မတ်လ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံတွင် ၃၀ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်အတွက် အရေးပေါ် တုံ့ပြန်မှုအနေဖြင့် မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးသည့် အဖွဲ့အစည်းများမှတဆင့် ဒေါ်လာအမေရိကန် ဒေါ်လာ၂ သန်းအထိ ပံ့ပိုးကူညီပေးအပ်သွားမည်ဟု အမေရိကန်သံရုံး(ရန်ကုန်)က ယနေ့ညနေတွင် ထုတ်ပြန်သည်။
ထို့အပြင် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ၏ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့သည် အရေးပေါ် နားခိုစရာ၊ အစားအသောက်၊ ဆေးဝါးလိုအပ်ချက်နှင့် ရေရရှိနိုင်မှုအပါအဝင် ငလျင်ဘေး သင့်ဒေသများရှိ ပြည်သူများ၏ အပူတပြင်း လိုအပ်ချက်များကို သုံးသပ်ဖော်ထုတ်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဟုလည်း ပြောဆိုထားသည်။
ပျက်စီးဆုံးရှုံးမှုများမှ ပြန်လည်ထူထောင်ရန်ကြိုးပမ်းလျက်ရှိကြသော မြန်မာပြည်သူများနှင့်အတူ အမေရိကန်ပြည်ထောင်စုက ရပ်တည်လျက်ရှိကြောင်း၊ ဤအခက်အခဲကာလအတွင်း အသက်ဆုံးရှုံးမှုများနှင့် လမ်းပန်းဆက်သွယ်ရေး ပျက်စီးဆုံးရှုံးမှုများအတွက်လည်း အားလုံးနှင့်ထပ်တူ မိမိတို့ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့၊ မွန်းလွဲအချိန်တွင် ဖြစ်ပွားခဲ့သည့် ပြင်းအား(၇.၇)ရစ်ချ်တာ စကေးရှိသော အင်အားပြင်းငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် ဘာသာရေးအဆောက်အဦးများအပါအဝင် လမ်းတံတားများ၊ ဆည်မြောင်းတာတမံများ ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့သည်။
ထို့အပြင် ငလျင်လှုပ်ခတ်ခြင်းများဖြစ်ပွားပြီးနောက် ၄၈ နာရီအတွင်း သေဆုံးသူ ၁၆၁၄ ဦး၊ ဒဏ်ရာရသူ ၁၅၅၇ ဦး နှင့် ပျောက်ဆုံးနေသူ ၁၃၇၆ ဦးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ယနေ့ ထုတ်ပြန်ထားသည်။
ယခုလို ပျက်စီးဆုံးရှုံးမှုများကြောင့် အမေရိကန်နိုင်ငံအပါအဝင် ဗြိတိန်မှလည်း ပေါင်ဆယ်သန်း၊ ဩစတေးလျက ဒေါ်လာနှစ်သန်း၊ တရုတ်က ယွမ်သန်းတစ်ရာ ကူညီသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားချက်များအရ ကနဦး သိရသည်။



















