Home သတင်း တစ်ပတ်အတွင်း နောင်ချိုကို စစ်ကောင်စီ ၅ ကြိမ် ဗုံးကြဲချ

တစ်ပတ်အတွင်း နောင်ချိုကို စစ်ကောင်စီ ၅ ကြိမ် ဗုံးကြဲချ

498
Photo: TNLA

ဧပြီ ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ရှမ်းမြောက်ရှိ တအာင်းအမျိုးသား အလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်နယ်မြေ၊ နောင်ချိုမြို့နယ် သို့ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခြင်း၊ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်း ၅ ကြိမ် ပြုလုပ်ခဲ့သည်ဟု ဒေသခံများ နှင့် ဆိုင်ရာအဖွဲ့အစည်းက ထုတ်ပြန်ပြောသည်။

အဆိုပါ တိုက်ခိုက်မှုများကို မတ် ၂၈ ရက်နေ့မှ ဧပြီ ၁ ရက်နေ့ထိ လေကြောင်းမှ ဂျက်ဖိုက်တာ ဖြင့် ဗုံး ၂ ကြိမ်ကြဲချ တိုက်ခိုက်ခဲ့သလို ဒရုန်းဖြင့် ၃ ကြိမ် ဗုံးချ တိုက်ခိုက်ခြင်းဖြစ်သည်ဟု TNLA ကထုတ်ပြန်ထားသည်။

“အဓိကကတော့ စစ်ကောင်စီက TNLA တွေ အများဆုံးရှိနိုင်တဲ့ နေရာတွေကို လေကြောင်းကနေပြီးတော့မှ လိုက်ကြဲ နေတာဖြစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်များမှ မတ် ၂၈ ရက်နေ့တွင် နောင်ချိုမြို့နယ် ကံကြီးကျေးရွာအုပ်စု နောင်လင်ကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် တစ်ကြိမ်၊ လုံရုံးကျေးရွာအုပ်စု ကျောက်ကြမ်းကျေးရွာသို့ မတ်လ ၃၁ ရက်နေ့တွင် ဒရုန်းဖြင့်တစ်ကြိမ် ဗုံးချတိုက်ခိုက်ခဲ့သည်။

အလားတူ ရေမောင်းတန်းကျေးရွာကို ဧပြီလ ၁ ရက်နေ့တွင် ဒရုန်းဖြင့် တစ်ကြိမ်၊ ဆမ္မဆယ် – အုမ္မတီး ကျေးရွာ ကြားရှိ ကျေးရွာသို့ ဧပြီ ၁ ရက်နေ့တွင် ဒရုန်းနှင့်တစ်ကြိမ်၊ ဂျက်ဖိုက်တာနှင့် တစ်ကြိမ် ဆက်တိုက် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု TNLA ထုတ်ပြန်ထားသည်။

ဧပြီ ၁ ရက်နေ့ နံနက်ခင်းအချိန်တွင် စစ်ကောင်စီက နောက်ချိုမြို့ အနောက်တောင်ဘက် ၁၉ မိုင်ခန့်အကွာ ဆမ္မဆယ်နှင့်အုမ္မတီးကြားရှိ ကျေးရွာကို ဒရုန်းဖြင့် တစ်ကြိမ်၊ ဂျက်ဖိုက်တာဖြင့်တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် တိုက်ခိုက်ပြီး ဒေသခံပြည်သူ ၅ ဦးဒဏ်ရာရခဲ့သည်။ ထို့အပြင် ပြည်သူပိုင်နေအိမ် ၂ လုံးထိမှန်ပျက်စီးခဲ့ရကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် TNLA က ပြောသည်။

ယခုလို မတ် ၂၈ ရက်နေ့ မန္တလေး ငလျင်ဘေး ပြင်းထန်စွာခံစားနေရချိန် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုများ ဆက်ပြုလုပ်နေသည့် အပေါ် နိုင်ငံတကာအပါဝင် အဖွဲ့အစည်းများက ရှုတ်ချပြောဆိုလျက်ရှိသည်။

အဆိုပါ ငလျင်ဘေးကို တအာင်း ဒေသ နမ့်ခမ်းမြို့နယ်၊ မိုးကုတ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ္မတူမြို့နယ်၊ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်တို့တွင် ခံစားခဲ့ရပြီး အားပြင်း ငလျင်ကြောင့် စေတီပုထိုးများနှင့် နေအိမ်များ၊ ဆေးရုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA က ပြောသည်။