Home သတင်း ကော့ကရိတ်တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် တစ်လအတွင်း ကလေးငယ် (၂) ဦးအပါအဝင် အရပ်သား (၁၄) ဦး သေဆုံး

ကော့ကရိတ်တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် တစ်လအတွင်း ကလေးငယ် (၂) ဦးအပါအဝင် အရပ်သား (၁၄) ဦး သေဆုံး

729

မေလ ၂၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်၊ ကျုံဒိုးမြို့နယ် အတွင်း ပြီးခဲ့သည့် ဧပြီ ၁၄ ရက်မှ ယခု မေ ၁၉ ရက်အထိ စစ်ကောင်စီက လေ ကြောင်းမှ ဗုံးကြဲခြင်း၊ ဒရုန်းဗုံးကြဲချခြင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် ကလေးငယ် နှစ်ဦး အပါအဝင် အရပ်သား ၁၄ ဦး သေဆုံးပြီး (၂၄ ) ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ၏ မေလ ၂၀ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့သူ (၁၄) ဦးထဲတွင် (၃)နှစ်အရွယ် ကလေးငယ် ၂ ဦး၊ ကိုယ်ဝန်ဆောင်သည် တစ်ဦးနှင့် (၆၄) နှစ်အရွယ် သက်ကြီးရွယ်အိုတစ်ဦးပါဝင်ခဲ့ပြီး ၎င်းထိခိုက် ဒဏ်ရာရရှိသည့် ၂၄ ဦးထဲတွင် သံဃာတော်များ၊ မူလတန်းအရွယ် ကလေးငယ်များဖြစ်သည်ဟု MLA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျုံဒိုးဘက်မှာက အနီးကပ်တိုက်ပွဲပုံစံမျိုးမရှိဘူး။ လက်နက်ကြီး အပြန်အလှန်ပစ်တဲ့ ပုံစံမျိုးဖြစ်နေ တာတော့ ရှိတယ်။ တောက်လျှောက်ဖြစ်နေတာမဟုတ်ဘဲ အတော်ကြာကြာမှ အလုံးကြီးပစ်သံ ကွဲသံ ၃-၄ ချက်လောက်ကြားရလိုက် ပြန်တိတ်သွားလိုက်ပုံစံမျိုးပေါ့။ အခြေအနေကတော့ မပြန်သေးတာပဲ ကောင်းပါတယ် ။ ” ဟု စစ်ရှောင်သူ မြို့ခံတစ်ဦးက ပြောသည်။

ထို့အတူ ပြီးခဲ့သည့် မေ ၁၉ ရက်နေ့တွင်လည်း ကျုံဒိုးမြို့ပေါ်မှ စစ်ရှောင်နေသူတစ်ဦးသည် မြို့ပေါ်ရှိ နေအိမ်သို့ ခေတ္တ ပြန်လာကြည့်စဉ် လက်နက်ကြီးကျည်စထိမှန်ပြီး သေဆုံးခဲ့သည်ဟု အဆိုပါ စစ်ရှောင်သူက ပြောသည်။

လက်ရှိတွင် မေလ ၁၅ ရက်နေ့မှစ၍ နေ့စဉ်နီးပါး စစ်ကောင်စီ ခြေမြန်တပ်ရင်း-ခမရ (၅၄၅)၊ (၅၄၆) တပ်ရင်းက လက်နက်ကြီး ပစ်ခတ်ခြင်း၊ ကျုံဒိုးအခြေခံပညာ အထက်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီ ဒရုန်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲခြင်းများကို အရပ်သားများ နေထိုင်ရာဘက်သို့ တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်လျက်ရှိနေကြောင်း ဒေသခံသတင်းအရင်းမြစ်များက ဆိုသည်။

စစ်ကောင်စီ၏ ထိုကဲ့သို့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့်လတွင်လည်း ကမ်းနီရွာရှိ ဘုန်းကြီးကျောင်းနှင့် ဗလီ၊ ကမ္မရိုက်ဘုန်းကြီးကျောင်း၊ သလွဲထော်ဘုန်းကြီးကျောင်းနှင့် ဝင်းကကျေးရွာရှိ စာသင်‌ကျောင်း စသည့်အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မွန်ပြည်လွတ်မြောက်ရေးတပ်တော် အပါအဝင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ မဟာမိတ်ပူးပေါင်းတပ်များအနေဖြင့် ဧပြီလ (၁၅)ရက်နေ့မှ ယနေ့ အချိန်ထိ စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ပြည်သူများအနေနှင့် လေကြောင်း အန္တရာယ်ကို သတိပြုကာ နေထိုင်ကြရန် MLA မှ အသိပေးထုတ်ပြန်ထားသည်။