်သည်။ တိုက်ပွဲဖြစ်စဥ်တိုင်း စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် ဒေသခံများမှာ ထိုင်းနိုင်ငံဘက် ထွက်ပြေးစစ်ရှောင်ကြရကြောင်း ထိုင်းသတင်းအရင်းအမြစ်များက ဖော်ပြသည်။

ဧပြီနှင့် မေလအတွင်း စစ်ကောင်စီ၏ မော်ကွီးလုစခန်းအပါအဝင် တာလယ်ဗျူဟာ၊ တခေါ်ဘီခွီး၊ ပူလူတူ၊ ခလယ်ဒေး၊ မော်ဖားသူ စခန်းများကို KNLA ပူးပေါင်းတပ်က သိမ်းယူနိုင်ခဲ့သည်။ ကရင်ပြည်တွင်း နေရပ်စွန့်ခွာသူများ ကော်မတီ-CIDKP က စာရင်းထုတ်ပြန်ချက်အရ ထိုစခန်းသိမ်း တိုက်ပွဲများမတိုင်ခင် ပြီးခဲ့သည့်မတ်လအတွင်း ဖားအံခရိုင်တွင် စုစုပေါင်း စစ်ရှောင်ဦးရေ ၃၀,၀၀၀ နီးပါးရှိသည်။