မတ်လ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်မတ်လ(၂၈)ရက်နေ့တွင် စတင်ဖြစ်ပွါးခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ထိခိုက် နစ်နာခဲ့သည့် ဒေသခံပြည်သူများကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကူညီမှုများကို လုပ်ဆောင် ပေးသွား မည်ဖြစ်ကြောင်း ယနေ့ မတ်လ(၃၀)ရက်နေ့ညနေတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ပြောဆိုလိုက်သည်။
အဆိုပါ အင်အားပြင်း(၇.၇)ရစ်ချ်တာစကေးရှိသည့် ငလျင်ကြောင့် မြန်မာပြည်တွင်းရှိ ဒေသခံပြည်သူများ၏ နေအိမ်များပျက်စီးဆုံးရှုံးခြင်း ၊ ဒေသခံများသေဆုံးခြင်းများကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် များစွာစိတ်မကောင်းဖြစ်ရကြောင်းလည်း ပြောဆိုထားသည်။
မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိအချိန်တွင် အင်အားပြင်းငလျင်ဒဏ်ကို ခံစားနေရသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ဆက်တိုက်လုပ် ဆောင်လျက်ရှိကြောင်း ကေအဲန်ယူက ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အာဏာသိမ်းယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် မြန်မာပြည်သူများ သဘာ ဝဘေးအန္တရယ်ကြုံတွေ့နေရမှုတွင် ဝင်ရောက်ကူညီခြင်းမရှိသည့်အပြင် ပြည်သူများအား ဦးတည် တိုက်ခိုက်ရန်အတွက်သာ လုပ်ဆောင်နေကြောင်း ကေအဲန်ယူက ထောက်ပြ ပြောဆိုသည်။
ထို့အပြင် နိုင်ငံတကာမှ ပေးအပ်သည့်လူသားချင်း စာနာထောက်ထားမှု အကူအညီများကိုလည်း စစ်ကောင်စီတပ်များမှ ကြားဖြတ်ယူ၍ နိုင်ငံရေးအမြတ်မထုတ်စေရန်အတွက် နိုင်ငံတကာက အနီးကပ်အကဲဖြတ်စောင့်ကြည့်သည့် လုပ်ငန်းစဉ်များ လိုအပ်ကြောင်းလည်း ကေအဲန်ယူက တိုက်တွန်းထားသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့မြန်မာနိုင်ငံတွင် ပြင်းအား ၇.၇ ရှိသည့် ငလျင်လှုပ်ခတ်ခြင်းများဖြစ်ပွားပြီးနောက် ၄၈ နာရီအတွင်း သေဆုံးသူ ၁၆၁၄ ဦး၊ ဒဏ်ရာရသူ ၁၅၅၇ ဦး နှင့် ပျောက်ဆုံးနေသူ ၁၃၇၆ ဦး ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ထုတ်ပြန်ထားသည်။
ထို့အပြင် ငလျင်ကြောင့် နေအိမ် အဆောက်အဦး ၁၃,၄၁၁ လုံး၊ စေတီ ၁၅၇ ဆူ၊ ဗလီ ၅၂ ခု နှင့်ဘုရားကျောင်း ၇၁ ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး လမ်းပျက်စီးမှု ၄၃ ခုရှိခဲ့ကြောင်း NUG ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



















