Home သတင်း သုံးဆူသို့ လျှပ်စစ်ပြန်ပေးရန် ထိုင်းကို DKBA မေတ္တာရပ်ခံ

သုံးဆူသို့ လျှပ်စစ်ပြန်ပေးရန် ထိုင်းကို DKBA မေတ္တာရပ်ခံ

829
Photo: CJ

မေ ၂၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ်၊ ဘုရားသုံးဆူမြို့၌ အွန်လိုင်းငွေလိမ်ကျားဖြန့်လုပ်ငန်းများ မရှိရေး ထိုင်းတာဝန်ရှိသူတို့နှင့် အတူ ပူးပေါင်းတိုက်ဖြတ်ခဲ့ပြီး နယ်စစ်တွင် နေထိုင်သည့် ပြည်သူများကို စာနာသောအားဖြင့် လျှပ်စစ်မီးပြန်ပေး DKBA က ပြည်သူ့ကိုယ်စား ထိုင်းတာဝန်ရှိသူထံ မေ ၁၆ ရက်နေ့တွင် မေတ္တာရပ်ခံ စာပေးပို့ခဲ့သည်။

ထိုင်းအစိုးရမှ ထိုင်း-မြန်မာ နယ်စပ်မြို့များတွင် အွန်လိုင်းငွေကြေးလိမ်လည်မှု ကျားဖြန့်လုပ်ငန်းနှင့် လောင်းကစား လုပ်ငန်းများ တိုက်ဖျက်ရန် ရည်ရွယ်ကာ ဘုရားသုံးဆူမြို့ကို လျှပ်စစ်ဓာတ်အား၊ အင်တာနက်နှင့် လောင်စာဆီ တင်ပို့မှု များကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် တားမြစ် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ယခုလို ပိတ်ပင်ထားခြင်းကြောင့် ဒေသခံပြည်သူများ ကျန်းမာရေး၊ ပညာရေးနှင့် စားဝတ်နေရေး ခက်ခဲလာသည့် အတွက် ထိုင်းအစိုးရနေဖြင့် နယ်စပ်နေ ပြည်သူများကို စာနာသောအားဖြင့် လျှပ်စစ်ဓာတ်အားပြန်ပေးရန် ဒီမိုက ရေစီအကျိုးပြု ကရင့်တပ်မတော်- DKBA၊ အမှတ် (၂) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းက ထိုင်း၏ ပေါချောဒေါ ကော်မတီဥက္ကဋ္ဌထံ မေတ္တာရပ်ခံစာ ပေးပို့ခြင်း ဖြစ်သည်။

“တရုတ်တွေ ပြန်ထွက်ပြီးနောက်ပိုင်းမှာ မီးမပေးတော့ သွားပြောတဲ့အခါ အထက်ကို စာတင်ခိုင်းတယ်။ ကျနော် တင်ပြတော့ သူတို့က အဆင့်အဆင့်ပြန်တိုင်ပင်မယ်လို့ ပြောပြီး နောက်တစ်မျိုး ပြန်ပြောတာက မြဝတီ ရွှေကုက္ကိုလ်အခြေအနေစောင့်ကြည့်မယ်တဲ့။ မြဝတီရွှေကုက္ကိုလ်က မီးမရလည်း သူတို့လုပ်ရင်လုပ်မှာပဲ။ ကျနော်တို့ ဘုရားသုံးဆူက အဲလိုမှမဟုတ်တာ အဲဒါကြောင့် ဘုရားသုံးဆူမြို့ကို မီးတွေပြန်ပေးသင့်တာကြောင့် အခုစာ ပို့တာ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ဘုရားသုံးဆူမြို့သည် ဖွံ့ဖြိုးမှုနောက်ကျသည့် မြို့လေးတစ်မြို့သာဖြစ်ပြီး အွန်လိုင်းငွေကြေးလိမ်လည်သည့် တရားမဝင် တရုတ်လူမျိုးများမရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်နေလျက်ရှိကာ အခြားနယ်စပ်မြို့ကြီးနှင့် နှိုင်းယှဉ်ပြီး လျှပ်စစ်ဓာတ်အားများ မဖြတ်သင့်ကြောင်းလည်း ဗိုလ်မှူးကြီးအေဝမ်းက ဆက်ပြောသည်။

ထိုအပြင် ထိုင်းနယ်စပ်တွင် အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများ အခြေမချနိုင်ရေးနှင့် ဘုရားသုံးဆူနယ်စပ် မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးများ ရောင်းချတင်ပို့မှု မရှိစေရေးအတွက် DKBA အနေဖြင့် ကြိုးပမ်း ဆောင်ရွက်နေသလို ထိုင်း တာဝန်ရှိသူများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အဆိုပါ စာ၌ ဖော်ပြ ထားသည်။

ဘုရားသုံးဆူသို့ ရောက်ရှိလာသည့် တရားမဝင် တရုတ်လူမျိုးများကို ၂၀၂၅ ဖေဖော်ဝါရီ ၂၈ ရက်မတိုင်မီ မြို့ထဲမှ အမြန်ဆုံး ထွက်ခွာသွားရန် အမိန့်ထုတ် စစ်ဆေးကြပ်မတ်ခဲ့သလို တရားမဝင် တရုတ်လူမျိုးများ ထွက်ခွာသွားပြီ ဖြစ်ကာ ပြန်မဝင်နိုင်ရေး တားဆီး သွားမည်ဟု DKBA ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ၍ ထိုင်း-မြန်မာ နယ်စပ် ဘုရားသူံးဆူပါအဝင် မြဝတီ၊ ရွှေကုက္ကိုလ်နှင့် တာချီလိတ်မြို့များတွင် ထိုင်း လျှပ်စစ်ဓာတ်အားများကို ဖြတ်တောက်လိုက်သည်။ ထို့အပြင် အင်တာနက်နှင့် လောင်စာ ဆီ တင်ပို့မှုကိုလည်း ရပ်ဆိုင်းခဲ့သည်။

ထို့ကြောင့် မြဝတီ၊ ရွှေကုက္ကိုလ်နှင့် အခြား အွန်လိုင်း‌လောင်းကစားများ ရှိသည့် နယ်စပ်နေရာများတွင် လုပ်ကိုင် နေသည့် အွန်လိုင်းငွေကြေးလိမ်လည်မှု ကျားဖြန်များကို နယ်မြေတာဝန်ရှိသူများက ဝင်ရောက်ဖမ်းကာ ထိုင်းနိုင်ငံ မှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံအသီးသီး လူထောင်ချီ ပြန်ပို့လွှဲပေး ခဲ့သည်။