Home သတင်း ကင်မွန်းချုံရွာရှိ နေအိမ်တစ်လုံး မီးလောင်၊ ရေအခက်အခဲကြောင့် နှစ်နာရီကြာ မီးငြိမ်းသတ်ရ

ကင်မွန်းချုံရွာရှိ နေအိမ်တစ်လုံး မီးလောင်၊ ရေအခက်အခဲကြောင့် နှစ်နာရီကြာ မီးငြိမ်းသတ်ရ

542
Photo: CJ

ဧပြီ ၂၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ တစ်နှစ်ကျော်ကြာ မီးဖြတ်တောက်ခံထားရပြီး နွေရာသီ ရေအခက်အခဲရှိနေသည့် ကင်မွန်းချုံရွာကြီး၊ မွန်အပိုင်းတွင် ယမန်နေ့ ည ၈ နာရီဝန်းကျင်က ပေါ့ဆမီးကြောင့် နေအိမ်တစ်လုံးမီးလောင်ခဲ့ရာ နှစ်နာရီကျော်ကြာ မီးငြိမ်းသတ်ခဲ့ရသော်လည်း အိမ်ပြာကျသွားကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၄ ခုနှစ်၊ ၂ လပိုင်းမှ လက်ရှိအချိန်ထိ လျှပ်စစ်မီးဖြတ်တောက်ခြင်းခံထားရသည့် ကင်မွန်းချုံတွင် မီးပေါ့ဆသဖြင့် ယမန်နေ့က နေအိမ်တစ်လုံးမီးလောင်စဥ် ဒေသခံများကိုယ်ထူကိုယ်ထ မီးငြိမ်းသတ်ကြသော်လည်း လျှပ်စစ်မီးမရ၊ ရေရှားပါးသဖြင့် ည ၁၀ နာရီကျော်အထိ မီးငြိမ်းသတ်ခဲ့ရပြီး အိမ်ပြာကျသွားသည်ဟု ဒေသခံများကပြောသည်။

ကင်မွန်းချုံနေ အမျိုးသမီးတစ်ဦးက “အိမ်တစ်လုံးအကုန်ပါသွားတာ သူ့တင်း ကုတ်နေရာတွေပါမီးလောင်ကုန်တယ်။ ရွာသားတွေညီလို့တော်သေးတာပေါ့။ ဒါတောင်မာရှယ်လောအချိန်မို့ ဇရပ်ကြီးဘက်ကမထွက်ရဲကြလို့သာ။ မီးမရလို့ တုံကင်တွေကရေငင်ပြီး ဝိုင်းလောင်းရတော့ ၁၀ နာရီကျော်လောက်မှ မီးငြိမ်းတယ်” ဟု ပြောသည်။

ကင်မွန်းချုံတွင် ကာလရှည်ကြာ မီးဖြတ်တောက်ခံထားရသည့်အတွက် ရေတွင်းတူးမသုံးနိုင်သူများ နွေရာသီ ကာလ ရေရှားပါးသည့်အခက်အခဲကြုံနေရသလိုအချို့ရပ်ကွက်ပိုင်းများတွင်လည်း စစ်ကောင်စီတပ် စခန်းချနေသဖြင့် နေအိမ်မပြန်နိုင်ဘဲ ယခုလိုမီးဘေးစိုးရိမ်ကြောင့်ကြနေရသည် ဒေသခံများရှိနေသည်။

“ခေတ်မကောင်းတော့ လူတွေပြေးကြတာရှိတယ်။ အဲဒီတော့မီတာခတွေမရမှာစိုးလို့ မီးဆက်ဖြတ်ထား တာထင်ပါတယ်။ မီးပျက်တော့ရေပါပျက်တာ၊ ရေတွင်းမရှိတဲ့သူတွေလည်း ဒုက္ခရောက်တယ်။ မွန်အပိုင်းမှာ တော့ နေလို့ရလို့ ပြန်နေကြတဲ့သူတွေရှိတယ်။ ဒါပေမဲ့ မီးဘေးဖြစ်ရင် ကင်မွန်းချုံထဲ အပိုင်းတစ်ခုနဲ့တစ်ခုကမဝေးဘူး။” ဟု နေအိမ်မပြန်နိုင်သေးသည့် ကင်မွန်းချုံမှ အမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က ကင်မွန်းချုံ၌ စစ်ကောင်စီနှင့်တော်လှန်ရေးတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်တပ်က ရွာအချို့အပိုင်းများတွင် ဂိတ်ချနေထိုင်ခြင်း၊ ဝင်/ထွက်ခွင့်ပိတ်ဆို့ခြင်းတို့ပြုလုပ်ခဲ့သည်။

ယင်းတွင် စစ်ကောင်စီက နေအိမ်ပြန်နေခွင့်မပေးသောကြောင့်လည်းကောင်း၊ လုံခြုံရေးစိတ်မချရသောကြောင့် လည်းကောင်း အချို့ဒေသခံများမှာ ၈ လကျော်ကြာမြင့်လာသည့် ယနေ့အထိ နေအိမ်မပြန်နိုင်သေးကြောင်း သိရသည်။