Home သတင်း ထားဝယ်မြစ်တွင် တပ်သားများလိုက်ပါလာသည့် ကွန်တိန်နာသင်္ဘော ကြားဖြတ်တိုက်ခိုက်ခံရ

ထားဝယ်မြစ်တွင် တပ်သားများလိုက်ပါလာသည့် ကွန်တိန်နာသင်္ဘော ကြားဖြတ်တိုက်ခိုက်ခံရ

588

မတ် ၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထားဝယ်မြို့မှ စစ်မှုထမ်းတပ်သားသစ်များ တင်ဆောင်လာသည့်ကွန်တိန်နာ သင်္ဘောကို ဒေသအခြေစိုက်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ် ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ရှဲဒိုးက ပြောသည်။

အဆိုပါ စစ်ကောင်စီ တပ်သားများလိုက်ပါလာသည်ဟု ဆိုသည့် ကွန်တိန်နာ သင်္ဘောသည် ထားဝယ်မြစ်ကြောင်း အတိုင်း ဆန်တက်မောင်းနှင်လာစဉ် မတ် ၄ ရက်‌နေ့ ညနေ ၄ နာရီ အချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်များက လောင်းလုံးမြို့နယ်တွင် ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ရဲဘော်ရှဲဒိုးက ပြောသည်။

“တပ်သားသစ်တွေကိုပို့တဲ့အချိန်မှာ ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ သင်္ဘောပေါ်မှာဆိုတော့ ထိခိုက်ကျဆုံးမှု အသေးစိတ်ကိုတော့ စုံစမ်းနေတုန်းပါဘဲ။ တော်လှန်ရေးဘက်ကတော့ ထိခိုက်မှုမရှိပါဘူး။ ရေကြောင်းကနေမြိတ်ဘက်ကို တစ်ဆင့်သွားမယ်လို့တော့ သိထားတယ်။ပါလာတဲ့အင်အားတွေကတော့ ၃၀ ကျော်၄၀ ဝန်းကျင်မှာရှိတယ်” ဟု ၎င်းက မတ် ၆ ရက်နေ့တွင် ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှု အတွင်း ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်များဖြစ်သည့် Dawei Dafense Team-DDT ၊ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ပူးပေါင်းပါဝင်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုအပေါ် အတည်ပြုနိုင်ခြင်းမရှိသေးသလို တော်လှန်ရေး တပ်ဖွဲ့ဝင်များဘက်က အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ထား၀ယ်မြစ်ကြောင်းအတွင်း ရေကြောင်း အသုံးပြုသွားလာ‌နေသည့် စစ်ကောင်စီ တပ်သားများကို အချိန်မရွေး ၊ နေရာမရွေး ပစ်မှတ်ထား တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က အသိပေး ထုတ်ပြန်ပြောဆိုထားကြောင်း သိရသည်။