မေ ၁၆ ရက် ၊၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ် လမ်းပိုင်းနေရာအများစုကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထား၍ စစ်ကောင်စီ က ရေလမ်းသုံးပြီး ရေးမြို့တွင် အင်အားဖြည့်စည်းမှုများ ပိုမိုပြုလုပ်လာသည်ဟု မွန်ပြည်ကာကွယ်ရေးတပ်-MSRF ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။
အဆိုပါ ရေး-သံဖြူဇရပ် လမ်းပိုင်းတွင် ဒေသအခြေစိုက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ မွန်တော်လှန်ရေးတပ်ဖွဲ့၊ ပြည်သူ့ ကာကွယ်ရေးတပ်-PDF အစရှိသည့် တော်လှန်ရေးတပ်များက ဂိတ်ချ စစ်ဆေး မှုများရှိသည့်အတွက် ယခုလို စစ်ကောင်စီက ရေလမ်းကိုသာ အားထား သွားလာရခြင်း ဖြစ်သည် နိုင်နဂါးက ယခုလို ပြောသည်။
“ရေးနဲ့ ရေဖြူကြားမှာဆိုလို့ရှိရင်လည်း တော်လှန်ရေးအဖွဲ့တော်တော်များများက အဆင်ပြေရင်ပြေသလို သတင်း ရရင်ရသလို ကျနော်တို့စစ်ဆေးဆောင်ရွက်မှုတွေ လုံခြုံရေးပေးမှုတွေ ရှိတယ်။ ဒါကြောင့်လည်း စစ်ကောင်စီတပ် တွေက အခုလို ရေကြောင်းကို အထူးအဓိကထားပြီး ရွှေ့ပြောင်းမှုတွေလုပ်ဆောင်လာတယ်လို့ ကျနော်ပြောချင် ပါတယ်” ဟု ၎င်းက မေ ၁၆ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
ရေးမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပြီးခဲ့သည့်ဧပြီလမှစတင်ပြီး ရေကြောင်းကို အဓိကအသုံးပြုပြီး ရေးမြို့နယ်အခြေစိုက် အမှတ်(၁၉)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်သို့ လက်နက်ခဲယမ်းများ၊ တပ်သားများကို ပို့ ဆောင်ပြီး၎င်းမှတစ်ဆင့် ရေးချောင်းဖျားရှိတပ်ရင်းများကို အင်အားဖြည့်တင်းမှုများကို ဆက်တိုက်လုပ်ဆောင် နေသည်ဟု သိရသည်။
“အဓိကကတော့ မိုးတွင်းကာလရောက်လာတာ ကြောင့်ရယ်၊ မြေပြင်မှာ စကစ ဘက်ကအထိနာလာတဲ့အတွက် ကြောင့် အခုလိုရေကြောင်းကို အဓိက အသုံးပြုလာတာတွေ့ရတယ်။ နောက်တစ်ခုက ရေး-သံဖြူဇရပ်လမ်းပိုင်း တွေမှာ တော်လှန်ရေးတပ်တွေကနေရာတချို့ကိုထိန်းချုပ်ထားနိုင်တာတွေလည်းရှိနေတော့၊ အခုလို ကြိုတင် ဖြည့်တင်းတာတွေကို လုပ်ဆောင်လာတယ်” ဟု နိုင်နဂါးက ဆက်ပြောသည်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းဒေသတွင် ပြီးခဲ့သည့် ဇန်နဝါရီလတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ရက်ရှည်တိုက်ပွဲဖြစ်ပွားပြီးနောက် ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဒေသခံပြည်သူများအား ရိက္ခာဆေးဝါး သယ်ဆောင်မှုများကိုလည်း ကန့်သတ် လိုက်သည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် ရေးမြို့နယ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အားကောင်းလာသည့် အခြေအနေတွင်ရှိနေ သောကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်နှင့် ရိက္ခာဖြည့်တင်းခြင်း၊ တပ်အင်အားဖြည့် တင်းခြင်း၊ ခံစစ်ပြင်ဆင်ခြင်းများကို ယခင်ကထက် ပိုမိုပြုလုပ်ထားကြောင်း ဒေသအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်များကလည်း သုံးသပ်ပြောဆိုထားသည်။



















