ဧပြီ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ပေါ်တွင် ဒေသအာဏာပိုင်များက ငလျင်လှုပ်ခတ်မှုအဆင့် အနီရောင် သတိပေးထားသောကြောင့် ဒေသခံများက စိုးရိမ်မှုများဖြင့် နေထိုင်နေရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့မှ စတင်၍ ယမန်နေ့အချိန်အထိ ငလျင်လှုပ်ခတ်များ ဖြစ်ပေါ်နေ သေးသည့် တောင်ငူမြို့တွင် ဒေသတွင်း ငလျင်လှုပ်ခတ်မှု အနီရောင်အဆင့် သတ်မှတ်သည့်အတွက် ညအချိန်တွင် အာဏာပိုင်များက အသံချဲ့စက်ကို အသုံးပြုပြီး လိုက်လံသတိပေးမှုများ လုပ်ဆောင် လျက်ရှိသည်။ ထို့အခြေအနေကြောင့် ဒေသခံများမှာ နေအိမ်အတွင်း မနေထိုင်ရဲဘဲ အပြင်နေရာများသို့ လိုက်လံထွက်အိပ်နေရကြောင်း တောင်ငူမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
၎င်းက “ စဖြစ်တဲ့နေ့ကဆို ဒီမှာ ပြင်းအား ၅.၉ လောက် ရှိတယ်။ အဲဒီမှာ တောက်လျှောက်လှုပ်တာ အိမ်တွေ အကုန်ခါယမ်း အကုန်ကွဲကျပဲ။ အခု အနီရောင် အဆင့်ရှိတယ် ဆိုတာကို ညတိုင်း လိုက် ဆော်သြပေးတယ်။ ကျမတို့ကလည်း ကြောက်တော့ အပြင်မှာပဲ ထွက်အိပ်ကြတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ အင်အားပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် တောင်ငူမြို့နေ စုစုပေါင်း သေဆုံးသည့် ဒေသခံ ဦးရေသည် (၁၇) ဦးခန့် ရှိလာပြီး ထိုအထဲတွင် ကလေးငယ် (၆) ဦးပါဝင်ခဲ့ကြောင်း ၎င်းအမျိုးသမီးက ဖြည့်စွက်ပြောသည်။
ယခုလို ငလျင်လှုပ်ခတ်မှုဒဏ် ဖြစ်စဥ်ကြောင့် လက်ရှိအချိန်တွင် တောင်ငူမြို့သည် လျှပ်စစ်မီး ပြတ်တောက်မှု အခက်အခဲများကြောင့် လိုအပ်သည့် သောက်သုံးရေ မရရှိသည့် အခက်အခဲများ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာမှုကြောင့် ကုန်စျေးနှုန်းမြင့်တက်မှုများနှင့်ကြုံနေရသည်။ လက်ရှိတွင် ကယ်ဆယ်ရေးလုပ်ငန်းများလည်း လာရောက်ကူညီခြင်း မရှိသဖြင့် ကိုယ်ထူကိုယ် ထစနစ်ဖြင့်သာ အချင်းချင်း ဝိုင်းဝန်းကူညီပေးနေကြကြောင်း မြို့ခံများထံမှ သိရသည်။
ထို့အပြင် တောင်ငူမြို့အနီးအနားတွင် ရှိသော ဆည်၊ ရေကာတာများ ဖောက်ချမည်ဟု ကောလာဟလ သတင်းထွက်ပေါ်မှုအပြင် ငလျင်ဒဏ်ကြောင့် ဆည်များ ကျိုးပေါက်ကာ ရေလွှမ်းမိုးသည့်ဒဏ်များခံရမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် မတ်လ (၂၈) ရက်နေ့တွင်ပင် ငလျင်လှုပ်ခတ်မှုကြောင့် တောင်ငူမြို့ရှိ ဝေဠုဝန် ကျောင်းတိုက်ပြိုကျမှုအတွင်း စစ်ရှောင်ကလေးငယ် ၅ ဦးနှင့် ကိုရင်တစ်ပါး အသက်သေဆုံးခဲ့ကြောင်း ဒေသတွင်း ကယ်ဆယ်ရေးသွားရောက်လုပ်ဆောင်သည့် ပရဟိတအဖွဲ့များထံမှ သိရသည်။



















