Home သတင်း နိုင်ငံတဝှမ်း အင်တာနက်နှင့် ဆက်သွယ်ရေးလိုင်းများ ခြွင်းချက်မရှိ ဖွင့်ပေးရန် ဒီဂျစ်တယ်လှုပ်ရှားသူများ တောင်းဆို

နိုင်ငံတဝှမ်း အင်တာနက်နှင့် ဆက်သွယ်ရေးလိုင်းများ ခြွင်းချက်မရှိ ဖွင့်ပေးရန် ဒီဂျစ်တယ်လှုပ်ရှားသူများ တောင်းဆို

550
Photo: Myanmar Fire Service Department

ဧပြီ ၁ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ငလျင်ဘေးသင့်နေချိန် စစ်ကောင်စီက နိုင်ငံတစ်ဝှမ်း အင်တာနက်နှင့် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထား မှုကို ခြွင်းချက်မရှိ ပြန်ဖွင့်ပေးရန် မြန်မာဒီဂျစ်တယ်အရေးလှုပ်ရှားသူ အဖွဲ့ ၉၀ ကျော်က မတ် ၃၁ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၁၀၀ ခန့်အင်တာနက် ဖြတ်တောက်ခံထားရပြီး ထိုထဲ၌ မတ် ၂၈ ရက်နေ့ တွင် မန္တလေးမြို့ ဗဟိုပြု အားပြင်းငလျင် လှုပ်ခတ်မှုကို ခံစားရသည့် မြို့နယ်များလည်း ပါဝင်သည်ဟု အဆိုပါ အဖွဲ့များက ပြေသည်။

ထို့ကြောင့် အဆိုပါလုပ်ရပ်များအား အပြင်းအထန်စွာရှုတ်ချပြီး၊ အင်တာနက်ဆက်သွယ် ရေးလိုင်းများ နှင့် အများပြည်သူ သတင်းအချက်အလက် ရပိုင်ခွင့်ကို ကန့်သတ်ထားသည့် မည်သည့် ကန့်သတ်မှုကိုမဆို ချက်ခြင်း ရုပ်သိမ်းဖယ်ရှားရန်၊ အင်တာနက်နှင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပြည့်ပြည့်ဝဝ ရရှိရေး ချက်ခြင်: ခြွင်းချက်မရှိ လုပ်ဆောင်ရန်အတွက်လည်း စစ်ကောင်စီကို ဒီဂျစ်တယ်အခွင့်အရေး လှုပ်ရှားသူများက တောင်းဆိုထားသည်။

လက်ရှိတွင် မြေငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် နေပြည်တော် အပါအဝင် မြို့နယ်ပေါင်း ၆၇ မြို့နယ်၌ ငလျင်ဘေးဆိုးဝါးစွာ ခံစားနေရသည်ဟု သိရသည်။ အားပြင်း ငလျင်ကြောင့် ပြိုကျသွား သည့်အဆောက်အဦးများထဲတွင် ပိတ်မိနေသူများကို ကယ်ဆယ်ရေးအဖွဲ့များက အချိန်နှင့် တပြေးညီ ကယ်ဆယ်နေပြီး အင်တာနက်ဆက်သွယ်ရေးသည် လူ့အသက်များ ကယ်ဆယ်ရေးတွင် အရေးကြီးသည်ဟု အဆိုပါ အဖွဲ့များက ထောက်ပြပြောဆိုသည်။

အဆိုပါ မြန်မာနိုင်ငံ ဒီဂျစ်တယ် အခွင့်အရေးလှုပ်ရှားသူများအနေဖြင့် Firewall တပ်ဆင်ခြင်းအပါအဝင်၊ အင်တာနက် ဆင်ဆာဖြတ်တောက်ခြင်း မပြုလုပ်ရန်၊ အင်တာနက် နှေးကွေးစေသည့် VPN ခံအသုံးပြုမှုကို ပျယ်ဖျက်ပေးရန်နှင့် နိုင်ငံတကာအနေဖြင့်လည်း စစ်ကောင်စီကို အင်တာနက်နှင့် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားမှုမပြုလုပ်နိုင်အောင် ဖိအားပေးရန် စသည့် အချက်များတောင်းဆိုထားသည်။

လက်ရှိ အင်အားပြင်းငလျင်ကြောင့် ပြီးခဲ့သည့်မတ် ၃၁ ရက်နေ့ညနေပိုင်းအထိ သေဆုံးသူဦးရေ ၂,၄၁၈ ဦး အထိ ရှိလာပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားသည်။