Home သတင်း ဗုံးကြဲခံထားရသည့် ဘီးလင်းမြို့နယ်ရှိ ရွာများမှ စစ်ရှောင်ပြည်သူ နှစ်ထောင်ကျော် နေအိမ်မပြန်ရဲသေး

ဗုံးကြဲခံထားရသည့် ဘီးလင်းမြို့နယ်ရှိ ရွာများမှ စစ်ရှောင်ပြည်သူ နှစ်ထောင်ကျော် နေအိမ်မပြန်ရဲသေး

715
Photo: KPSN

ဧပြီ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံထားရသည့် မင်းစော(ဃောဖိုးပလယ်)နှင့် တဂေးလောင်း(ထီးချီဘော) ရွာနှစ်ရွာမှ စစ်ရှောင်သူ နှစ်ထောင်ကျော်မှာ ယနေ့အထိ လေယာဥ်ပျံဝဲမှုများရှိနေသဖြင့် နေအိမ်ပြန်မနေရဲကြသေးကြောင်း ၎င်းတို့ကိုအကူအညီပေးနေသူထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ(၁၉)ရက်နေ့က မင်းစောရွာဘုန်းကြီးကျောင်းသို့ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ယနေ့အထိ လေယာဥ်ပျံဝဲမှုများရှိနေ၍ ရွာနှစ်ရွာပေါင်း အိမ်ထောင်စု ၇၀၁ စုမှ လူဦးရေ ၂,၂၂၂ ဦးမှာ နေရပ်မပြန်မနေရဲကြခြင်းဖြစ်သည်ဟု ဘီးလင်းမြို့နယ်ရှိ စစ်ရှောင်ကူအမျိုးသမီးတစ်ဦးက ပြောသည်။

“လူတွေက ညညအိပ်မရဲကြဘူး။ ရှောင်နေရတယ်။ နေ့ဘက်ပြန်လာပေမယ့် ခဏပဲ၊ လေယာဥ် ကြောက်လို့ ကြာကြာမနေရဲဘူး။ လေယာဥ်ကလည်း ဒီနေ့အထိ လာလာဝဲနေတယ်။ တဂေးလောင်းက မင်းစောရဲ့ဘေးရွာ၊ မင်းစောမှာဖြစ်ပြီးကတည်းက သူတို့လည်းသတင်းကရထားတော့ မနေရဲကြဘူးလေ” ဟု အဆိုပါစစ်ရှောင်ကူအမျိုးသမီးက ပြောသည်။

မင်းစောရွာလေကြောင်းတိုက်ခိုက်ခံခဲ့ရစဥ်က သံဃာတော်များ ဆွမ်းစားနေချိန်ဖြစ်၍ ဝိုင်းဝန်း ဆွမ်းပြင်ပေးရန် ကျောင်းသို့ရောက်နေသည့် ဒေသခံများပါ ထိခိုက်သေဆုံးမှုအတွင်းပါဝင်ခဲ့သည်။ ထိုအချိန်ကတည်းက ဒေသခံများမှာ ရွာပြင်ထွက်အိပ်စက်ကြရခြင်းဖြစ်ပြီး နောက်ပိုင်း ရွာ၌ပြန်နေသူအများစုမှာလည်း လတ်တလော စစ်ကောင်စီ လေယာဥ်များအသွားအလာရှိနေ၍ သတိထားနေကြရကြောင်း ကေအဲန်ယူ တပ်မဟာ(၁)တာဝန်ရှိသူတို့ပြောပြချက်အရ သိရသည်။

အများစုမှာ တောင်ယာ၊ လယ်ယာ အသက်မွေးလုပ်ငန်းကိုသာလုပ်ကိုင်ကြရပြီး မိမိနေအိမ်၌ကောင်းစွာ နေထိုင်အလုပ်လုပ်ကိုင်ရခြင်းမရှိ၍ ရေရှည်စားဝတ်နေရေးအတွက် အခက်အခဲဖြစ်လာနိုင်မည်ဟုလည်း စစ်ရှောင်များကိုအကူအညီပေးနေသည့် ဖော်ပြပါ အမျိုးသမီးက ဆက်ပြောသည်။

၎င်းက “လေယာဥ်လာလာနေတာ့ အလုပ်ကကောင်းကောင်းမလုပ်ရဘူး။ အသံကြားတာနဲ့ရှောင်ရပြီ။ လက်ရှိတော့ရှိတာလေးနဲ့ စားတယ်။ ရက်ရှည်မှာဆိုရင် ပိုပြီးအဆင်မပြေဘူးလေ။ သူတို့အတွက်အဓိကလိုအပ်တာ အခြေခံစားသောက်ကုန်၊ ဆန်၊ ဆီပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ရှောင်အုပ်စုတွင် ပါဝင်သည့် တဂေးလောင်းကျေးရွာမှာ ယခုနှစ် ဇန်နဝါရီလလယ်က စစ်ကောင်စီမှ ဒုတိယအကြိမ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့် ကျေးရွာဖြစ်ပြီး ထိုစဥ်က ရွာပြင်နှင့် စာသင်ကျောင်းသို့ ဗုံးကျရောက်၍ ရွာခံများ စိုးရိမ်ထိတ်လန့်မှုအတွင်း သွားသွားလာလာလုပ်ခဲ့ရသည့်အပြင် ကျောင်းဆက်လက်ဖွင့်နိုင်ရေး စိန်ခေါ်မှုရှိခဲ့သေးသည်။

ယခုဧပြီလအတွင်း စစ်ကောင်စီက ကေအဲန်ယူထိန်းချုပ်သည့်နယ်မြေများအား လေကြောင်းတ ိုက်ခိုက်မှုများ ထပ်တိုးလုပ်ဆောင်လာနေခြင်းကြောင့် ပြည်သူလူထုအသက်အိုးအိမ် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပွားလျက်ရှိသည်။ ကရင်ပြည်တွင်းနေရပ်စွန့်ခွာရသူများကော်မတီ-CIDKP ၏ မတ်လအထိစာရင်းများအရ ကေအဲန်ယူထိန်းချုပ်သည့် ခရိုင်ခုနှစ်ခုလုံးပေါင်း စစ်ရှောင် ၁၁သိန်းကျော်ရှိလာပြီး သထုံခရိုင်တစ်ခုတည်းတွင် စစ်ရှောင်ဦးရေ ၁ သိန်း၄သောင်းကျော်ရှိသည်။