Home သတင်း ကော့ကရိတ် တိုက်ပွဲအတွင်း စစ်ကောင်စီကြောင့် ရွာ ၄ ရွာရှိ အိမ် ၁၀၀ ကျော် မီးလောင်ပျက်စီး

ကော့ကရိတ် တိုက်ပွဲအတွင်း စစ်ကောင်စီကြောင့် ရွာ ၄ ရွာရှိ အိမ် ၁၀၀ ကျော် မီးလောင်ပျက်စီး

1143
Photo: CJ

မတ် ၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ် တိုက်ပွဲအတွင်း စစ်ကောင်စီက ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်မှုအပြင် မီးရှို့မှုများကြောင့် မြို့ပြင်ရှိ ကော့နွဲ၊ တတန်ကူး၊ ရန်ကုတ်နှင့် ဆင်ကုန်း ကျေးရွာ ၄ ရွာရှိ ပြည်သူပိုင်နေအိမ် ၁၀၀ လုံးကျော် မတ် ၃ ရက်နေ့ ထိ မီးလောင်ပျက်စီး သွားသည်ဟု ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့ပြင် တတန်းကူးကျေးရွာရှိ ရွှေကြက်မင်းဘုန်းကြီးကျောင်း၌ စခန်းချထားသည့် စစ်ကောင်စီတပ်ဖွဲ့ ကို တော်လှန်ရေးပူးပေါင်းတပ်များက ပိတ်ဆို့ တိုက်ခိုက်နေသည့်အတွက် အဆိုပါရွာအပြင် အနီးတဝိုက် ရွာများရှိ နေအိမ်များကို ယခုလို ပစ်ခတ်၊ မီးရှို့နေခြင်းဖြစ်သည်ဟု တော်လှန်ရေးသတင်းရင်မြစ်က ယခုလို ပြောသည်။

“ကော့နွဲ့လည်း အိမ်ခြေ ၃၀ ကျော်၊ ၄၀ လောက် လောင်နေပြီ နေ့တိုင်းဆိုတော့ ကုန်သလောက်ပဲ၊ ကော့နွဲ့က ရွာ ကုန်လောက်ပြီး။ တတန်ကူးက ရွာသားကိုယ်တိုင်ပြောတာ ၂၈ လုံး လောင်တာကနေ အခုအိမ်တွေ ၃၈ လုံး ကုန်သွားပြီးလို့ ပြောလာတယ်။ ဆင်ကုန်းရွာနဲ့ ရန်ကုတ် ရွာဘက်ကတော့ အိမ်တွေ ရာဘာခြံတွေ မီးလောင်တာ ကုန်သလာက်ဖြစ်နေပြီး။ အိမ်တွေအားလုံးပေါင်းရင်မြို့ပြင် မှာအိမ်ခြေ တစ်ရာ ကျော်ပြီး၊ အခုရွှေကြက်မင်း ဘုန်းကြီး ကျောင်းကို ဝိုင်းပိတ်ပြီးတိုက်နေတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ကော့ကရိတ်၊ ကျုံဒိုးလမ်းပိုင်း တစ်လျှောက်ကျေးရွာများတွင် စစ်ကောင်စီတပ်ကများ ခံစစ်အသွင် စစ်ပြင်ဆင်ထားပြီး ဂျိုင်းတံတားမှ ကော့ကရိတ်မြို့ထိ စခန်းနှင့် တပ်ရင်းများသို့ အင်အားတိုးချဲ့ ချထားမှုရှိနေ သည်ဟု မျက်မြင်သိထားသူ ကျုံဒိုး ဒေသခံတစ်ဦးက ပြောသည်။

“ကျုံဒိုး ၅၄၅/၅၄၆ တပ် ကိုးတိုင်၊ ခုနှစ်တိုင်၊ ငါးတိုင်၊ ချောင်းဖျား၊ နဘူးလမ်းခွဲ၊ကမ္မရန်းရွာ တွေကို စစ်ကြောင်း ပတ်နေတယ်။ လက်နက်ကြီးနဲ့ ဂျိုင်းတံတားက ပစ်တယ်၊ ၅၄၅ တပ်က ပစ်တယ်။ ဒရုန်းနဲ့ ကင်းထောက်တယ်။ စစ်တပ်က ကော့ကရိတ်နဲ့ ဂျိုင်း လမ်းပိုင်းကို ဖြတ်တောက်လို့ မရအောင် ရွာတွေက ဘုန်းကြီးကျောင်းတွေမှာ စခန်းချထားတာ များလာတယ်” ဟု ၎င်း ဒေသခံက ပြောသည်။

ယခုလို စစ်ကောင်စီက ခံစစ်အသွင် ပြင်ဆင်မှုများ ရှိနေသလို အခြားတစ်ဖက်တွင်မှု စစ်မှုထမ်းဥပဒေဖြင့် အတင်းအကြပ် တပ်သားသစ်စုဆောင်းခံရပြီး ကော့ကရိတ် ရှေ့တန်းသို့ ပို့ဆောင်ခံရသူ တပ်သားသစ် ၁၀၀ ဦး ဝန်းကျင် တော်လှန်ရေး တပ်များထံ လက်နက်ချ အလင်းဝင်မှုများ ရှိနေသည်ဟု မြေပြင်စစ်ကြောင်း တာဝန်ရှိသူ များက ထုတ်ပြန် ပြောဆို ထားသည်။