Home သတင်း ငလျင် ကယ်ဆယ်ရေး စနစ်တကျ မရှိသေးဟု NUG ပြော

ငလျင် ကယ်ဆယ်ရေး စနစ်တကျ မရှိသေးဟု NUG ပြော

805
Photo: Myanmar Fire Services Department

မတ် ၃၁ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ငလျင် ကယ်ဆယ်ရေးအတွက် စစ်တပ်ထိန်းချုပ်ထားသည့် မြို့များတွင် အရပ်ဘက်ကူညီ ကယ်ဆယ်ရေး အဖွဲ့များအနေဖြင့် နီးစပ်ရာ အချင်းချင်းချိတ်ဆက်၍ ထောက်ပံ့ မှုများ ဆောင်ရွက်နေရပြီး စနစ်တကျ ပေါင်းစပ်ညှိနှိုင်းမှုများ လုပ်ဆောင်နိုင်ခြင်းမရှိသေးဟု အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ထုတ်ပြန် ပြောသည်။

ထို့အပြင် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့်နယ်မြေများတွင် အင်အားပြင်းငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့် နေအိမ်ပျက်စီးဆုံးရူံးခဲ့သူများကို ကူညီကယ်ဆယ်ရေး၊ ကျန်းမာရေးစောင့်ရှောက် မှုနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာအရပ်ဘက်လူမှုရေး အဖွဲ့အစည်းများမှ ဆက်တိုက် လုပ် ဆောင်ပေးနေသည်ဟု လူသားချင်းစာနာထောက်ထားရေးနှင့် NUG သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ယမန်နေ့တွင် ပြောဆိုသည်။

ထို့အပြင် လုံခြုံရေး အာမခံချက်ရှိပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် CDM ဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက်ပေးနိုင်ကြောင်း NUG က ပြောဆိုသည်။

လက်ရှိကူညီကယ်ဆယ်ပေးမှုများ လုပ်ဆောင်ရာတွင်လည်း စိန်ခေါ်မှုများလည်းရှိနေပြီး စစ်ကောင်စီတပ်များမှ အတင်းအကြပ် စစ်မှုထမ်းခေါ်ဆောင်ခြင်းများကြောင့် စေတနာဝန်ထမ်း လူငယ်များအနေဖြင့် ကူညီကယ်ဆယ် ရေးလုပ်ငန်းများကို ပေါ်ပေါ်ထင်ထင်မလုပ်ဆောင်နိုင်ခြင်းများလည်းရှိနေကြောင်း သိရသည်။

ထို့အပြင် ငလျင်နောက်ဆက်တွဲအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ဒေသခံပြည်သူများသည် မီးမရရှိသည့်အတွက် သောက်သုံးရေ ပြတ်လပ်ခြင်း၊ စားနပ်ရိက္ခာ ဆေးဝါးများပြတ်လပ်ခြင်း၊ စက်ပစ္စည်းများလိုအပ်ခြင်း၊ သတင်း အချက်အလက်များ အချိန်နှင့်ပြေးညီမရရှိခြင်း စသည့်လိုအပ်ချက်များစွာကို ကြုံတွေ့နေရကြောင်း ပြောဆို ထားသည်။

ပြည်သူများအနေဖြင့် ငလျင်နောက်ဆက်တွဲဘေးအန္တရယ်များကြောင့် လိုအပ်ချက်များစွာဖြင့် ကြုံတွေ့နေရ သော်လည်း တစ်ဖက်တွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်အပါအဝင် နေရာ တချို့ကို ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး ဒေသခံများသေဆုံးမှုများရှိနေသည်ဟု သိရ သည်။

ယခုလို စစ်ကောင်စီမှ ပြည်သူများအားအဓိက ပစ်မှတ်ထားတိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးမှ ယခုကာလအတွင်း လူ့အသက်များကို ကယ်ဆယ်ရန်နှင့် လိုအပ်သည့် နေရာများကို ကူညီရန် အာရုံ စိုက်နိုင်ရေး ထိရောက်သည့် အပစ်အခတ်ရပ်စဲရေးလုပ်ရန် မတ် ၃၀ ရက်နေ့တွင် တိုက်တွန်းပြောဆို ထားသည်။