လားရှိုးမြို့ ပြန်လည်ပေးအပ်ရခြင်းနဲ့ နောက်ဆက်တွဲ စဉ်းစားစရာ
မောင်ကျော်စွာ
(၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၃ ရက်)
ဆိုရှယ်မီဒီယာပေါ်မှာ သန်ရာ သန်ရာ ဆန္ဒစွဲမျိုးစုံနဲ့ ပုံဖော်ထားတဲ့ “လားရှိုးမြို့ ပြန်လည်လွှဲပြောင်း ပေးအပ်တဲ့ ကိစ္စ”ကို ဖတ်ရပေမယ့် ရေးသားဖော်ပြမှုတွေဟာ ယုံကြည်ကိုးစားထိုက်တဲ့ အနေအထား မတွေ့ရလို့ ရက်တချို့ စောင့် ကြည့်နေခဲ့ပါတယ်။
တကယ်တော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဧပြီလ ၂၀ရက်နေ့ကတည်းက ရေးဖို့ဖြစ်ပါတယ်။ ဒါပေမယ့် လည်း သတင်းဇစ်မြစ်အရ ယုံကြည်ကိုးစားထိုက်တဲ့ သီးခြားအတည်ပြုနိုင်တဲ့ အခြေအမြစ်ခိုင်လုံတဲ့သတင်းကို မတွေ့ရ တဲ့အတွက် အခြေအနေနဲ့ ဆက်စပ်ဖြစ်ထွန်းမှုတွေကို စောင့်ကြည့်နေခဲ့မိပါတယ်။
အစဉ်အလာ သတင်းဌာနကြီးတွေဖြစ်တဲ့ VOA/RFA တို့ကလည်း သမ္မတထရန့်ရဲ့ ငါ့မြင်းငါစိုင်း ပေါ်လစီတွေ အောက်မှာ ယခင်လို အခြားရှုထောင့်ကနေ သတင်းတွေမပေးနိုင်ဘဲ ဖြစ်နေရပါတယ်။ တချို့သော မီဒီယာတွေကျပြန် တော့လည်း သူတို့ရဲ့မီဒီယာပညာနဲ့ မီဒီယာကျင့်ဝတ်ကို ရေစုန်မျှောပစ်လိုက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ တွေ့ရတတ်တဲ့ တစ်ဖက်သတ်အမြင်နဲ့ တွန်းထိုးရေးသားထားတာမျိုးတွေနဲ့ တစ်တန်းတစ်စားထဲလိုလို ဖြစ်နေပါတယ်။ ဒီတော့ ယုံကြည်အားကိုးထိုက်တဲ့ အနေအထား မရှိပါဘူး။
ကာယကံရှင်တွေဖြစ်တဲ့ MNDAA (ကိုးကန့်အဖွဲ့)နဲ့ (စကစ)စစ်အုပ်စုဘက်ကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုသတင်းအချက်အလက်မှ (ဒီဆောင်းပါးရေးသားနေချိန်အထိ) ထုတ်ပြန်လာခြင်း မရှိသေးတာကြောင့် ဆိုရှယ် မီဒီယာပေါ်မှာ ပြန့်နေတဲ့သတင်းတွေကို အတည်ပြုဖို့ခက်နေပါတယ်။
လားရှိုးမြို့ထဲကို ဝင်လာတဲ့ စစ်ထရပ်ကားတွေ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အလံပုံကပ်ထား၊ ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့ဆိုတဲ့ မြန်မာ – တရုတ် နှစ်ဘာသာရေးထားတဲ့ ကားအနက်တွေကိုလည်း တွေ့လာရပါတယ်။
သို့ပေမယ့် ဒါတွေဟာ ဘယ်အခြေခံကနေ ဖြစ်ပေါ်လာတာလဲ။ MNDAA (ကိုးကန့်အဖွဲ့)နဲ့ (စကစ)စစ်အုပ်စု အကြားမှာ ဘယ်လိုအတိုင်းအတာနဲ့ နားလည်မှု၊ သဘောတူညီမှုတွေရရှိသွားကြပြီလဲ၊ ဒီသဘောတူညီချက်တွေထဲမှာ ဘယ်လိုအချက်အလက်တွေ ပါဝင်နေသလဲ၊ ဒီသဘောတူညီချက်တွေကို လက်တွေ့မှာ နှစ်ဖက်က ဘယ်လိုအကောင် အထည်ဖော်နေကြသလဲ စတဲ့အချက်တွေကို ခြေခြေမြစ်မြစ် သိဖို့လိုအပ်တယ် မဟုတ်ပါလား။ ဒီလိုအချက်အလက် တွေကို မသိဘဲ အထင်နဲ့ မှန်းပြီး ရမ်းပြီး ရေးသားမယ်ဆိုရင် မူလအဖြစ်မှန်နဲ့ ကြာလေ ဝေးလေ ဖြစ်သွားမယ် မဟုတ်ပါ လား။
အခုတော့ တရုတ်အစိုးရထိန်းချုပ်တဲ့ CRI (မြန်မာ)သတင်းဌာနနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ဖေ့စ်ဘွတ် စာမျက်နှာပေါ်က သတင်းတွေကိုအခြေခံပြီး ဒီဆောင်းပါးကို ရေးလိုက်ပါတယ်။
အထက်ပါနေရာ ၂ခု (CRI နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဖေ့စ်ဘွတ်) မှာ ဖတ်ရတဲ့သတင်းအရတော့ အောက်ပါအချက် (၆)ခု ပါဝင်နေတယ်ကို လေ့လာသုံးသပ်လို့ ရပါတယ်။
– MNDAA နှင့် (စကစ) စစ်အုပ်စုတပ်အကြား အပစ်အခတ်ရပ်စဲထားမယ်။
– MNDAA (ကိုးကန့်အဖွဲ့) က လားရှိုးမြို့ကို (စကစ) စစ်အုပ်စုထံ ပြန်လည် လွှဲပြောင်းပေးမယ်။
– (စကစ)စစ်အုပ်စုနှင့် MNDAA (ကိုးကန့်အဖွဲ့)တို့၏ သဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်ရန် နှစ်ဖက်၏ ပူးတွဲဖိတ်ကြားချက်အရ တရုတ်နိုင်ငံသည် မကြာသေးမီက ပစ်ခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ကို လားရှိုးမြို့သို့ စေလွှတ်ခဲ့တယ်။
– မြန်မာစစ်တပ်နှင့် MNDAA (ကိုးကန့်အဖွဲ့)တို့အကြား အပစ်ခတ်ရပ်စဲရေးကို စောင့်ကြည့်သွားမယ်။
– လားရှိုးမြို့ ချောမွေ့စွာ လွှဲပြောင်းပေးအပ်ခြင်းအား မျက်မြင်သက်သေခံသွားမယ်။
– တရုတ်နိုင်ငံက ကူမင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ လုပ်ငန်းစဉ်တိုးတက်အောင် ဆက်လက်လုပ်ဆောင်သွားမယ်။
ဒီအချက်အလက်တွေဟာ စကားလုံးအတိအကျမဟုတ်ပေမယ့် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ MNDAA (ကိုးကန့် အဖွဲ့)နဲ့ (စကစ)စစ်အုပ်စုအကြားရရှိခဲ့တဲ့ ကနဦး သဘောတူညီချက်တွေကို အခိုင်အမာ ထင်ဟပ်နေတယ်လို့ ယူဆနိုင် ပါတယ်။ အခြားအသေးစိတ်အချက်အလက်တွေ ဘာတွေပါဝင်နေတယ်၊ ဘာတွေရှိသေးတယ်။ သဘောတူညီချက် မရရှိနိုင်သေးတဲ့အချက်တွေ ဘယ်လောက်ရှိသေးတယ်ဆိုတာကို တရုတ်ပြည် – MNDAA (ကိုးကန့်အဖွဲ့)နဲ့ (စကစ)စစ် အုပ်စုက တရားဝင်ထုတ်ဖော်မပြောသေးဘဲ ဘယ်သူမှ တိတိကျကျ မသိနိုင်ပါဘူး။ ဒါပေမယ့် ထင်မြင်ချက်နဲ့ ဆန္ဒစွဲနဲ့ ရေးသားနေတာတွေကတော့ များလှပါတယ်။ တချို့ကလည်း အဲဒီအရေးအသားတွေအကြားမှာ ကူးခတ်နေကြပါ တယ်။
ဒီမှာ အလေးအနက် သတိပြုသင့်တဲ့အချက်တစ်ခုက “ပစ်ခတ်ရပ်စဲမှု စောင့်ကြည့်ရေးအဖွဲ့” တစ်ခု စေလွှတ် တာဟာ “နှစ်ဖက်၏ ပူးတွဲဖိတ်ကြားချက်အရ” ဖြစ်တယ်ဆိုတဲ့ စကားရပ်ပါပဲ။
ဒီအချက်ကနေ ကျနော်တို့ ဘယ်လိုသုံးသပ်နိုင်သလဲဆိုတော့ ပထမအချက်အနေနဲ့ မြန်မာပြည်အရှေ့မြောက် ပိုင်းနယ်စပ်က စစ်ရေးပဋိပက္ခတွေမှာ တရုတ်ပြည်ဟာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာတယ်ဆိုတဲ့အချက်။
ဒီတော့ ဒုတိယအချက်အနေနဲ့ ဆက်စဉ်းစားစရာက တရုတ်ပြည်ရဲ့ ဒီလိုပါဝင်မှုက နယ်မြေအရ ဆက်စပ်နေ တဲ့ KIO – KIA, PSLF – TNLA, ULA – AA တို့နဲ့ရော MNDAA (ကိုးကန့်အဖွဲ့)ကဲ့သို့ ပြေလည်မှုတွေ ရရှိလာအောင် ဆက် လက် တိုက်တွန်းဆောင်ရွက်မှာလား ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒီအဖွဲ့တွေ စိုးမိုးလှုပ်ရှားနေတဲ့ နယ်မြေဒေသတွေဟာ တရုတ်ပြည်အကျိုးစီးပွားတွေ ဖြတ်သန်းသွားတဲ့ နေရာနဲ့ဒေသတွေလည်း ဖြစ်နေပါတယ်။
ဒါ့အပြင် “မြန်မာနိုင်ငံမြောက်ပိုင်းဒေသ စစ်ပွဲများ ရပ်တန့်ရန်အတွက် ဆွေးနွေးပွဲများကို လုပ်ဆောင်သွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံမှ ဘက်အသီးသီးနှင့်အတူ တရုတ်-မြန်မာနယ်စပ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပူးပေါင်းဆောင် ရွက်သွားမှာ ဖြစ်တယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakun အခိုင်အမာ ဆိုထား လေတော့ ဒီကိစ္စတွေဟာ အနှေးနဲ့အမြန်ဆိုသလို ဖြစ်လာနိုင်စရာ အလားအလာတွေ ရှိနေတယ်လို့ သုံးသပ်နိုင်ပါ တယ်။
နောက်ထပ် မေးသင့်မေးထိုက်တဲ့ မေးစရာတစ်ခုက MNDAA(ကိုးကန့်အဖွဲ့)နဲ့ (စကစ)စစ်အုပ်စုအကြားက အပစ်အခတ်ရပ်စဲရေးဟာ ရေရှည်တည်မြဲပါ့မလားဆိုတဲ့အချက်ပါ။ ဒီအချက်ရဲ့အဖြေက (စကစ)စစ်အုပ်စုအပေါ်မှာ အဓိက မူတည်ပါတယ်။ စစ်အုပ်စုဟာ ဘယ်လိုနည်းနဲ့ဖြစ်စေ လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းတိုင်းနဲ့ ပြေလည်မှု ရချင်တာပါ။ တစ်မိနစ်ပဲရရ ရချင်တာပါ။ တချို့က ရွေးကောက်ပွဲဟာ စစ်အုပ်စုရဲ့ ထွက်ပေါက်လို့ ပြောနေပေမယ့် တကယ့်ထွက်ပေါက်က လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြေလည်ရေး ဖြစ်ပါတယ်။
ဒီပြေလည်ရေးက တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုသလို နွေဦးတော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာတဲ့ တော် လှန်ရေးအဖွဲ့အစည်းတွေ အားလုံးကို ချေမှုန်းပစ်နိုင်ဖို့ စစ်အုပ်စုအတွက် အရေးပါတဲ့ ရေခံမြေခံဖြစ်ပါတယ်။
ဒါကြောင့် ဘယ်လိုလူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းနဲ့မဆို ဆွေးနွေးဖို့ တံခါးအမြဲဖွင့်ထားတယ်လို့ သူတို့ တစာစာ အော်ဟစ်နေတာပါ။ NCA စာချုပ်မူဘောင်ထဲကနေ ဖြစ်နိုင်သမျှ ဆွေးနွေးပါ့မယ်လို့လည်း (စကစ)စစ်အုပ်စု က မကြာခဏ ပြောနေတာပါ။ (စကစ)စစ်အုပ်စုရဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ထဲမှာလည်း ဒီအချက်ကို ထည့်သွင်းထားပါ တယ်။ (စကစ)စစ်အုပ်စုရဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ထဲက အချက်အမှတ်(၃)ကို ဖတ်ကြည့်ပါ။
လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ (ယာယီဖြစ်စေ) အပစ်အခတ်ရပ်စဲထားနိုင်ရင် ရွေးကောက်ပွဲလုပ်ဖို့ သူ့အ တွက် ပိုပြီး အဆင်ပြေနိုင်ပါတယ်။ (စကစ)စစ်အုပ်စုက လောလောဆယ်ဆယ်မှာ ဖြစ်နိုင်ရင် အနောက်ဖက်မှာ (ULA/AA)နဲ့ အရှေ့တောင်ဘက်မှာ (KNU/KNLA)နဲ့ မြောက်ဖက်မှာ (KIO/KIA)နဲ့ ယာယီဖြစ်ဖြစ် အပစ်ရပ်ချင်တာပါ။ ဒါဟာ သူ့အတွက် သေရေရှင်ရေး အရေးကြီးတဲ့ အနေအထားဖြစ်ပါတယ်။ ဒီလိုအဖွဲ့ကြီးတွေနဲ့ အပစ်အခတ် ရပ်စဲလိုက် နိုင်ရင် ကျန်တဲ့အဖွဲ့ငယ်တွေရဲ့ သေနတ်သံဟာ အလိုလိုတိတ်သွားမယ်ဆိုတာကို ၁၉၈၈ နောက်ပိုင်း အတွေ့အကြုံအရ စစ်အုပ်စုက သိထားပြီးသားဖြစ်ပါတယ်။
ဒီတော့လူမျိုးစု အဖွဲ့အစည်းတွေရဲ့ အပစ်အခတ်ရပ်စဲရေးတွေဟာ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ် စေ “တတိုင်းတပြည်လုံး လွတ်မြောက်ရေးဦးတည်ချက်ပါတဲ့ တော်လှန်ရေး”ကို (စကစ)စစ်အုပ်စုက ချေမှုန်းပစ်တာမှာ ကာယကံမြောက် အကူအညီးပေးတာမျိုး ဖြစ်သွားတတ်ပါတယ်။ ဒီအချက်ကို အလေးအနက်ထားကြဖို့ပါ။
စစ်အုပ်စုဟာ သူ ရင်ဆိုင်နေရတဲ့ အဓိကအကျပ်အတည်းကနေ ထွက်ပေါက်ရသွားလို့ သူ့အင်သူ့အား ဖြည့် တင်းနိုင်လာပြီဆိုရင် သူနဲ့ ယာယီနားလည်မှုယူခဲ့တဲ့ လူမျိုးစုအဖွဲ့အစည်းတွေထဲက အင်အားနဲတဲ့၊ မိမိအဖွဲ့အစည်းအ တွင်း အထက်အောက်ပဋိပက္ခ၊ အကျိုးစီးပွား၊ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခရှိတဲ့ အဖွဲ့အစည်းတွေကို ချေမှုန်းဖို့ ဦးတည်လာတတ်ပါတယ်။
နောက်တစ်ချက်က ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ပါဝင်စွက်ဖက်မှုကို ငြင်းပယ်ဖို့ လက်တွေ့အားဖြင့် မလွယ်ကူပါဘူး။ ကျနော်တို့နိုင်ငံလို ပြည်တွင်းစစ်ရှည်ကြာတဲ့ – ဆင်းရဲမွဲတေတဲ့ – လတ်တလောမှာ ပြင်းထန်ကြီးမားတဲ့ သဘာဝဘေး (၇ ဒသမ ၇ ရစ်ခ်တာစကေးရှိတဲ့ မြေငလျင်) ကြုံလိုက်ရတဲ့ တိုင်းပြည်တစ်ခုအတွက် ပိုလို့ မလွယ်ကူပါဘူး။ ဒီတော့ ဒီလို ပါဝင်စွက်ဖက်မှုတွေထဲမှာ နှိုင်းယှဉ်ခြင်းအရ တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထိခိုက်ပွန်းပဲ့မှု အနည်း ဆုံးဖြစ်တဲ့ ပါဝင်စွက်ဖက်မှုကိုပဲ ရွေးချယ်ကြရလိမ့်မယ်လို့ ယူဆပါတယ်။
ဒီလိုမှ မဟုတ်ဘဲ။ ပြည်ပအားကိုး ကိုယ်စီရှာကြပြီး မဆုံးနိုင်မပြီးနိုင် အချင်းချင်း စစ်ခင်းကြမယ်ဆိုရင်တော့ ကျနော်တို့တိုင်းပြည်နဲ့ ပြည်သူဟာ မြေပုံပေါ်ကနေ ပျောက်ကွယ်သွားပါလိမ့်မယ်။ ပြီးတော့ ဒီနေ့ကာလဟာ အမေရိ ကန်နဲ့တရုတ်အကြား ကုန်သွယ်ရေးအရ တင်းမာနေချိန်ဖြစ်တော့ ပိုလို့ သတိထားကြရမှာပါ။ အမြော်အမြင်ရှိကြရမှာ ပါ။
လားရှိုးမြို့ဟာ ဘယ်အတိုင်းအတာအထိ ချောချောမွေ့မွေ့ လက်ပြောင်းလက်လွှဲလုပ်နိုင်သလဲ – MNDAA (ကိုး ကန့်အဖွဲ့)နဲ့ (စကစ)စစ်တပ်အကြားက အပစ်အခတ်ရပ်စဲရေးဟာ ဘယ်လောက်ထိ တာရှည်ခံမလဲဆိုတာ စောင့်ကြည့် ကြဖို့ပါပဲ။ (ဆက်ရေးပါအုံးမယ်)



















