Home သတင်း ဖားအံမြို့နယ်အတွင်းသို့ စစ်မကူးလာရေး ဂျိုင်းမြစ်တစ်ဘက် ရွာများ၌ စစ်ကောင်စီ ခံစစ်ပြင်

ဖားအံမြို့နယ်အတွင်းသို့ စစ်မကူးလာရေး ဂျိုင်းမြစ်တစ်ဘက် ရွာများ၌ စစ်ကောင်စီ ခံစစ်ပြင်

1108
Photo: CJ

ဧပြီ ၂၈ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့နယ် အတွင်းသို့ စစ်မကူးလာရေးအတွက် ဂျိုင်းမြစ်တစ်ဘက်ကမ်း ဖားအံမြို့နယ် ကျေးရွာများ၌ စစ်ကောင်စီက တပ်ဖြန့် ခံစစ်ပြင်ဆင်ထားသည်ဟု ကျုံဒိုးစစ်ရေးနယ်မြေ သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီက ဂျိုင်းတံတားတစ်ဘက်ကမ်း ဖားအံမြို့နယ်အတွင်းရှိ ဂျိုင်းရွာ၊ ရိုးမဟာ၊ မနီကုန်း၊ ကျားကလေး လမ်းခွဲ၊ ဘုရားကုန်း၊ ရွှေဖြူ၊ သာမညကျေးရွာဘက်အထိ စစ်ကြောင်းဖြန့်ကျက်ချထားပြီး တပ်ခွဲအလိုက် အခြေချ နေရာ များ၌ အမြောက်လက်နက်ကြီး တစ်စုများနေရာယူ ပစ်ကူပေးရန်ပြင်ဆင်နေသည်ဟု စစ်ရေး သတင်းရင်း မြစ်က ယခုလို ပြောသည်။

“အရေးကြီးတာက ကျုံဒိုးပေါ့၊ ခမရ ၅၄၅-၅၄၆ တပ်နှစ်ခုနဲ့ ရဲစခန်းကျရင် ဂျိုင်းတံတားကျော်ပြီ လေ။ အဲ့လိုဆိုရင် ဖားအံဘက် ကူးဝင်လာကြမှာကို စကစတပ်တွေက အရံအတားတွေ လုပ်ပြီး ကျူံဒိုးမြို့ကို ကာနေတယ်၊ အင်အား ၅၀၀ လောက်ရှိတယ်။ နေရာ ၁၀ ခု လောက်မှာ လက်နက်ကြီးတပ်စိတ်နဲ့ အတူ စကစက ပျူတွေ ပြည်သူ့စစ်တွေ ပါ စုထားတယ်” ဟု ၎င်းက ပြောသည်။

Photo: CJ

ထို့အပြင် ကျုံဒိုးမီးပုံကွင်း၊ ရသေ့ကျောင်းတို့၌ လက်နက်ကြီးတပ်ဆင် ထားသလို တော်လှန်ရေးတပ်ဖွဲ့များ ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများရှိသည်ဟု ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိ စစ်ကောင်စီတပ်က ကျုံဒိုး၊ ကော့ကရိတ်နယ်တွင် လေကြောင်းမှ ဒရုန်း၊ တိုက်လေယာဉ်၊ ဗုံးကြဲ လေယာဉ် များဖြင့် ကင်းထောက်၊ ဗုံးကြဲမှုဆက်လုပ် နေဆဲဖြစ်သည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA မဟာမိတ် စစ်ကြောင်းများဘက်မှလည်း စစ်ကောင်စီတပ်စခန်းများအား အနီးကပ်တိုက်ခိုက်နေသည်ဟု KNLA မဟာမိတ်တပ် တာဝန်ရှိစစ်ရေးသတင်း အရင်းအမြစ်က ပြောသည်။

လက်ရှိကျုံဒိုး- ကော့ကရိတ် အာရှလမ်းပိုင်းနှင့် ကော့ကရိတ်-မြဝတီ အာရှလမ်ပိုင်းတို့၌ KNLA မဟာမိတ် ပူးပါင်း တပ်များက စိုးမိုးထားပြီး၊ စစ်ကောင်စီတပ်က မြို့တွင်းတပ်ရင်း နေရာများတွင် ခံစစ်ပြင်တိုက်ခိုက်မှုဖြင့် ဧပြီ ၂၇ ရက် အထိ ဆက်လက်တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိသည်။