Home သတင်း သင်္ကြန်ကာလကို နှစ်သိမ့်အားပေးမှုရက်သတ္တပတ်အဖြစ် NUG သတ်မှတ်

သင်္ကြန်ကာလကို နှစ်သိမ့်အားပေးမှုရက်သတ္တပတ်အဖြစ် NUG သတ်မှတ်

722
Photo: Myanmar Fire Services

ဧပြီ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်၍ ယနေ့ထိ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများကြုံတွေ့နေရသည့် ဖြစ်ရပ်ဆိုးများအား ပြည်သူမှ ပြည်သူသို့ အားပေးနှစ်သိမ့်နိုင်ရန်အတွက် တစ်နိုင်ငံ လုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှုရက်သတ္တပတ်အဖြစ် ဧပြီ ၁၃ ရက်နေ့မှ ၂၀ ရက်နေ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတ်မှတ်လိုက်သည်။

လတ်တလော မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အင်အား ၇.၇ ပြင်းအားရှိ ငလျင်ကြီး (Major Earthquake) ငလျင်ကြောင့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံမှ အသက်အိုးအိမ်များပျက်စီးဆုံးရှုံးခြင်း၊ အာဏာ သိမ်းပြီး နောက်ပိုင်း စစ်တပ်၏ အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ဗုံးကြဲခြင်းများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူများ ကို စာနာသောအားဖြင့် နှစ်သိမ့်အားပေးမှုရက်သတ္တပတ်အဖြစ် သတ်မှတ်ရခြင်းဖြစ်သည်ဟု NUG က ပြောဆို သည်။

အဆိုပါ နှစ်သိမ့်အားပေးမှုရက်သတ္တပတ် ၈ ရက်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ကိုယ်စားလှယ်ရုံးများ၊ သံတမန်ရုံးများ (သို့) သတ်မှတ်ထားသည့် စုစည်းရာနေရာများတွင် ဝမ်းနည်းမှတ်တမ်းများ ရေးထိုးခြင်း၊ ဝမ်းနည်းခြင်း ပန်းပွင့်၊ ပန်းစည်း၊ ပန်းခြင်းများ ပေးပို့ခြင်း၊ မိမိနေထိုင်ရာ တိုင်းပြည်များ၏ ဓလေ့ထုံး စံများနှင့်အညီ စုဝေးဆုတောင်းမေတ္တာပို့သမှု လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အသက်ဆုံးပါးသွားသည့် ပြည်သူများနှင့် ကျန်ရစ်သူ မိသားစုများအတွက်သတိရ ဆုတောင်းပွဲများ ပြု လုပ်ခြင်း၊ ရေစက်ချအမျှဝေခြင်း၊ သက်ဆိုင်ရာ ဘာသာအလိုက် ဆုတောင်းမေတ္တာပို့သခြင်း၊ ကုသိုလ်ကောင်းမှု ရည်စူးပြုလုပ်ခြင်း၊ ထိခိုက်ခံစားရသူများအား နားလည်စာနာအားပေးမှုကို နိုင်ငံတွင်းနိုင်ငံပြင်ပတွင် နည်းလမ်း အမျိုးမျိုးဖြင့် လုပ်ဆောင်သွားမည်ဟု NUG က ဆိုသည်။

တစ်ဖက်တွင်လည်း အာဏာသိမ်းယူထားသည့် စစ်ကောင်စီမှ အင်အားပြင်ငလျင်ကြောင့် သေဆုံးခဲ့ရသူများအား ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အဖြစ် မတ်လ ၃၁ ရက် မှစတင်ပြီး ဧပြီလ ၆ နေ့အထိ ခုနစ်ရက်ထိသတ်မှတ် ထားသည်။

မြန်မာနိုင်ငံအတွင်း ပြီးခဲ့သည့်မတ်လ ၂၈ ရက်နေ့မှစတင်ပြီး လှုပ်ခတ်ခဲ့သည့်အင်အားပြင်းငလျင်ကြောင့် နိုင်ငံ တစ်ဝန်းတွင် သေဆုံးသူ ၂၀၅၆ ဦးအထိ ရှိလာပြီးဖြစ်ကြောင်း စစ်ကောင်စီက မတ် ၃၁ ရက်နေ့ တွင် ထုတ်ပြန် ထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ လည်း သေဆုံးသူဦးရေ ၂၄၁၈ ဦးရှိနေပြီးဖြစ်ကြောင်း အသီးသီး ထုတ်ပြန် ထားသည်။