Home သတင်း မြန်မာကို EU က လုပ်ငန်းစဉ် ၆ ခုအတွက် ယူရို ၃၃ သန်း လူသားချင်း စာနာမှုအကူအညီပေးမည်

မြန်မာကို EU က လုပ်ငန်းစဉ် ၆ ခုအတွက် ယူရို ၃၃ သန်း လူသားချင်း စာနာမှုအကူအညီပေးမည်

684
Photo: CJ

မတ် ၇ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် အခက်အခဲကြုံတွေ့နေရသည့် ပြည်သူ များ အတွက် ဥရောပသမဂ္ဂ (EU)က လူသားချင်းစာနာထောက်ထားမှု အကူအညီ ယူရို ၃၃ သန်း ထောက်ပံ့ကူညီပေးသွားမည်ဟု မတ် ၃ ရက်နေ့တွင် ထုတ်ပြန်ပြောသည်။

EU အနေဖြင့် အရှေ့တောင်အာရှ နိုင်ငံများ အကြပ်အတည်းများကြောင့် ထိခိုက်ခံစားနေရသူများကို လူသားချင်းစာနာထောက်ထားမှု အကူအညီ ယူရို ၇၆ သန်းပေးရန် ခွဲဝေထားသည်။ ထိုထဲမှ ယူရို ၃၃ သန်းကို မြန်မာသို့ ကူညီထောက်ပံ့သွားမည်ဟု EU က ပြောသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များအတွက် ယူရို ၃၂.၃ (၃၂ ဒသမ ၃) သန်းနှင့် မြန်မာ့အကြပ်အတည်း အကျိုး ဆက်ကြောင့် အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ဒုက္ခသည်များကို လက်ခံပေးနေသည့် လူမှုအဖွဲ့ အစည်းများကို ယူရို ၃.၅ (၃ ဒသမ ၅) သန်း ခွဲဝေထားသည်။

အဆိုပါ ၇၆ သန်းထဲမှ ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအိုဒေသ ပဋိပက္ခအတွက် ယူရို ၆ သန်းနှင့် အရှေ့တောင်အာရှဒေသ သဘာဝဘေးကြိုတင်ကာကွယ်မှုများအတွက် ယူရို ၁.၃ (၁ ဒသမ ၃) သန်း ပေးအပ်သွားမည် ဖြစ်သည်။

မြန်မာအတွက် ပေးအပ်မည့် ယူရို ၃၃ သန်းကို လုပ်ငန်းစဉ် ၆ ခု ၌ ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး ၎င်းတို့မှာ အရေးပေါ် စားနပ်ရိက္ခာ ပံ့ပိုးခြင်း၊ ရွှေ့ပြောင်း ဒုက္ခသည်များအတွက် နေထိုင်ရေးပိုင်းဆိုင်ရာ အမိုးအ ကာနှင့် မိလ္လာအသုံးပြုမှု၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု တို့ပါဝင်သည်။

ထို့အပြင် အရေးပေါ် ပညာရေးဝန်ဆောင်မှုများအတွက် ပံ့ပိုးခြင်း၊ မြေမြှုပ်မိုင်း အန္တရာယ် အသိ ပညာပေးလုပ်ငန်း နှင့် သဘာဝဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင်လည်း ပံ့ပိုးသွားမည်ဖြစ်သည်ဟု EUက ပြောသည်။

ယခုလို အီးယူပေးအပ်မည့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများကို ဒေသအတွင်းရှိ နိုင်ငံတကာ NGO များ နှင့် ကုလသမဂ္ဂအေဂျင်စီများ စသည့် မိတ်ဖက်အဖွဲ့အစည်းများမှတစ်ဆင့် ရံပုံငွေ ပေးပို့သွားမည် ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်ထဲ၌ ပြောဆိုထားသည်။

EU သည် လွန်ခဲ့သည့် ၇ နှစ်ထဲက ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် အခိုင် အမာရပ်တည်ပေးခဲ့သလို ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝှမ်း ပဋိပက္ခများဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သောကြောင့် ၎င်းတို့ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်သည့် အခြေအနေမရှိသေးကြောင်း EU အကြပ်အတည်း စီမံခန့်ခွဲရေးကော်မရှင်နာ မစ္စဟာလ်ဂျာ လားဘစ် Hadja Lahbib က ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

Photo: CJ

၎င်းက “ မြန်မာမှာ ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာ ထောက်ထားမှု အကြပ်အတည်း ရင်ဆိုင်နေရသလို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် EU ဟာ နှစ်တိုင်း အထောက်အပံ့တွေ တိုးမြှင့်ခဲ့ပါတယ်။ ကျမတို့ရဲ့ အခုရန်ပုံငွေဟာ အရှေ့တောင်အာရှမှာရှိတဲ့ ထိခိုက်လွယ်မှု ခံစား နေရသူတွေအတွက် အထောက်အကူဖြစ်မှာ သေချာပါတယ်” ဟု ပြောသည်။

လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်နေ့မှစ၍ USAID ၏ ကမ္ဘာတစ်ဝှမ်း အကူအညီများကို ရပ်တန့်လိုက်သည့်အတွက် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များ ပဋိပက္ခကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် စစ်ရှောင်များ ကျန်းမာရေး၊ စားနပ်ရိက္ခာအတွက် ထိခိုက်မှုကြီးမားစွာ ဖြစ်ပေါ်ခဲ့သည်ဟု ကော်သူးလေနယ်မြေထဲရှိ စစ်ရှောင်များကို ကူညီပေးသည့်အဖွဲ့များက ပြောဆိုသည်။

ထို့ကြောင့် စစ်ရှောင်များ အကြပ်အတည်း ကြီးမားစွာ မဖြစ်စေရေးအတွက် ဥပရောပနိုင်ငံ၏ ထောက်ပံ့မှု ရရှိရေးကိုလည်း နိုင်ငံတကာ INGO အဖွဲ့အစည်းများနှင့်လည်း ဆက်လက်ပြောဆိုနေရပြီး အကူအညီ ရရန် အလားအလာ ကောင်းများရှိသည်ဟု ကရင်ပြည်တွင်း နေရပ်စွန့်ခွာသူများ ကော်မတီ- CIDKP ၏ ဒု-တာဝန်ခံစောခဲလေက ပြောဆိုသည်။

၎င်းက “အထူးသဖြင့် ဥရောပနိုင်ငံ EUရဲ့ ထောက်ပံ့မှုရရှိဖို့ သူတို့နဲ့စကားပြောတယ် သူတို့လည်း ဒါကို သိတယ်။ နောက်ပြီး ဩစတြေးလျား အစိုးရရဲ့ထောက်ပံ့မှုအကူအညီတို့ အပေါ်က INGO/NGO တွေနဲ့ စကားပြောတယ်။ အဖြေကောင်းရခဲ့တယ်။ ဒါပေမယ့် ထောက်ပံ့မှုတော့ စောင့်ရမယ်။ အရင်လိုတော့ ပြန်ပြည့်ဖို့မလွယ်ဘူး” ဟု ပြောသည်။

ထို့အပြင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ရှောင်များကို ပြည်တွင်းရှိ အလှူ ရှင်များနှင့် လူမှုအဖွဲ့အစည်းများက ကူညီပေးရာတွင်လည်း မတရားအသင်း ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်နေရသည်ဟု ဖားအံမြို့ခံ အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

“အခုရွာတွေမှာ အခက်အခဲဖြစ်ပြီး စစ်ရှောင်နေရတဲ့သူတွေအများကြီးရှိတယ်။ အရင်လို လှူလို့မရဘူး။ လှူတာတွေ့ရင် PDF အဖွဲ့တွေ ထောက်ပံ့တာတွေ ဘာတွေရှိတော့ လူထုအချင်းချင်း ပြန်မကူညီရဲတဲ့ အခြေအနေမှာ ရှိတယ်။ စစ်ရှောင်အတွက် ရံပုံငွေရှာ တာတို့လည်း အရင်လိုမရှိတော့ဘူး။ ကိုယ့်နိုင်ငံက လူတွေပဲ အချင်းချင်းပြန်ကူညီချင်တာတွေ အများကြီးရှိတယ်။ လှူရင် PDF ကို ထောက်ပံ့တယ်ဆိုပြီး ပုဒ်မတပ်ခံရနိုင်လို့ မလှူရဲကြတာ”ဟု ကေအိုင်စီသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းမီကာလတွင် စစ်ရှောင်ဦးရေ ၆ သိန်းကျော်သာရှိရာမှ ၂၀၂၄ ခုနှစ်အထိ သုံးနှစ်ကျော်ကာလတွင် စစ်ရှောင်ဦးရေ ၃.၅ သန်းအထိ တိုးမြှင့်လာခဲ့ပြီး လူသား ချင်းစာနာမှု ဆိုင်ရာ လိုအပ်ချက်များ မကြုံဖူးသည့်အဆင့်ထိ မြှင့်တက်လာခဲ့သည်ဟု ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။