Home သတင်း သဘာဝဘေးအန္တရာယ်ကာလအတွင်း ကေအဲန်ယူ ခရိုင်နှစ်ခု၌ စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေ၍ အမျိုးသမီးတစ်ဦးသေဆုံး

သဘာဝဘေးအန္တရာယ်ကာလအတွင်း ကေအဲန်ယူ ခရိုင်နှစ်ခု၌ စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေ၍ အမျိုးသမီးတစ်ဦးသေဆုံး

772
Photo: KNU

ဧပြီ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ငလျင်ကြောင့် ပြည်သူလူထု ဒုက္ခရောက်နေသည့်ကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ဒူးပလာယာ(ကော့ကရိတ်)ခရိုင်နှင့် ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်တို့၌ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်နေပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း ကေအဲန်ယူ၏ ယနေ့ထုတ်ပြန်ချက်နှင့်‌ ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က တစ်နိုင်ငံလုံးအင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသအပြင် တောင်ပိုင်းတွင်လည်း သက်ရောက်မှုရှိခဲ့ပြီး ဘုရားစေတီနှင့်နေအိမ်များ ပြိုကျပျက်စီး၍ လူထိခိုက်သေဆုံးမှုရှိခဲ့သည်။

သဘာဝဘေးကြောင့် ထိခိုက်နစ်နာသူများအား ကယ်ဆယ်ရေးလုပ်ဆောင်နေရသည့် ကာလအတွင်း ယမန်နေ့ ဧပြီလ (၁)ရက်နေ့က စစ်ကောင်စီမ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်၊ ဝိဇ္ဇာကုန်းကျေးရွာအတွင်း တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးပစ်ခတ်သဖြင့် ဒေသခံအမျိုးသမီးတစ်ဦး ထိတ်လန့်လဲကျပြီး ဦးခေါင်းနောက်စေ့ ထိခိုက်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်က ဆိုသည်။

ထို့အပြင် ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်တွင်လည်း ငလျင်လှုပ်ခတ်သည့်နေ့မှ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးများဖြင့် နေ့စဥ်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

နတ်သံကွင်းမှစစ်ရှောင်နေရသူ ဒေသခံအမျိုးသားက “ကျောက်တံခါးဘက်ခြမ်းလောက်မှာ ဖြစ်မယ် အကြီးသံတွေကြားနေရတယ်။ ငလျင်လှုပ်တဲ့ရက်ကတည်းက ဒီနေ့အထိပဲ နေ့ရော ညရော ပစ်နေတာ၊ သူတို့တချက်မှမနားဘူး။ လက်နက်ကြီးက ဘယ်နားတွေသွားကျသလဲတော့ မသိဘူး။” ဟု ၎င်းက ပြောသည်။

ကေအဲန်ယူ-ဗဟို၏ ယမန်နေ့က ထုတ်ပြန်ချက်တွင် စစ်ကောင်စီသည် စစ်ဘေးကြောင့်လည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့်လည်းကောင်း ပြည်သူအများ ဒုက္ခတွေ့ကြုံနေရသည့် အခြေအနေကိုလျစ်လျူုရှု၍ လူထုနေထိုင်ရာကျေးရွာများ၊ ဆေးရုံဆေးခန်းများ၊ သာသနာပိုင်အဆောက်အအုံများနှင့် စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။

အလားတူ ပြီးခဲ့သည့် မတ်လ၂၉ ရက်နေ့ကလည်း တပ်မဟာ(၁) သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာသို့ ကျရောက်ပေါက်ကွဲသော စစ်တပ်လက်နက်ကြီးကြောင့် ဒေသခံအမျိုးသားကြီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။