Home သတင်း မိုးဗြဲမြို့ ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်နေ

မိုးဗြဲမြို့ ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်နေ

641
Photo: KNDF

မတ်လ ၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်နီပြည်ရှိ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အပြင်းအထန် စစ်ကြောင်းထိုးလုပ်ဆောင်နေသော စစ်ကောင်စီသည် ဒေသခံတော်လှန်ရေးတပ်ဖွဲ့နှင့် လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ် -KNDF ၏ တာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။

ဖေဖော်ဝါရီလအတွင်း မိုးဗြဲမြို့အပြင် ဖားဆောင်း၊ ဘောလခဲနှင့် လွိင်ကော်မြို့နယ်တို့တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားမှုရှိသလို အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုး တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်ဟု KNDF က မတ်လ (၄) ရက်နေ့ တွင် ထုတ်ပြန်ထားသည်။

“လတ်တလော စစ်ကောင်စီရဲ့ မိုးဗြဲထိုးနေမှု အခြေအနေကို‌တော့ တော်လှန်ရေးတပ်ဖွဲ့တွေက အပြင်းထန်ဆုံးနဲ့ အတတ်နိုင်ဆုံး ဝိုင်းဝန်းပြီးတော့ ကြိုးစားခုခံတိုက်ခိုက်နေတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့ထဲက ရပ်ကွက် တချို့ကို ကာကင်းတွေ လုပ်ပြီး တပ်စွဲတာတွေ ရှိတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကြောင့် သူတို့ပြန်ဆုတ်သွားတာတွေလည်း ရှိတယ်။ ဒီစစ်ဆင်ရေးကို တော်လှန်ရေးအဖွဲ့တွေက ကောင်းမွန်စွာ ခုခံတယ်” ဟု KNDF ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောသည်။

ထို့ကြောင့် မိုးဗြဲဒေသဘက်၌ တိုက်ပွဲများ ဆက်လက် ပြင်းထန်လာနိုင်မှုနှင့် စစ်ကောင်စီ၏လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုရန်ကြောင့် တစ်မြို့လုံးနီးပါးရှိ ‌ဒေသခံများက စစ်ရှောင်နေရသည့် အနေအထားအထိ ဖြစ်နေသည်ဟု တာအယ်စိုးက ဖြည့်စွက်ပြောသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ထောက်ပို့လေယာဥ်ဖြင့် ဗုံးသီးကြဲချခြင်း၊ ဒရုန်းများဖြင့် ဒရော့ဗုံးချခြင်းနှင့် လက်နက်ကြီး ပစ်ခတ်ခြင်းတို့ကို တနေကုန် နီးပါး လုပ်ဆောင်ခဲ့ကြောင်း၊ ထိုတစ်လတာ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်မှ (၇) ဦး သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်ဘက်မှ လက်နက်ကြီးငယ် (၅)လက် သိမ်းဆည်းရမိခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

၎င်းနှစ်ဖက်တိုက်ပွဲပြင်းထန်သည့်မိုးဗြဲဒေသတွင် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများကိုလည်း လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့် အသက် ၁၈နှစ်အောက် ကလေး ၄ ဦးအပါအဝင် အရပ်သား ၅ဦး သေဆုံးမှုရှိခဲ့သလို နေအိမ် အလုံး(၅၀) ၊ စာသင်ကျောင်း (၄)လုံးနှင့် ဘာသာ ရေးအဆောက်အဦး (၄)လုံး မီးလောင်ပျက်စီးခဲ့သည်ဟု KNDF၏ ထုတ်ပြန်ချက်အရ သိရသည်။

၎င်းအပြင် ဖေဖော်ဝါရီလ (၁) လတာအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဆီသို့ ဘက်ပြောင်း ခိုလှုံလာမှုနှင့်အတူ ဦးတည်ရာမဲ့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား စုစုပေါင်း ၁၅ ဦး ရှိပြီး ၎င်းတို့ကို လုံခြုံစွာ ထိန်းသိမ်းထားကြောင်း KNDF က အသိပေး ထုတ်ပြန်ထားသည်။