Home သတင်း တနင်္သာရီ မြို့နယ်သုံးခုတွင် စက်သုံးဆီနှင့် စားသောက်ကုန် သယ်ယူခွင့် ကန့်သတ်

တနင်္သာရီ မြို့နယ်သုံးခုတွင် စက်သုံးဆီနှင့် စားသောက်ကုန် သယ်ယူခွင့် ကန့်သတ်

534
photo: ဗထူးတပ်မတော်(ထားဝယ်မြို့အဝင်စစ်ဆေးရေးဂိတ်)

ဧပြီ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ထားဝယ်၊ လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်များတွင် မြို့ပေါ်မှ ကျေးရွာ များသို့ စက်သုံးဆီနှင့် စားသောက်ကုန် သယ်ယူခွင့်ကို စစ်ကောင်စီက ဧပြီလ နောက်ဆုံးအပတ်မှစ၍ ကန့်သတ် လိုက်သည်ဟု မြို့ခံများက ပြောသည်။

ထားဝယ်မြို့အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များဖြစ်သည့် ကမြောကင်း တံတား၊ ဗျောတောဝဂိတ်၊ ပေါက်တိုင်းဂိတ်၊ အိမ်ရှေ့ပြင်ဂိတ်များတွင် စက်သုံးဆီနှင့် စားသောက်ကုန် သယ်ယူခွင့် ပိတ်ပင်ထားသည်ဟု ထားဝယ်မြို့ခံ တစ်ဦးက ယခုလို ပြောသည်။

“သတင်းတွေကတော့ ထွက်နေတယ်။ ပြီးတော့ ဒီမြို့အထွက်က စစ်ဆေးရေး ဂိတ်တွေမှာလည်း အဲ့လိုသယ်လာ တာမြင်ရင် သိမ်းယူတာတွေလုပ်တယ်။ ကားသမား တော်တော်များများလည်း ပြောကြတာတွေရှိတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ထားဝယ်မြို့အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များဖြစ်သည့် ကမြော ကင်းတံတား၊ ဗျောတောဝဂိတ်၊ ပေါက်တိုင်းဂိတ်၊ အိမ်ရှေ့ပြင်ဂိတ်များတွင် စက်သုံးဆီနဲ့စားသောက်ကုန် သယ်ယူခွင့်ပိတ်ပင်ထားကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။

ယခုလိုစက်သုံးဆီနှင့် စားသောက်ကုန်ပစ္စည်းများ သယ်ဆောင်ခွင့်ကို ပိတ်ပင်လိုက်ခြင်းကြောင့် လတ်တလော အဆင်ပြေမှုများရှိသော်လည်း အချိန်ကြာမြင့်လာပါက စက်သုံးဆီလိုအပ်ချက်များနှင့် ကုန်ဈေးနှုန်းအဆမတန် ဈေးတက်ခြင်း၊ ပစ္စည်းပြတ်လပ်ခြင်းများကို ကြုံတွေ့လာနိုင်သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီက ယခုလို ရုတ်တရက်ရိက္ခာသယ်ဆောင်ခွင့်များကို တားမြစ်လိုက်ခြင်းကြောင့် ကျေးရွာများရှိ စစ်ဘေးရှောင် နေသူများအတွက် စားနပ်ရိက္ခာ ပြတ်တောက်သွားနိုင်ပြီး နောက်ဆက်တွဲ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်မှုများကို လုပ်ဆောင်လာနိုင်သည်ဟု လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။

“တချို့နေရာတွေမှာက ရိက္ခာဖြတ်တောက်တာတွေကတော့ကြာပြီး၊ အခုလို ရုတ်တရက်လုပ်တာတွေရှိတော့ သူတို့ ဘက်ကလည်း တစ်ခုခုလုပ်တော့မယ်ဆိုတဲ့ သဘောသက်ရောက်တယ်။ နောက်ပြီးတော့ အခုလို ဖြတ်လေးဖြတ် သဘောမျိုးနဲ့ လုပ်တဲ့အတွက် စစ်ဘေးရှောင်တွေအတွက် အခက်အခဲဖြစ်စေတယ်”ဟု ကေအိုင်စီ သို့ ပြောဆိုသည်။

လက်ရှိတွင်လည်း နှစ်ဖက်တိုက်ပွဲများပြင်းထန်နေသည့် တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ်၊ ထားဝယ်အရှေ့ တောနယ်ဒေသ၊ သရက်ချောင်းမြို့နယ် စသည့်မြို့နယ်များလည်း စစ်ကောင်စီတပ်က ဆေးဝါးနှင့် ရိက္ခာ ဖြတ် တောက်မှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ဘေးရှောင် ကူညီသူများ ၏ ပြောဆိုချက်များအရ သိရသည်။

ယခုလို နှစ်ဘက်တိုက်ပွဲများ ပြင်းထန်လာမှုနှင့်အတူ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်လာသောကြောင့် တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် အရေအတွက်မှာ ဆက်တိုက်မြင့်တက်လာလျက်ရှိသည်ဟု ကူညီနေသူများထံမှ သိရသည်။