Home သတင်း ကျောက်ကြီးငလျင် ဒေသခံ (၂) ဦးသေဆုံးပြီး ဘုရားစေတီနှင့် နေအိမ်အချို့ပျက်စီးခဲ့

ကျောက်ကြီးငလျင် ဒေသခံ (၂) ဦးသေဆုံးပြီး ဘုရားစေတီနှင့် နေအိမ်အချို့ပျက်စီးခဲ့

737
Photo: KNU

ဧပြီ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အတွင်း ပြီးအင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံ (၂) ဦး သေဆုံးပြီး ဘုရားစေတီနှင့် လူနေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ- ဗဟိုက မတ်လ- ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ်လ (၂၈) ရက်နေ့ နေ့လည်ပိုင်းတွင် ကျောက်ကြီးမြို့နယ်ရှိ အရပ်သားပြည် သူများနေထိုင်ရာ ကျေးရွာ (၄) ရွာသို့ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ (၇.၇) ရှိသည့် ငလျင်လှုပ်ခတ်ချိန်တွင် ကျီးပင်စုရွာမှ အသက် (၂၈) နှစ်အရွယ် မောင်ဥာဏ်လင်းဦးသည် ရောဂါအခံကြောင့် နှလုံးဖောက်သေဆုံးခဲ့သည်။ ထို့အတူ အဆောက်အဦး ပြိုကျမှုဒဏ်ကြောင့် သစ်ဖ‌ယောင်းတန်းရွာနေ အသက် (၅၆) နှစ်အရွယ် စောမောင်စံတို့ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

အဆိုပါ အင်အားပြင်းသည့် ငလျင်လှုပ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုအပြင် စစ်တောင်းမြစ်ကမ်းပြိုကျမှုကြောင့် လူနေအိမ် (၂) လုံး ပြိုကျပျက်စီးခဲ့ပြီး ကျောက်ကြီး နှင့် ဆောထိမြို့ကြားရှိ ကျေးရွာနှင့် လယ်ကွင်း နေရာများတွင်လည်း မြေပတ်ကြား အက်ကွဲ ဖြစ်ပေါ်မှုကြောင့် ရွှံ့စေးချော်ရည်များ ထွက်ပေါ်လာခဲ့သဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ကျောက်ကြီးမြို့နယ် ပြောရေးဆိုခွင့် ရှိသူ ပဒိုစောဝါးမူက “ ဒီလို သဘာဝ ဘေးအန္တ ရာယ်တွေက တားဆီးလို့မရဘူး။ ကြောက်ဖို့ကောင်းတဲ့ အရာတွေထဲမှာပါတယ်။ ဒီငလျင်ကြောင့် စေတီနဲ့ အိမ်တို့ ပျက်စီးတာ ကမ်းပြိုကျတာတွေ ရှိတယ်။ ပြီးတော့ မြေကြီး အက်ကွဲရာထဲကနေ ရေတွေ တက်လာတဲ့အပေါ် လောဆယ် ရေတွေ ပိုပြီး တက်လာမှာကိုတော့ သတိထားနေရတယ် “ ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထိုသို့ မြေငလျင်လှုပ်ခတ်ချိန်တွင် ဆောထိမြို့နယ်အတွင်း ဝိုင်းကျွန်းကျေးရွာရှိ ဝိုင်ဘုရားကြီး ကျောင်းတိုက်ဘုရားစိန်ဖူးတော်မြေခခဲ့ပြီး အရံစေတီများနှင့် သင်္ချိုင်းဇရပ်များလည်း ပြိုကျပျက်စီးမှု ရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

မတ်လ (၂၈) ရက်နေ့တွင် စတင်ဖြစ် ပွားခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ထိခိုက်နစ်နာခဲ့သည့် ဒေသခံပြည်သူများကို စွမ်းစွမ်းတမံ ကူညီမှုများ လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်းလည်း ကေအဲန်ယူ- အမျိုးသားအစည်းအရုံးအနေဖြင့် မတ်လ ၃၀ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။

ငလျင်လှုပ်ခတ်မှုသည် လက်ရှိတွင် ကရင်ပြည်နယ်အပါအဝင် ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နှင့် အခြားမြို့ကြီးများတွင်ပါ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မတ်လ (၃၁)ရက်အထိ သေဆုံးသူ ၂၄၁၈ ဦး၊ ဒဏ်ရာရသူ ၁၅၅၇ ဦးနှင့် ပျောက်ဆုံး နေသူ ၁၃၇၆ ဦး ရှိကြောင်း အမျိုးသားညီညွတ်‌ရေး အစိုးရ- NUG က ထုတ်ပြန်ချက်အရ သိရသည်။