မတ် ၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဇဝဲရွာအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ-၅၅၆)တပ်က တပ်သား တစ်ဦးသည် လုံခြုံရေးတာဝန်ကျနေစဉ် လက်နက်ခဲယမ်းများနှင့်အတူ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်အဖွဲ့ထံသို့ အလင်းဝင်လာသည်ဟု သက်ဆိုင်ရာက ပြောသည်။
ယခုလို လက်နက်အပ်နှံ အလင်းဝင်လာသူ တပ်သား ဝေလင်းထွန်းသည် သူနှင့် အတူ MA.2(စက်ကလေး) တစ်လက်၊ ၅.၅၆ကျည်(၂၀)တောင့်၊ ကျည်ဘောက်(၁)ခုကို တနင်္သာရီမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)ထံသို့ အပ်နှံခဲ့သည့်အတွက် အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာနမှ ကျပ်သိန်း ၆၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင်လည်း စစ်ကောင်စီတပ်က အရာရှိအဆင့် ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်သားနှင့် ရဲ စုစုပေါင်း ၆၄ ဦး ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက မတ် ၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ယခုနှစ် ဇန်နဝါရီလအတွင်းတွင်လည်း စစ်ကောင်စီတပ်သားနှင့် ရဲ ၁၃၆ ဦး တို့သည်လည်း အလားတူ အကြမ်း မဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM တွင် ပါဝင်လာခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန် ထားပါသည်။



















