Home တွေ့ဆုံမေးမြန်းခန်း အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာပြည်) မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် နာဗစ်ဘွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာပြည်) မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် နာဗစ်ဘွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

197

“နိုင်ငံဆင်းရဲလေလေ အမျိုးသမီးငယ်တွေရဲ့ အနာဂတ် ပျောက်သွားလေလေဖြစ်တယ်”

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာပြည်) မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် နာဗစ်ဘွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

လက်ရှိ မြန်မာနိုင်ငံသည် အာရှတိုက်၌ အဆင်းရဲဆုံး စာရင်းဝင်နိုင်ငံအဖြစ်သို့ ရောက်ရှိနေပြီး စစ်တပ်အာဏာ သိမ်းမှု အကျိုးဆက်အဖြစ် နိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခများဖြစ်ပွားကာ စီးပွားရေး၊ လူမှုရေး စသည့် အထွေထွေ အကျပ်အတည်း များနှင့် ကြုံတွေ့ရသည်ကို အများပြည်သူသိနှင့်ပြီး ဖြစ်သည်။

ယနေ့ မတ် ၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ထိုသို့ အထွေထွေအကြပ်အတည်းများကြား အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေများနှင့် ပတ်သက်၍ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာပြည်)၏ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်လည်း ဖြစ်ပြီး လားဟူအမျိုးမသီးအဖွဲ့ အထွေထွေအတွင်းရေးမှူး နာဗစ်ဘွန်းနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြ လိုက်ပါသည်။

မေး။ ။ အခုလက်ရှိမှာနယ်မြေ မအေးချမ်းတဲ့ ဒေသအများစုမှာ အမျိုးသမီးတွေရဲ့ အဓိက စိတ်ပူပန်နေရတဲ့ အကြောင်းအရာတွေက ဘာများဖြစ်မလဲ။

ဖြေ။ ။ တစ်နိုင်ငံလုံးမှာ ကြည့်မယ်ဆိုရင်လည်း မငြိမ်းချမ်းနေဘူးပေါ့နော် ဆိုတော့ ကျမတို့တိုင်းရင်းသား ဒေသ မှာဆို တိုက်ပွဲတွေ ဖြစ်တဲ့နေရာတွေဆိုရင်လည်း မငြိမ်းချမ်းဘူး။ တိုက်ပွဲမဖြစ်တဲ့ နေရာမှာလည်း တခြားပဋိပက္ခ တွေအများကြီး ရှိတယ်။ အဆင်မပြေဘူး၊ မငြိမ်းချမ်းဘူး ပေါ့နော်။ အဲ့လိုမျိုးနေရာမှာ နေရတဲ့ ကျမတို့ အမျိုးသမီး တွေ ပိုပြီးတော့မှ စိတ်ပူပန်ရတဲ့တာတွေ ရှိတယ်။ အမျိုးသမီး ဖြစ်တဲ့အတွက်ကြောင့် လုံခြုံရေးကို ပိုပြီးဂရုစိုက် ရတာ တွေရှိတယ်။ သတိထားရတဲ့ ဟာတွေရှိတယ်။

အိမ်အတွင်းမှာနေရင်လည်း လုံခြုံမှုမရှိဘူး။ အိမ်အပြင်သွားရင်လည်း လုံခြုံမှုက လုံးဝမရှိဘူး။ ပြီးရင် တစ်ယောက် တည်း မြို့ထဲမှာဈေးဝယ်လို့မရတဲ့ အခြေနေတွေ ဖြစ်တယ်။ အဖော်ခေါ်ရတယ်။ ပိုဆိုးတာက ရွာထဲကနေမြို့ထဲမှာ ဈေးထွက်ဝယ်မယ်ဆိုလို့ရင် ယောက်ကျားလေးအဖော် လေးငါးယောက်ပါမှ သွားလို့ရတယ်။ ဒေသက မငြိမ်းချမ်း ဘူးဆိုတော့ လုံခြုံရေးကို အမြဲဂရုစိုက်ရတယ်။ နောက်တစ်ခု ပိုဆိုးတာက ကျောင်းမနေရတဲ့ကလေးတွေ ပိုများ လာ တယ်။ ကျောင်းနေရတဲ့ကလေးတွေက အနည်းစုလောက်ဘဲ ရှိတယ်။ မိသားစုရဲ့စားဝတ်နေရေးကိုလည်း အမြဲတမ်းစိတ်ပူနေရတယ်။ စားဝတ်နေရေးဆိုတာကလည်း အသုံးစရိတ် မပါသေးဘူး။ တစ်ရက်ကို ထမင်းသုံးနပ် မှန်အောင် စားရဖို့တောင် စိတ်ပူနေရတယ်။

အိမ်ရှင်မတွေဆို အရင်တုန်းက တိုင်းရင်းသားဒေသတွေမှာ ဆိုလို့ရှိရင် နေရင်းနဲ့ ဝင်ငွေရအောင် လုပ်လို့ရတယ်။ လက်မှုပညာလေးတွေ လုပ်တယ်ပြီးတော့ အိမ်ဘေးနားမှာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးတွေလုပ်ပြီးတော့မှ ဝင်ငွေ ရတယ် ပေါ့နော်။ အခုတော့ အဲ့ဒီတစ်နိုင်တစ်ပိုင် လုပ်ငန်းလေးတွေက လုံးဝလုပ်လို့မရတော့တဲ့ အနေအထားမှာ ရှိတယ် ပေါ့နော်။ မငြိမ်းချမ်းတဲ့ တိုင်းပြည်မှာနေရတာ ကျမတို့အမျိုးသမီးတွေအတွက် နေ့တဓူဝ စိတ်ပူပန်မှုတွေ တစ်ရက် တစ်မျိုးမရိုးအောင် ရှိနေပါတယ်။

မေး။ ။ စစ်ရှောင်နေရတဲ့ အမျိုးသမီးတွေ ရဲ့ အခြေအနေတွေကိုဆရာမတို့အနေနဲ့ရော ဘာတွေများသိထားလဲ။ လက်လှမ်းမှီ သလောက် ပြောပြပေးပါ။

ဖြေ။ ။ စစ်ဘေးရှောင်တွေထဲမှာဆိုရင် အမျိုးသမီးတွေက ပထမအချက်အနေနဲ့ တအားစိတ်ပူပင်သောက ရောက်နေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အိမ်မြေယာတွေ အကုန်လုံးကို စွန့်ပြီးတော့မှ သူ့မှာပိုင်ဆိုင်တဲ့ မသယ်နိုင်တဲ့ ပစ္စည်းတွေကို စွန့်ပြီးတော့မှ ရွေ့ပြောင်းလာရတယ်။ တခြားနေရာမှာလည်း အနေကြာလာတော့ သူ့မှာပါလာတဲ့ငွေကြေးက ကုန်သွားပြီး ထောက်ပံ့မှုတွေကလည်း စစ်ရှောင်နေရာတွေမှာ ပိုပိုပြီးတော့မှ လျော့ကျ လာတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ကျမတို့ နိုင်ငံမှာ တိုက်ပွဲဖြစ်တဲ့ ကာလက တအားကြာရှည်သွားတော့ ထောက်ပံ့တဲ့ လူတွေစီက ရရှိတဲ့ အလှူတွေ တဖြည်းဖြည်းနဲ့ လျော့ကျလာတဲ့ ဟာတွေရှိတယ်။

ဒီတော့ အမျိုးသမီးတွေ တအားဒုက္ခရောက်တယ်။ ခန္ဓကိုယ်တည်ဆောက်ပုံအရ မတူညီတဲ့အခါသူ့မှာ လစဉ်အမျိုး သမီးတွေက အမျိုးသားတွေထက် မဖြစ်မနေပိုသုံးရတဲ့ အသုံးစရိတ်တွေရှိတယ်။ အမျိုးသမီးအသုံးအဆောင် ဝယ်ရ တဲ့ ပစ္စည်းတွေ ရှိတယ်။ ကျန်းမာရေးစောက်ရှောက်မှုတွေ ယူရတဲ့ ဟာတွေရှိတယ်။ ဒီထက်ပိုဆိုးတာက ကိုယ်ဝန် ဆောင်မိခင်တွေ ဆေးခန်းမှာလည်း ကလေးမွေးလို့ မရဘူး။ ဆေးရုံလည်း သွားလို့မရဘူး။ ဒီလိုမျိုးဘဲ စစ်‌ရှောင် စခန်းတွေမှာ လက်တွေနဲ့ဘဲ ကလေးမွေးရတယ်။ အသက်ဆုံးရူံးသွားတဲ့ ဟာတွေရှိတယ်။

တချို့တွေ ဆိုရင် ကလေးမွေးပြီးတဲ့နောက်မှာ အချိန်တော်တော်လေးနဲ့ ကျန်းမာရေးပုံမှန် မဖြစ်လာတဲ့ဟာတွေ ပြီးတော့ အစားအသောက်တွေက အာဟာရပြည့်စေတဲ့ အစားအသောက်တွေကို သူတို့ မရရှိသေးဘူးပေါ့။ ပြီးတော့ဆေးဝါးတွေကလည်း အကန့်အသတ်ရှိတယ်ဆိုတော့ ရရာတိုင်းရင်းဆေးတွေနဲ့ အနီးအနားမှာရှိတဲ့ ဆေးဝါးတွေနဲ့ဝယ်ပြီးတော့မှ ဆေးကုသရတဲ့အချိန်မှာ စစ်ဘေးရှောင်မှာရှိတဲ့ အမျိုးသမီးတွေကပိုပြီးတော့မှ ဒုက္ခရောက်တာတွေရှိတယ်။

ပြီးတော့ကျန်းမာရေးလက်လှမ်း မမှီနိုင်တဲ့ဟာတွေ အဲ့ဒီဟာတွေက ပိုပြီးတော့မှ ဆိုးဆိုးဝါးဝါးဖြစ်နေတယ်။ နောက်တစ်ခုက သက်ကြီးရွယ်အိုတွေလည်း အရမ်းကိုဒုက္ခရောက် ကြတယ်။ သက်ကြီးရွယ်အိုဆိုတဲ့ အထဲမှာ အမျိုးသမီးကြီးဘဲတော့ မဟုတ်ဘူး။ အမျိုးသား သက်ကြီးရွယ်အိုတွေလည်း ရှိပါတယ်။

မေး။ ။ အခု မြန်မာက အာရှမှာ အဆင်းရဲဆုံး တိုင်းပြည်ထဲ ပါသွားပြီး။ ဒီတော့ ဆင်းရဲတဲ့ တိုင်းပြည်တွေမှာ အမျိုးသမီးတွေ အမျိုးသားတွေထက် ပိုခက်ခဲနိုင်လား၊၊ အဲ့ဒီအပေါ်မှာရော ဘယ်လိုသုံးသပ် ပြောဆိုချင်လည်း။

ဖြေ။ ။ မိသားစုတစ်စုထဲမှာ ဆိုရင် အသုံးစရိတ်တွေဘဲဖြစ်ဖြစ် သားသမီးတွေကိုဘဲဖြစ်ဖြစ် ကြည့်ရူ့စောက် ရှောက်တဲ့ အပိုင်းမှာ ဘဲဖြစ်ဖြစ် အသုံးစရိတ်ဘဲ ဖြစ်ဖြစ် စီမံခန့်ခွဲရသူက အမေတွေ ဖြစ်တယ်။ မိခင်တွေဖြစ်တယ်။ ပြီးတော့ သမီးအကြီးတွေ ဖြစ်တယ် ပေါ့နော်၊ အခုချိန်မှာဆိုလို့ရှိရင်တော့ ကျမတို့အမြဲတမ်းသူတို့ကို ပြောပြတဲ့ ဟာ တွေရှိတယ်။ ဈေးသွားဝယ်မယ်ဆိုရင် ပိုက်ဆံကို အကြိမ်ပေါင်းများစွာ ရည်တွက်ပြီးတော့မှ ဈေးသွားကြ တယ်တဲ့ ဈေးရောက်ပြီးဆိုလို့ရှိရင်လည်း မနေ့ကရောင်းတဲ့ ဈေးကတစ်မျိုး ဈေးရောက်တော့လည်း တက်သွားတဲ့ ဈေးက တစ်မျိုး။

တစ်ခါတလေ ဝယ်မဲ့ဟာနဲ့ ဈေးနူန်းနဲ့ကို သေချာလုပ်ထားပေမဲ့ ကိုယ်ဝယ်မဲ့ဟာက အကုန်လုံး မရလာတဲ့ဟာ တွေလည်း အများကြီးရှိတယ်။ ဒီလိုမျိုးအနေအထားမှာ အမျိုးသမီးတွေက အခြားသောအသုံးပစ္စည်း တွေဝယ်ဖို့ကို ပထမ မစဉ်းစားဘဲ မီးဖိုချောင်မှာဘာလိုအပ်လည်း ဆားမရှိတော့ဘူးလား၊ ဆီမရှိတော့ ဘူးလား၊ ဘာလိုအပ်လည်း ပြီးတော့ နှစ်ရက်စာဆိုရင် နှစ်ရက်စာဟင်းကိုဘယ်လိုစီမံခန့်ခွဲမလည်း ပြီးတော့ရှိတဲ့ ပိုက်ဆံလေးနဲ့ ဟင်းလေးနဲ့ ဘယ်လို မိသားစုကို တစ်ရက်နှစ်ရက်အတွက် ဘယ်လိုဖြတ်သန်းမလည်း ဆိုတဲ့ဟာမျိုးကို သေချာစီမံခန့်ခွဲပြီးမှ သူလုပ်ရတဲ့အပိုင်းမှာ ရှိတယ်။

ဆိုတော့ အမျိုးသမီးတွေအတွက် တော်တော်လေး ခက်ခဲတယ်။ အခုနောက်ပိုင်း အမျိုးသမီးတွေ အကြမ်းဖက်မှု ပပျောက်ရေးအတွက် ကျမတို့လုပ်ငန်းစဉ်တွေရှိတယ်။ ကျမတို့အလုပ် လုပ်တဲ့အချိန်မှာ အမျိုးသမီးတွေစီကနေ ရင်ဖွင့်စကားတွေ အများကြီး ကြားရတယ်။ ဆိုတော့ တော်တော်များများ အမျိုးသမီးတွေက နေရေး ထိုင်ရေးတွေ အတွက် စိတ်ဒဏ်ရာတွေ ရနေကြတယ်။ သူတို့မှာမသိမသာလေးနဲ့ စိတ်ဒဏ်ရာတွေ ရနေကြတဲ့ဟာတွေ တော်တော် များများ ဖြစ်နေတဲ့ဟာတွေ ရှိတယ်။ ဈေးကလည်း တစ်ရက်ထက်တစ်ရက် ဈေးကျသွားတာမရှိဘူး။ အခြေနေက ပိုဆိုးလာလေလေ ဈေးက ပိုတက်သွားလေလေ ပေါ့နော်၊ အဲ့လိုမျိုး အသုံးစရိတ်လေးတွေ ရှိတယ် ဆိုတော့ ဒီမိခင်တွေအတွက် စိတ်ပူပန်စရာတွေကတော့ အများကြီး ရှိပါတယ်။

မေး။ ။ ကုလက မြန်မာမှာ လူ ၄ ဦးမှာ ၃ ဦးက ဆင်းရဲနေတယ်လို့ စစ်တမ်းမှာပြောထားသလို၊ အခု ၂၀၂၅ ခုနှစ်မှာ လူ ၁၉ သန်းလောက်စားနပ်ရိက္ခ အခက်အခဲ တွေ ရင်ဆိုင်ရမယ်လို့ ဆိုတယ်။ အဲ့ဒီအခြေနေနဲ့ ပက်သက် ပြီးအမျိုးသမီးတွေ ဘယ်လိုအခြေအမျိုး ကြုံရနိုင်လဲ။

ဖြေ။ ။ အခုချိန်မှာဆိုလို့ရှိရင် ကျမတို့ သတင်းဘဲကြားသိရတာ မဟုတ်ဘူး။ တကယ့်လက်တွေ့မြေပြင်ဆိုရင် ဖြစ်ပျက်နေပြီးပေါ့နော် ပုံမှန်ကျမတို့ လူသားချင်းစာနာထောက်ထားမှုတွေ ပြုလုပ်နေတဲ့ ဟာတွေတချို့ အလှူရှင် တွေက ချက်ခြင်းရပ်တန့် သွားတာတွေလည်း ကျမတို့ ကြုံရတယ်။ သူတို့အတွက်ကလည်း အရမ်းအခက်အခဲ ဖြစ် နေတယ်။ အဲ့ဒီကြားထဲမှာ မြန်မာနိုင်ငံမှာက မျှတမှုမရှိသေးတဲ့ ဟာတွေ ရှိတယ်။ ဒီလောက်အထိ နိုင်ငံရေး ချွတ်ခြုံ ကျနေပြီးမှ စစ်ဘေးရှောင်တွေ များလာတယ်။

ပြီးရင်ရွှေ့ပြောင်းအလုပ်သမားတွေ နိုင်ငံတကာမှာအများကြီး ရောက်သွားတဲ့အချိန်မှာ မြန်မာနိုင်ငံမှာက ဆင်းရဲတဲ့ သူက ၉၀ ရာခိုင်နူန်းလောက် ရှိတယ်။ ဒါပေမဲ့ ကျန် ၁၀ ရာခိုင်နူန်းက တစ်ရက်ထက်တစ်ရက် ပိုပြီးချမ်းသာ လာ တဲ့ ဟာတွေကလည်း ရှိတယ်။ မြန်မာ ပြည်မှာက အဲ့လိုမျိုး မမျှတမှုတွေက သာမန်ပြည်သူလူတွေ အတွက် အခုလို မျိုးဖြစ်လာတဲ့ဟာက ပိုပြီးတော့မှ ဆင်းရဲတွင်းထဲမှာ ထိုးကျစေတယ်။ ချမ်းသာတဲ့ သူတွေကျ စီးပွားရေးအခွင့် အလမ်း ပိုပြီးတော့ ရှိနေတာမျိုး မြင်တွေ့နေရတယ်။

ကျမအနေနဲ့ဆိုလို့ရှိရင်တော့ မြန်မာနိုင်ငံက အခုလိုမျိုး တိုင်းပြည် မငြိမ်းချမ်းဘူး။ တိုက်ပွဲတွေ မရပ်တန့်သွားဘူး ဆိုရင် မြန်မာပြည်မှာရှိတဲ့ ကျမတို့ ပြည်သူပြည်သားတွေအကုန်လုံး ဒီထက် ပိုပြီးတော့မှ စိုးရိမ်ရမဲ့ အခြေနေမှာ ရောက်မယ် တဖြည်းဖြည်းနဲ့ မြန်မာနိုင်ငံမှာ မြေဘဲရှိပြီး နေထိုင်လို့မရတဲ့ အနေအထားထိတောင်မှ ရောက်သွား မလားလို့ စဉ်းစား မိတယ်။ စဉ်းစားတာထက် တစ်နေ့ထက်တစ်နေ့ ရွှေ့ပြောင်းတဲ့လူတွေများလာတာကို မြင်တွေ့နေရတယ်ပေါ့နော်။ ဆိုတော့ ကျမတို့ နယ်စပ်ဒေသမှာ ဆိုရင် အမျိုးသမီးတွေ ကျောင်းမတက်ရဘူး။

ပညာမသင်ရဘူး ဆိုတော့ သူတို့မှာ ပညာရေး လက်လှမ်းမှီဖို့က တော်တော်လေး အလှမ်းဝေးသလို ဖြစ်သွားတဲ့ အနေအထားမှာ အမျိုးသမီးငယ်လေးတွေက သူတို့ရဲ့မိသားစု အဆင်ပြေဖို့အတွက် သူတို့က လိင်ဖျော်ဖြေရေး လုပ်ငန်းတွေလုပ်လာကြတယ်။ ကာရာအိုကေ ဆိုင်တွေမှာ လုပ်ရတာများလာတယ်။ ဘားတို့၊ နိုက်ကလပ်တို့ ဒီအွန်လိုင်းဂိမ်းတွေမှာ အမျိုးသမီးငယ်လေးတွေ တော်တော်များများ ဖြစ်လာတယ်ဆိုတော့ အမျိုးသမီးငယ် လေးတွေက ကျမတို့နိုင်ငံမှာ ဆင်းရဲလေလေ ကျမတို့သာမန်ပြည်သူထဲက အမျိုးသမီးငယ်လေးတွေက ပိုပြီး တော့မှ သူတို့ရဲ့ အနာဂတ်ပျောက်သွားလေလေ ဖြစ်တယ်။ အဲ့ဒီဟာလေးတစ်ချက်ကို ဖြည့်ပြီးပြောခြင် ပါတယ်။

မေး။ ။ ခက်ခဲ ကြပ်တည်းလာတဲ့ကာလမှာ အမျိုးသမီး အရေးလှုပ်ရှားသူ အဖွဲ့အစည်းတွေ အနေနဲ့ အမျိုးသမီး တွေအတွက် ဘာတွေဘယ်လို လုပ်ဆောင်သွားဖို့ ရှိလဲ၊ တိုက်တွန်းချင်လဲ။

ဖြေ။ ။ ကျမတို့အဖွဲ့အစည်းအနေနဲ့က အမျိုးသမီးရဲ့အခွင့်အရေး တောင်းဆိုနေတဲ့နေရာမှာ အမျိုးသမီး အခွင့် အရေး၊ တန်းတူအခွင့်အရေးတို့ ပြီးတော့ အမျိုးသမီးတွေ ခေါင်းဆောင်နေရာမှာ ပါဝင်လာနိုင်ရေးတို့ တရားမျှတ မှုရရှိရေးတို့ ပြီးတော့အမျိုးသမီးတွေအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြမ်းဖက်မှုတွေ လုပ်ဆောင်ပြီး ပြစ်ဒဏ်ကင်းလွှတ်ခွင့် ကျူးလွန်နေတဲ့ဟာတွေ ရပ်တန့်ဖို့အတွက် အမြဲတမ်း အသံတွေထွက် လာတယ်။ လှုပ်ရှားမှုတွေ လုပ်လာတယ်။

ဆိုတော့ ဒီလုပ်ငန်းစဉ်တွေကို ဘယ်လိုအခက်အခဲ ဘယ်လို အကြပ်အတည်း ကြားတွေထဲမှာဘဲ ဖြစ်ဖြစ် ကျမတို့ရဲ့ ရည်မှန်းချက် ကျမတို့ရဲ့ မျှော်မှန်းချက် မပြည့်သ၍တော့ ကျမတို့ ဒီအကြောင်းအရာကို ဆက်ပြီး လုပ်ဆောင် သွားမယ်။ သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီထက်ပိုမို အားကောင်းပြီးမှ အမြန်ဆုံးအမျိုးသမီးတွေကလည်း သူ့ရဲ့အခွင့်အရေးနဲ့ သူ့ရဲ့ ဘဝလုံခြုံရေး ရရှိနိုင်ဖို့အတွက် ကျမတို့ဆက်လက်ပြီးတော့မှ တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။

အထူးသဖြင့် လက်ရှိအခြေနေမှာ ကျမတို့အမျိုးသမီးအဖွဲ့အစည်းတွေကလည်း ကျရာနေရာတွေမှာ ကျမတို့ရဲ့ တိုင်းပြည်ငြိမ်းချမ်းရေးရရှိဖို့၊ တိုင်းပြည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် နိုင်ဖို့အတွက် တတ်နိုင်တဲ့ ဘက် ကနေ အမျိုးသမီးအရေးကိစ္စ တစ်ခုတည်းကို လုပ်ဆောင်တာမဟုတ်ဘဲနဲ့ သာယာအေးချမ်းတဲ့ တိုင်းပြည် ဖြစ်လာ ဖို့အတွက် ကျမတို့လုပ်ဆောင်သွားမှာြဖစ်ပါတယ်။ ကျမတို့ ပြည်သူလူထုနဲ့အတူ ဝိုင်းဝန်းလုပ်ဆောင်နေကြတဲ့ တော်လှန်ရေးဘက်တော်သား အားလုံးကိုလည်း ကျမအနေနဲ့ အားတင်းထားပါ။ တနေ့နေ့ တချိန်ချိန်မှာ အောင်မြင်တဲ့ ပန်းတိုင်ကို ရောက်မှာပါလို့ ကျမအနေနဲ့ တိုက်တွန်းအားပေးချင် ပါတယ်။