ဧပြီ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ဧရိယာ၊ ဒေသတဝိုက်တွင် စစ်ကောင်စီက အင်အားအလုံး အရင်းဖြင့် ဝင်ရောက်လာပြီး နယ်မြေရှင်းလင်းရေး အပြီးသတ်လုပ် လုပ်ဆောင်တော့မည့် အလားအလာများရှိနေသည်ဟု ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုများက ပြောသည်။
ထိုဒေသကို စစ်ကောင်စီအနေဖြင့် ပြီးခဲ့သည့် မတ်လလယ်ပိုင်းမှစ၍ ရေဖြူနှင့်လောင်းလုံး မြို့နယ်အတွင်း အင်အား ၉၀၀ ခန့်ဖြင့် စစ်ကြောင်း ၃ ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်ဟု လောင်းလုံးမြို့နယ်၊ ပြည်သူ့ ကာကွယ်ရေးတပ် ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ရှဲဒိုးက ယခုလို ပြောသည်။
“အင်အားက စုစုပေါင်း ၉၀၀ ဝန်းကျင်လောက်ရှိတယ်။ ဒီနေ့ဆိုရင်တော့ ၈၀၀ ဝန်းကျင်လောက်အထိ ကျန်အုံး မယ်။ ၁၀၀ ကျော်လောက်တော့ပြန်ဆုတ်သွားတယ်” ဟု ရဲဘော်ရှဲဒိုးက ဧပြီ ၈ ရက်နေ့တွင် ကေအိုင်စီသို့ ပြောဆို သည်။
ထို့အပြင် စစ်ကောင်စီတပ် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ရန် ရုရှားနှင့် သဘောတူညီမှုများရရှိပြီးနောက် အထူးစီးပွားရေးဇုန်ရှိသည့် နဘုလယ်ဒေသအနီးတဝိုက်ရှိ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်များကို အပြီးသတ်ရှင်းလင်းမှုများ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ထားပြီး ယခုလို အင်အား ရာချီ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်ဟု ရဲဘော်ရှဲဒိုးက ခန့်မှန်းပြောဆိုသည်။
၎င်းက “ရေနက်ဆိပ်ကမ်းအစပျိုး စနိုင်ဖို့နယ်မြေရှင်းတာဗျ။ နယ်မြေရှင်းတဲ့နေရာမှာ အပြောင်ရှင်းမယ့်သဘော ထင်တယ်။ အရင်ကလည်းစစ်ကြောင်းတွေ ထိုးလာဖူးတာပဲ။ ဒီလိုအင်အားမျိုးသုံးလာတာ မရှိဖူးဘူး။ မအလက ရေနက်ဆိပ်ကမ်းကို ရုရှားနဲ့လုပ်ဖို့ ရုရှားခရီးစဉ်ပြီးမှာ ခုလိုလုပ်ဆောင်တာတွေရှိလာတာ” ဟု ဆက်ပြောသည်။
လက်ရှိချိန်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲကာ မောင်းမကန်၊ နဘုလယ် ဒေသ နှင့် ထားဝယ် ရေနက်ဆိပ်ကမ်း အနီးတို့တွင် ရှိနေပြီး ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသော်လည်း စစ်ရေးအရတင်းမာမှုများရှိနေသည့်အတွက် အချိန်မရွေး တိုက်ပွဲများဖြစ်ပေါ် လာနိုင်ကြောင်း ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့နံနက်အချိန်တွင်လည်း ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ၊ ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာ အတွင်းရှိ ဧကနိကျေးရွာအနီးဝန်းကျင်သို့ စစ်ကောင်စီတပ်စစ်ကြောင်း ရောက်ရှိလာသောကြောင့် ဒေသခံ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောဆိုသည်။
အဆိုပါ စစ်ကြောင်းသည် လက်ရှိချိန်တွင် ရေဖြူမြို့နယ်နှင့် လောင်းလုံးမြို့နယ် အတွင်းသို့ လှည့်ပတ်သွားလာ နေပြီး မတ်လ ၃၁ ရက်နေ့တွင် ဒေသခံတချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသည်။ ခေါင်ပြန်ရွာနှင့် ဒိုက်တကော် ရွာတို့တွင် အဖမ်းခံရသည့် ရွာသား ခြောက်ဦးနှင့် ဇာဒီရွာဒေသခံ ငါးဦးတို့ကိုမူ ဧပြီ ၃ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်သည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။၊
တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ပယကျေးရွာ ၊ ခွေးမဖောကျေးရွာ ၊ ဇာဒီကျေးရွာ ၊ ခေါင်ပြန်ကျေးရွာ ၊ ဒိုက်တကော် ကျေးရွာ၊ ခရင်းချောင်းကျေးရွာနှင့် နဘုလယ် ဒေသရှိ ဒေသခံများအနေဖြင့်ဘေးလွှတ်ရာနေရာများသို့ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေါနတနင်္သာရီ စစ်ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆရာယောနသံက ပြောသည်။
“စစ်ဘေးရှောင်စုစုပေါင်း ၃ ထောင်နဲ့ ၅ထောင်ကြားရှိမယ်လို့တော့ ခန့်မှန်းရပါတယ်။ နီးစပ်ရာတောတောင် ဥယျာဥ်ခြံ တွေနဲ့ ရွာတွေဘက်ကို ရှောင်နေကြရတာ ဖြစ်ပါတယ်။ စစ်ကြောင်းကတော့ နဘုလယ်ဒေသကို အဓိက ထားပြီး နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ ယူဆရပါတယ်။ ပြီးတော့ အဲဒီ နဘုလယ် အထူးစီးပွားရေးဇုန်နဲ့ အနီးတစ်ဝိုက်မှာလည်း တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအချို့လည်းရှိပါတယ်” ဟု ၎င်းက ပြောသည်။
ယခုတဖန် စစ်ကောင်စီက ရုရှားအစိုးရနှင့် ပူးပေါင်းအကောင်အထည်ဖော်ရန် ကြိုးပမ်းလာသည့် ထားဝယ် အထူး စီးပွားရေးဇုန်သည် ၁၉၆ စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး ၎င်းစီးပွားရေးဇုန်အတွင်း မြန်မာ-ထိုင်းနယ်စပ်သို့ ဆက်သွယ်ထားသည့် အဝေးပြေးကားလမ်းနှင့် မီးရထားလမ်းတို့ပါဝင်သည်။
၎င်းအပြင် ရေနက်ဆိပ်ကမ်း၊ ကျောက် မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေနံချက်စက်ရုံ၊ ရေနံဓာတုစက်ရုံနှင့် အခြား သဘာဝပတ်ဝန်းကျင် ညစ်ညမ်း စက်ရုံများစွာ ပါဝင်နေသည်ဟုလည်း လူမှုအဖွဲ့အစည်းများက ပြောဆိုသည်။
ထို့ကြောင့် အဆိုပါ အထူးစီးပွားရေးဇုန်အတွင်းရှိ စက်ရုံများသည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုအသိုက်အဝန်း အတွက် ဆိုးရွားသောညစ်ညမ်းမှုများ ဖြစ်ပေါ်စေခြင်း၊ အာဏာသိမ်းယူထားသည့် စစ်ကောင်စီတပ်နှင့် သဘောတူ ပြီးလုပ်ဆောင်သည့် စီမံကိန်း များသည် တရားမဝင်ဟု တနင်္သာရီအရပ်ဖက်အဖွဲ့အစည်းများက ထုတ်ပြန် ပြောဆို ထားသည်။
ထို့အပြင် ဒေသခံပြည်သူများအပေါ် လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှုဆိုင်ရာ နှင့်အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများကို ကြီးမားသည့် ဆိုးကျိုး သက်ရောက်မှုများ ပေးလာနိုင်သည်ဟု တနင်္သာရီဒေသ အရပ် ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစု စုစုပေါင်း ၁၁ ဖွဲ့တို့က လက်မခံကန့်ကွက်သည်ဟု ပူးတွဲ သဘောထားထုတ်ပြန် ထားသည်။



















