Home သတင်း ကော်သူးလေအတွင်း ငလျင်ကြောင့်ထိခိုက်နစ်နာရသူများအား အကူအညီပေးရန် KPSN မေတ္တာရပ်ခံ ‌

ကော်သူးလေအတွင်း ငလျင်ကြောင့်ထိခိုက်နစ်နာရသူများအား အကူအညီပေးရန် KPSN မေတ္တာရပ်ခံ ‌

948
Photo: KPSN

ဧပြီ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် အင်အားပြင်းငလျင်ကြီးကြောင့် ထိခိုက်နစ်နာခဲ့ရသည့် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ‌ကော်သူးလေအတွင်းရှိ ပြည်သူများအား အကူအညီပေးရန် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN က ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်မေတ္တာရပ်ခံသည်။

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းကိုဗဟိုပြုပြီး လှုပ်ခတ်ခဲ့သည့်ငလျင်ကြီးကြောင့် ကေအဲန်ယူနယ်မြေ၊ တပ်မဟာ(၂) တောင်ငူခရိုင်အတွင်းတွင်လည်း သက်ရောက်မှုများစွာရှိခဲ့ပြီး ရာနှင့်ချီသောမိသားစုများ အိုးအိမ်မဲ့ခဲ့ရ၍ အရေးပေါ်အကူအညီလိုအပ်နေသည်ဟု KPSN က ဆိုသည်။

KPSN အနေဖြင့် တောင်ငူခရိုင်အပါအဝင် ‌ကော်သူးလေအတွင်းရှိ ငလျင်ဒဏ်ခံရသည့် အခြားခရိုင်များကိုလည်း အရေးပေါ်အကူအညီအ‌နေဖြင့် ထိုင်းဘတ်ငွေ သိန်း‌ပေါင်း ၂၀ ကူညီမည်ဖြစ်ကြောင်း သိရသည်။

KPSN ပြောခွင့်ရ နော်ဝါးခူးရှီးက “ဒီငွေနဲ့အကူအညီလိုအပ်တဲ့လူဦးရေကတော့ မမျှပါဘူး။ လက်ရှိ မှာလည်း ကျမတို့မှာ တောင်ငူခရိုင်တစ်ခုတည်းရဲ့အချက်အလက်တွေပဲ ရသေးတယ်။ ကော်သူး‌လေ အတွင်းက တာဝန်ခံတွေဆီကနေတဆင့် ကျမတို့ဆီတက်လာတဲ့အပေါ်မူတည်ပြီး အရေးပေါ် ကူညီထောက်ပံ့ပေးသွားမယ်။ အကူအညီဆိုတာ ငွေကြေးကိုပြောတာပါ။ တိုက်ပွဲအပြင် လေကြောင်း အန္တရာယ်နဲ့ငလျင်ပါထပ်ခံရတော့ ငွေသားပေးတာက သူတို့ လိုတာသုံးနိုင်မယ်။” ဟု သူမက ကေအိုင်စီသို့ ပြောသည်။

ငလျင်ဒဏ်သက်ရောက်မှုခံရသည့်‌ခရိုင်တွင် ကေအဲန်ယူ နယ်မြေ တပ်မဟာ(၃) ‌ညောင်လေးပင်ခရိုင်လည်း ပါဝင်နေပြီး ၎င်းမှရလာသည့် ထိခိုက်နစ်နာမှုအသေးစိတ် အချက်အလက်ကို သိရှိပြီးမှသာ ကူညီ‌ပေးသွားနိုင်မည်ဟုလည်း KPSN က ဖြည့်စွက်ပြောသည်။

ထုတ်ပြန်ပြောဆိုပြီး တဆက်တည်းမှာပင် ညောင်လေးပင်ခရိုင်ရှိ ‌ကျောက်ကြီး၊ မုန်း၊ ရွှေကျင်မြို့နယ်တို့တွင် ငလျင်ဒဏ်ခံခဲ့ရ၍ ကျောက်ကြီးမြို့နယ် ပဲ့သောင်၊ ကကညှင်ကျိုး စသည့်ကျေးရွာများ၌ အိမ်ထောင်စု ၉၀၀ ရာကျော်မှ လူဦးရေ ၅ ထောင်‌ကျော် ငလျင်ကြောင့် ထိခိုက်နစ်နာမှုရှိခဲ့ကြောင်း KPSN ထံမှ သိရသည်။

ငလျင်ကြောင့် သက်ရောက်မှုအကြီးဆုံးဖြစ်ခဲ့သည့် စစ်ကိုင်းနှင့်မန္တလေးတိုင်းဒေသကြီးအတွင်း လက်ရှိအချိန်ထိ ပြည်တွင်း၊ပြည်ပအကူအညီဖြင့် ကယ်ဆယ်ရေးလုပ်ဆောင်‌နေရ‌သော်လည်း ထိခိုက်သေဆုံးသူဦးရေမှာ ၆၀၀၀ ကျော်ရှိခဲ့ပြီဖြစ်သည်။

၎င်းအပြင် ကယ်ဆယ်ရေးဆက်လက်လုပ်ဆောင်နိုင်ရန်နှင့် လွတ်မြောက်လာသူများကို အကူ အညီပေးရန်၊ ပြန်လည်ထူထောင်ရေးလုပ်ရန် အကူအညီများစွာ လိုအပ်နေပြီး စစ်ကောင်စီ၏ ကန့်သတ်ပိတ်ဆို့မှုခံထားရသည့် အခြေအနေဖြစ်သောကြောင့် နိုင်ငံတကာအစိုးရ၊ အလှူရှင်များအနေဖြင့် ‌မြေပြင်တွင်ရှိနေသည့် အဖွဲ့အစည်းများမှတဆင့် ထိရောက်သည့် အကူအညီပေးနိုင်ရန်ကိုလည်း KPSN အပါအဝင် ကရင်အရပ်ဖက်အဖွဲ့များက အသိပေးတောင်းဆိုထားကြသည်။