Home သတင်း ပဲခူးတိုင်းရှိ ကျေးရွာနှစ်ရွာသို့ ‌ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့်ဒေသခံ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်းရှိ ကျေးရွာနှစ်ရွာသို့ ‌ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့်ဒေသခံ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

636
Photo: CJ

မတ်လ ၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်အစပ်ကြားရှိ ကျေးရွာနှစ်ရွာသို့ စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ‌ဒေသခံ ၃ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ (၆) ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် စစ်ကောင်စီက အရပ်သားပြည်သူများနေထိုင်သည့် ကျောက်ကြီး‌ပေါက်နှင့် မကျည်းတော ကျေးရွာများသို့ လေယာဥ်နှင့် ဗုံး (၆) လုံးခန့်် လာရောက်ကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု တော်လှန်ရေး သတင်းအရင်းအမြစ်တစ်ဦးက ယခုလို ပြောသည်။

“ အဲဒီရွာတွေကို ဘာလှုပ်ရှားမှု ထိတွေ့မှုတွေ မရှိပဲနဲ့ကို လေယာဥ်နဲ့ လာပစ်သွားတာ။ လေယာဥ်နဲ့ ပစ်တော့ ရွာကလူတွေ ရှောင်ကြရတာပေါ့ “ ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျောက်ကြီးပေါက်ရွာမှ ‌ဒေသခံ ၁ ဦးနှင့် မကျည်းတောရွာမှ ‌‌‌ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့သည့်အပြင် နေအိမ်များလည်း မီးလောင်ထိခိုက်ပျက်စီးမှု ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

လတ်တလောတွင် စစ်ဘေးရှောင်ဒေသခံများအနေဖြင့် အနီးအနားမြို့ရှိရာသို့ တိမ်းရှောင်နေကြရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း အခြေချတပ်စွဲထားသည်ဟု ထန်းတပင်မြို့နယ် ဒေသခံများက ပြောသည်။

Photo: CJ

ဒေသခံအမျိုးသမီးတစ်ဦးက “ အခြေအနေက ဘေးနားရွာမှာပဲ လာဖြစ်နေတော့ လူကြီး၊ ကလေး အကုန်ပြေးကြရတာပေါ့။ ခုကလည်း စစ်တပ်က ရွာထဲဝင်နေကြတယ်။ ဒီက ပြေးရှောင်တဲ့သူတွေ နေလို့ မရအောင် ဘုန်းကြီးကျောင်းလိုနေရာတွေအထိ ဝင်ပြီး ကင်းစောင့်နေကြတာ။ တချို့က တောင်ငူဘက်ကို ပြေးကြတယ်” ဟူ ၎င်းက ကေအိုင်စီသို့ ပြောသည်။

တဆက်တည်းတွင် ပဲခူးနှင့် ကရင် စပ်ကြားရှိ သံတောင်ကြီးမြို့နယ် သပြေညွန့်ကျေးရွာအနီး စစ်ကောင်စီ၏ တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ယမန်နေ့ ည ( ၂) နာရီဝန်းကျင်ခန့်တွင် ဝင်ရောက်စီးနင်းခဲ့‌ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုဖြစ်ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီဘက်မှ လေယာဥ်များ၊ ဒရုန်းများအသုံးပြုကာ ၎င်းအနီးတဝိုက်ရှိ ကျေးရွာများသို့ ဗုံးကြဲလုပ်ဆောင်ခဲ့ကြောင်း ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရှိရသေးကြောင်းနီးစပ်‌သည့် တော်လှန်ရေးအရင်းအမြစ်များထံမှ သိရသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ထဲရှိ ကျေးရွာ ၂ ရွာကိုလည်း စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော် ၁ ပါးထိခိုက်ဒဏ်ရပြီး ဘာသာရေး အဆောက်အအုံများ၊ လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ဖော်ပြသည်။