Home သတင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် တစ်လအတွင်း အမျိုးသမီး ၆၆ ဦးသေဆုံးခဲ့ဟု BWU ပြော

စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် တစ်လအတွင်း အမျိုးသမီး ၆၆ ဦးသေဆုံးခဲ့ဟု BWU ပြော

523
Photo: နွေဦးမေတ္တာ စစ်ဘေးရှောင် ကူညီရေးအဖွဲ့

မတ်လ ၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းများကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အမျိုးသမီး ၆၆ ဦး‌သေဆုံးပြီး ၆၈ ဦး ထိခိုက် ဒဏ်ရာရခဲ့သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ(Burmese Women’s Union)က ယမန်နေ့ မတ်လ (၆) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုသည်။

ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအပြင် မြန်မာနိုင်ငံအနှံ့ အရပ်သားပြည်သူများအား ပစ်မှတ်ထားကာ လက်နက်ကြီးပစ်ခတ်မှုများ၊ မီးရှို့သတ်ဖြတ်မှုများ၊ အကျဥ်းထောင်အတွင်း ဆေးကုသခွင့်မရရှိမှုများနှင့် မြေမြှုပ်မိုင်းတို့ကြောင့် အမျိုးသမီးများ သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု BWU က ပြောသည်။

“ဒီလို အကြမ်းဖက်မှုတွေက ဆက်ဖြစ်နေဖို့ မသင့်တော်ဘူး။ အရမ်း ထိခိုက်နစ်နာမှုတွေ ဆုံးရှုံးမှုတွေ ဖြစ်ပါတယ်။ အဲဒီအတွက် ရပ်တန့်ဖို့ တောင်းဆိုချင်တယ်။ တရားမျှတမှုအတွက် ဥပဒေယန္တယားတွေ လျော့ရဲနေချိန်မှာ အကြမ်း ဖက်မှုတွေနဲ့ ကြုံရတဲ့ အမျိုးသမီးတွေအနေနဲ့လည်း အသံတွေ များများထုတ်ဖော်ပေးမှ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အများက သိပြီး လိုအပ်နေတဲ့အခြေအနေတွေအတွက် တစ်စုံတစ်ရာ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်” ဟု BWU ၏တွဲဖက်အတွင်းရေးမှူး (၂) ဖြစ်သူ မယဥ်မျိုးလှိုင်က ကေအိုင်စီသို့ ပြောသည်။

အမျိုးသမီးများက ယခုလို ပဋိပက္ခကာလအတွင်း ခက်ခဲသည့်ကြားမှ လုံခြုံရေးအတွက် စိန်ခေါ်မှုများစွာ နေထိုင်ကြရကြောင်း၊ ၎င်းကာလအတွင်း ထိခိုက်နစ်နာသွားတဲ့အမျိုးသမီးများကိုလည်း တာဝန်ယူမှု တာဝန်ခံနှင့်အတူ တရားမျှတမှုများအတွက် BWU အနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီပံ့ပိုးမှုများ လုပ်ဆောင်ပေးနေကြောင်း အဆိုပါ တွဲဖက်အတွင်း‌ရေးမှူးက ဖြည့်စွက်ပြောသည်။

ထို့အပြင် သေဆုံးခဲ့သည့် အမျိုးသမီးများတွင် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုများကြောင့် အသက် (၁၈) နှစ်အောက် အမျိုးသမီး ၁၃ ဦး အပါအဝင် ၄၅ ဦးအထိ အများဆုံး သေဆုံးခဲ့ပြီး အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့်ပင် ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသမီးဦးရေမှာ (၄၁) ဦးထိ ရှိခဲ့သည်ဟု BWUက ဖော်ပြသည်။

တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်များအား အကူအညီပေးနေသည့် တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက “စားဝတ်နေရေးအတွက် အမျိုးသားက တာဝန်ရှိပေမယ့် အခုတိုက်ပွဲ လေကြောင်းရန်ဖြစ်တာနဲ့ နေ့လုပ်နေ့ စားသမားတွေ လုပ်ငန်းခွင်သွားဖို့ နားထားရတာမျိုးရှိတော့ အဲဒီအတွက် အမျိုးသမီးတွေက မိသားစု ရပ်တည်နိုင်ဖို့ တချိန်လုံး စိုးရိမ်ပူပန်မှုတွေဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ‌ ထိခိုက်မှုတွေ ရှိလာတာ တွေ့ရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထုတ်ပြန်ချက်အရ တလတာအတွင်း စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုထဲတွင် အမျိုးသမီး ၂၁ ဦးထိ သေဆုံးမှု အများဆုံး ဖြစ်ခဲ့ပြီး ရှမ်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် ၉ ဦးသေဆုံးကာ ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။

BWU အနေဖြင့် အမျိုးသမီးများ ထိခိုက်ဒဏ်ရာရ သေဆုံးမှု စာရင်းကို လွတ်လပ်သည့် သတင်းဌာနများနှင့် ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုစည်းကောက်နုတ်ထားခြင်း ဖြစ်ပြီး မြေပြင်ပကတိအခြေအနေမှာ ယခုထက်ပိုများနိုင်သည်ဟု ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောက်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ထားသည့် အချက်အလက်များအရ စစ်ကောင်စီက အာဏာသိမ်းရန် ကြိုးပမ်းသည့်ကာလမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ အမျိုးသမီး ၄,၂၂၄ ဦးအထိ စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ဖော်ပြထားသည်။

မြန်မာအမျိုးသမီးများသမဂ္ဂ(BWU)ကို ၁၉၉၅ခုနှစ်မှ စတင်ကာ ထိုင်း-မြန်မာနယ်စပ်တွင် ၁၉၈၈ ခုနှစ် လူထုလုပ်ရှားမှုအတွင်း ပါဝင်ခဲ့သော အမျိုးသမီးခေါင်းဆောင်များက အလွှာပေါင်းစုံရှိ အမျိုးသမီးများ၏အသံကို ဖော်ကျူးနိုင်ရမည်ဟူသော ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။ BUW အဖွဲ့သည် လစဉ်အမျိုးသမီးဆိုင်ရာ သတင်းများ၊ သုံးသပ်ချက်များနှင့် အမျိုးသမီးအလုပ်သမားရေးရာနှင့်ပတ်သက်သော အစီရင်ခံစာများကို အလျင်းသင့်သလို ထုတ်ပြန်လေ့ရှိသည်။