Home သတင်း ကေအဲန်ယူ စစ်ရေး၊ နိုင်ငံရေးအကြံပေး ဗိုလ်မှူးကြီးထူးထူးလေး၏ဈာပန ပြုလုပ်ပြီးစီး

ကေအဲန်ယူ စစ်ရေး၊ နိုင်ငံရေးအကြံပေး ဗိုလ်မှူးကြီးထူးထူးလေး၏ဈာပန ပြုလုပ်ပြီးစီး

291

မေ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး-ဗဟို၏ စစ်ရေး၊ နိုင်ငံရေးအကြံပေး ဗိုလ်မှူးကြီးထူးထူးလေး၏ ရုပ်အ လောင်းအား ဂူသွင်းမြှုပ်နှံခြင်းဈာပနအခမ်းအနားကို ကေအဲန်ယူ-ဗဟိုနယ်မြေ၌ ယနေ့ မေလ၂၀ ရက်နေ့ မွန်းလွဲ ပိုင်းက ပြုလုပ်ခဲ့ရာ ၎င်း၏မိသားစုဝင်များနှင့် ခေါင်းဆောင်များအပါအဝင် လူ ၂၀၀ ဝန်းကျင် တက်ရောက် ကြသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်ဘဝမှ ကေအဲန်ယူဗဟိုအကြံပေးအဖြစ် ကွယ်လွန် ချိန်အထိ တော်လှန်ရေးသက်တမ်း နှစ်ပေါင်း ၄၀ ကျော်ဖြတ်သန်းခဲ့သော ဗိုလ်မှူးစောထူးထူးလေးမှာ မေလ ၁၇ ရက်နေ့က ကင်ဆာရောဂါဖြင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ကျန်ရစ်သူမိသားဝင်များက ဗိုလ်မှူးထူးထူးလေးအတွက် မဲဆောက်မြို့ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ယနေ့ နံနက်ပိုင်း ဝတ်ပြုဆုတောင်းခြင်းအစီအစဥ်ပြုလုပ်ခဲ့ကြပြီးနောက် ရုပ်အလောင်းကို ကေအဲန်ယူဗဟိုနယ်မြေသို့ ပြန်လည်သယ်ဆောင်လာ၍ ဂူသွင်းမြှုပ်နှံဈာပနပြုလုပ်ခဲ့သည်။

“ဖူးထူးထူးလေးက ကေအဲန်ယူအတွက်သာမကဘူး။ မြန်မာနိုင်ငံရဲ့ အမှန်တရားနဲ့မူဝါဒ အပေါ်မှာအခြေခံတဲ့ ငြိမ်းချမ်းရေးကိုပါ ညှိနှိုင်းရှာတယ်။ မြန်မာနိုင်ငံရဲ့နိုင်ငံရေးက အာဏာပေါ်မှာ အခြေခံပြီးသွားနေကြတယ်။ အမှန်တရားနဲ့မူဝါဒအပေါ်မှာ အခြေခံပြီးတော့ ဆင်းရဲဒုက္ခရောက်နေကြတဲ့ IDP (စစ်ရှောင်)တွေကစ အထက်အထိ ပြုပြင်ပြောင်းလဲမှုလုပ်နိုင်တဲ့ လုပ်ဖို့အတွေးအခေါ်ဆန္ဒရှိတဲ့ သူလိုလူမျိုးက အင်မတန်ရှားတယ်။ ဒီနိုင်ငံအတွက်နစ်နာတယ်လို့ ပြောလို့ရတယ် ဆုံးရှုံးမှုကြီးပါ။” ဟု ဈာပနသို့တက်ရောက်လာသူ ကေအဲန်ယူ၏ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောသည်။

ဗိုလ်မှူးကြီးစောထူးထူးလေး၏ ဈာပနအခမ်းအနားကို ကေအဲန်ယူ ဥက္ကဋ္ဌဗဟိုစောကွယ်ထူးအပြင် တွဲဘက် အထွေထွေအတွင်းရေးမှူးများ၊ ဌာနဆိုင်ရာခေါင်းဆောင်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO နှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF ခေါင်းဆောင်များ၊ ကရင် လူငယ်များ၊ မိတ်ဆွေများနှင့် ဧည့်သည်များအပါအဝင် လူဦးရေ ၂၀၀ ဝန်းကျင် တက်ရောက်နှုတ်ဆက်ခဲ့ကြသည်။

ထို့အပြင် အစီအစဥ်အရ ကေအဲန်ယူခေါင်းဆောင်များက ဗိုလ်မှူးကြီးစောထူးထူးလေး ဘဝအတ္ထုပတ္တိနှင့်‌ တော်လှန် ရေးဖြတ်သန်းမှုကို အကျဥ်းရုံးဖတ်ပြခြင်း၊ အမိန့်စာပြန်ခြင်း၊ သေနတ်ပစ်‌ဖောက်အလေးပြုခြင်း၊ မိသားစုဝင်နှင့် တက်ရောက်လာသည့်ပရိသတ်များက ကြွင်းကျန်ရစ်သော ရုပ်အလောင်းကို နောက်ဆုံးနှုတ် ဆက်ခြင်းနှင့် ဂူသွင်းခြင်းအစီအစဥ်တို့ပြီးနောက် ဈာပနပွဲကိုရုပ်သိမ်းခဲ့သည်။

ဗိုလ်မှူးကြီးစောထူးထူးလေးကို ၁၉၄၇ ခုနှစ်၊ မေလ (၂၆)ရက်နေ့တွင် ရန်ကုန်မြို့၌မွေးဖွားခဲ့ပြီး မောင်နှမသုံး ယောက်ရှိသည့်အနက် အကြီးဆုံးသားဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် ဥပဒေဖြင့်ဘွဲ့ရရှိပြီးနောက် တရားရေး ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရင်း ၁၉၇၇ ခုနှစ်၍ ဖားအံမြို့သို့ တာဝန်ဖြင့်ရောက်ရှိလာသည်။

၁၉၇၉ ခုနှစ်တွင် ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေ၌ KNLA စစ်သားဘဝဖြင့် အစပြုခဲ့ပြီးနောက် ကရင်အမျိုးသား တော်လှန်ရေးအတွင်း ထဲထဲဝင်ဝင်ရောက်ရှိလာပြီး စစ်ရေးနှင့်အုပ်ချုပ်ရေးတာဝန်များကို အဆင့်ဆင့် ထမ်းဆောင်ခဲ့သည်။ အသက် (၇၈)နှစ်အရွယ်ဖြင့် ၎င်းကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့်အတူ သမီး ၃ ဦးကျန်ရစ်ခဲ့ကြောင်း သိရသည်။