Home တွေ့ဆုံမေးမြန်းခန်း ““…အကောင်းတိုင်းရှိနေတုန်းမှာ၊ စွမ်းအင်အပြည့်အစုံရှိနေတုန်းမှာ ကိုယ့်ကိုယ် မောင်းနှင်ပြီးတော့ ခရီးတွေ သွားကြည့်စေချင်တယ်။….””

““…အကောင်းတိုင်းရှိနေတုန်းမှာ၊ စွမ်းအင်အပြည့်အစုံရှိနေတုန်းမှာ ကိုယ့်ကိုယ် မောင်းနှင်ပြီးတော့ ခရီးတွေ သွားကြည့်စေချင်တယ်။….””

429
Photo: Saw Ko Oo

““…အကောင်းတိုင်းရှိနေတုန်းမှာ၊ စွမ်းအင်အပြည့်အစုံရှိနေတုန်းမှာ ကိုယ့်ကိုယ် မောင်းနှင်ပြီးတော့ ခရီးတွေ သွားကြည့်စေချင်တယ်။….””

Backpacker’s Notes – ကျောပိုးအိတ်ခရီးသည် စောကိုဦး နှင့် အင်တာဗျူး

(မတ်လ ၁၈ ၊ ၂၀၂၅)

ခရီးသွား Vlogger တစ်ဦး အနေဖြင့် တိုင်းရင်းသားဒေသများသို့ သွားလာချိန်တွင် တွေ့မြင်ခဲ့ရသော ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းရန်လိုအပ်နေသော အခြေအနေများနှင့် ခရီးသွား ဝါသနာပါတဲ့ လူငယ်များအနေ ဖြင့် ဘယ်လို ခရီးစတင်သွားသင့်နိုင်တဲ့အပေါ် ခရီးသွား vlogger စောကိုဦးရဲ့ အကြုံပြုချက်များကို မေးမြန်း တင်ဆက်လိုက်ပါတယ်။

မေး။ ။ ပထမဦးဆုံး ခရီးစသွားဖြစ်ပုံလေးနဲ့ ခရီးသွား Vlogger တစ်ယောက်ဖြစ်ဖို့ စိတ်ကူးမိတာလေးကို အရင်းပြောပြပါအုံး။
ဖြေ။ ။ ခရီးသွား Vlogger လုပ်မယ်ဆိုတဲ့ စိတ်ကူးအရင်ကတော့ မရှိခဲ့ဘူး။ ဘယ်လိုလုပ်ရ မယ်လဲ မသိဘူး။ ကိုယ့်ကိုယ်ကို ခရီးသွားဝါဿနာပါမှန်းလည်း မသိဘူး။ ငယ်ငယ်တုန်းက သူများရန် ကုန်ရောက်ဖူးတယ် ပြောတယ်ဆို ကိုယ်လည်း တနေ့ကျ ရန်ကုန်ရောက်ရမယ်ဆိုတဲ့ စိတ်ကူးမျိုးတော့ ရှိခဲ့တယ်။ ၂၀၁၇နှစ်လောက်မှာ မြန်မာနိုင်ငံရဲ့ အပြင်ဘက်ကို ထွက်ပြီးတော့ ကို့ယ်ဘာကိုယ် ခရီးသွားဖြစ်တယ်။ အဲ့ဒီနိုင်ငံကို ၈ ရက်ခရီးသွား ရတယ်။

အဲ့နိုင်ငံကို ရောက်ပြီးတော့ မတူကွဲပြားတဲ့ ယဉ်ကျေးမှု၊ ဘာသာစကား အလှအပတွေကို မြင်ပြီးသွားတဲ့ အချိန်မှာ ဪငါက ဒီအလှအပတွေကို မြင်နေရာတာကို ကြိုက်တယ်။ ငါက ခရီးသွားရတာ ကြိုက်တာပါလား။ ပြီးတော့ ခရီးသွားရင် ကိုယ်ကိုယ်တိုင် မြင်ခဲ့၊ တွေ့ခဲ့၊ ကြုံခဲ့ ရတာတွေကို တခြားသူတွေကို မျှဝေရင်ကောင်းမယ် ဆိုတဲ့ စိတ်ကူးနဲ့ ဗီယက်နမ်သွားပြီးတဲ့ နောက်ပိုင်း ပြန်လာပြီးမှ ပေ့ချ်လေး စဖွင့်ဖြစ်ပြီး vlogger ဖြစ်မှန်းမသိဖြစ်သွား တယ်။

ပြောရမယ်ဆိုရင် အင်ဂျင်နီယာကို မလုပ်ချင်ဘူး။ ကိုယ်လုပ်ချင်တာကို ရှာဖွေရင်းနဲ့ ဒီခရီးသွားတာကနေ စသွား တာပေါ့။ အဲ့ဒီအချိန်မှာ ကျောင်းကနေပြီးတော့ နိုင်ငံခြားလွတ်တဲ့ ပရိုဂရမ်တခုရှိတယ်။ ဂျနစစ်လို့ခေါ်တဲ့ ပရိုဂရမ် ပေါ့။ အဲ့တာကို ကျောင်းက ဂျပန်ကို လွတ်တဲ့ အချိန်မှာ အစ်ကိုပါ သွားတယ်ပေါ့။ ဂျပန်မှာရှိတဲ့ တိုကျိုမြို့ကနေမှ တခြားမြို့တစ်မြို့ကို ခရီးသွားတယ်။ သွားတဲ့ အချိန်မှာ ကျည်ဆန်ရထားပေါ်မှာ အစ်ကိုတို့ စကားပြောကြတယ်။ အစ်ကိုတို့ ပရိုဂရမ်ကို ဦးဆောင်ပေးတဲ့ အစ်ကိုတစ်ယောက်က ဝါသနာတွေအကြောင်း ပရော်ဖက်ရှင်နယ်တစ် ခုကို တစိုက်မတ်မတ် လုံးဝ ဒါမှဒါဆိုပြီး စိတ်နစ်ဝင်‌နေတဲ့ သူမျိုး။

အဲ့လို လူမျိုးအကြောင်းကို သူပြောပြတဲ့ အချိန်မှာ စိတ်ထဲမှာ ဘာတွေးလဲဆိုတော့ သေချာတယ် အဲ့ထဲမှာ ငါမပါ ဘူးပေါ့။ အဲ့တာနဲ့ ကိုယ့်ကိုယ်ကို သံသယဝင်တယ်။ ငါအင်ဂျင်နီယာကို စိတ်ဝင်စားလားပေါ့။ အဲ့တာနဲ့ မြန်မာပြည် ပြန်ရောက်လာတယ်။ နောက်ပြီး ကျောင်းပြောင်းလိုက်တယ်။ ရန်ကုန် သံလျင်ကို ပြောင်း လိုက်တယ်။ သံလျင် ရောက်သွားတဲ့ အချိန်မှာ ၆ နှစ်တက်ရတယ်။ ၅ နှစ်ကပြီးပြီ နောက်ဆုံး တစ်နှစ်မှာ ငါအင်ဂျင်နီယာကို စိတ်ဝင် စားမလားပေါ့။ စိတ်နစ်ကြည့်တယ် အကုန်လုံး လိုက်ဖြေကြည့်တယ်။ သင်တန်းလည်း လိုက်တက်တယ်။

နောက်ဆုံးတော့ သေချာတယ်။ ငါအင်ဂျင်နီယာကို ပျော်လည်း မပျော်ဘူး။ ဝါသနာလည်းမပါဘူး။ အဲ့တော့ အဖေနဲ့ အမေကိုပြောတယ်။ ကျနော် စိတ်မဝင်းစားဘူး။ ခရီးသွားတာကိုပဲ စိတ်ဝင်စားတယ်။ အဲ့တာနဲ့ အပြင် ခရီးသွားတဲ့ သင်တန်းတက် ခရီးသွား ဒီပလိုမာ တစ်ခုရောက်အောင်ယူတယ်။ ကရင်ပြည်နယ် အခြေပြု ခရီးသွား လုပ်ငန်းတစ်ခု စလုပ်ရင်းနဲ့ပဲ နောက်တော့ ခရီးသွားရင်နဲ့ ကိုယ့်ရဲ့ ဝါသနာကို ပရော်ဖက်ရှင်နယ် အနေနဲ့ ပြောင်းလဲ ခဲ့တာပေါ့။ အင်ဂျင်နီယာ အလုပ်ကို စွန့်လွှတ်ပြီး ဒီခရီးသွားတဲ့ဘက်ကို ကူးပြောင်းလိုက်တယ်။

မေး။ ။ ဘယ်လို ခရီးမျိုး သွားရတာမျိုးကို ကြိုက်လဲ။ ဘာကြောင့်လဲ။
ဖြေ။ ။ ခရီးသွားတဲ့ အခါလွယ်ကူကူနဲ့ ၂ မျိုးခွဲလို့ရတယ်။ လွယ်ကူတဲ့ခရီးနဲ့ ခက်ခဲတဲ့ ခရီး။ ခက်ခက်ခဲခဲ သွားရတဲ့ ခရီးတော့ ပိုကြိုက်တယ်။ တောတောင်ဘက် တိုင်းရင်သားတွေ နေထိုင်တဲ့ဘက် ပိုကြိုက်တယ်။ အဲ့လိုပြောလို့ လွယ်ကူတဲ့ ခရီးကို မကြိုက်ဘူးလားဆိုတော့ မဟုတ်ဘူး။ ဒီလွယ်ကူတဲ့ ခရီးကျတော့ ပိုက်ဆံရှိတဲ့အခါ အချိန်မရွေးသွားလို့ ရတယ်။ ဒီ ခက်ခဲတဲ့ ခရီးကျတော့ တိုင်းရင်သား ဒေသတို့ကျတော့ လွယ်လွယ်ကူကူသွားလို့ မရဘူး။ တစ်ချို့ ကားလမ်းမပေါက်တဲ့ နေရာ ဖုန်းလိုင်းမမိတဲ့ နေရာတွေ ခက်ခက်ခဲခဲ တောင်ပေါ်သွားရမဲ့ နေရာတွေဆိုရင် ကိုယ်က ငယ်တုန်းမှာပဲ သွားလို့ရမယ်။

ကျနော်ဆိုရင် အမြဲပြောတယ်။ မသေခင် ကျောပိုးအိတ်လေးလွယ်ပြီး ကိုယ့်ကမ္ဘာကြီးကို ကြည့် သွားမယ်။ ဘာကြောင့်လဲဆိုတာ့ ကိုယ်က အသက်ကြီးလာရင် မသွားနိုင်တော့ဘူးလေ။ ခြေထောက်မှာလည်း သက်တမ်း ရှိတယ်။ ခါးကလည်း ကုန်းလာပြီ အခြေအနေဆိုတော့ အဲ့လိုမဖြစ်ခင်အချိန်လေးမှာ ကိုယ့်အသက်အရွယ်ကို အသုံးချပြီး ပိုပြီးစွန့်စားပြီးသွားရတဲ့ နေရာတွေ ၊ ရှာဖွေပြီးသွားရတဲ့နေရာ၊ ပိုပြီး ရှာဖွေလို့ ရတဲ့ နေရာကို ပိုသွားဖြစ်တယ်။

မေး။ ။ နောက်ပြီး ခရီးသွားထားတဲ့ ပုံတွေထဲမှာ တွေ့မိတာတစ်ခုက တောင်ပေါ်ဒေသ နဲ့ တိုင်းရင်းသား လူမျိုးစုတွေဆီကိုသွားဖို့ တိုက်တွန်းထားတာလည်းတွေ့မိတယ်။ ဘာကြောင့် အဲ့လို တိုက်တွန်းရတာလဲ ဆိုတာကိုလည်း တစ်ချက် ပြန်ပြောပြပါအုံး။
ဖြေ။ ။ အဓိက ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ပေါ့နော်။ ကမ္ဘာကြီးက ရွာကြီးဖြစ်လာတယ်။ တဖြည်းဖြည်းနဲ့ မြို့ပြ တွေက ကျယ်လာတယ်။ အဲ့မှာ ရွာတွေက တဖြည့်ဖြည်း‌ပျောက်လာတယ်။ တဖြည်းဖြည်းနဲ့မြို့ပြရဲ့ အမူအကျင့်တွေ ယဉ်ကျေးမှုတွေ အထားတွေက တဖြည်းဖြည်းနဲ့ ရွာတွေဆီကို စိမ့်ဝင်လာတယ်။ ဒီတောင်ပေါ် ဒေသတွေအထိလည်း တဖြည်းဖြည်းနဲ့ စိမ့်ဝင်လာတယ်။ တဖြည်း ဖြည်းနဲ့ ဒီတိုင်းရင်းသားဒေသတွေ တိုင်းရင်းသားလူမျိုးတွေဆီမှာရှိတဲ့ သူတို့ ရဲ့ ပုံမှန် ရှေးရိုးစွဲ ယဉ်ကျေးမှုတွေ ဓလေ့ထုံးတမ်းတွေက တဖြည်းဖြည်းနဲ့ လွှမ်းမိုး ခြင်းခံရတယ်။

အပြင်ကလာတဲ့ လွှမ်းမိုးမှုတွေ အများအများကြီး ခံလာရတယ်။ တချို့နိုင်ငံတွေမှာ ဘယ်လိုဖြစ် သွားလဲ ဆိုတော့ ဒီနေရာမှာ ဒီတိုင်းရင်းသားတွေနေခဲ့တယ်ဆိုတာ မှတ်တမ်းပဲရှိတော့တာ။ အဲ့တိုင်း ရင်းသား တွေက အဲ့နေရာမှာ မရှိတော့ဘူး။ ရှိလည်းပဲ အကြွင်းအကျန်ပဲ ရှိတော့တယ်။ အဲ့တာမျိုးတွေက အမြဲတမ်းသတင်းတွေမှာလည်း ဖတ်နေရတယ်။ ခုကျနော်တို့ မြန်မာနိုင်ငံတွင်းမှာဆိုရင် အဲ့တိုင်း ရင်းသားတွေကို မြင်နိုင်သေးတယ်။ တွေ့နိုင်သေး တယ်။ ခုချိန်မှာပေါ့နော်။ ဒါပေမဲ့ တဖြည်းဖြည်းချင်း ရှားလာပြီး။

ဘာလို့လဲဆို ခုထားလိုက်ပါတော့ ကရင်ပြည်နယ်က ရွာတစ်ရွာ သွားလည်ကြည့် အဲ့ရွာမှာ အဘိုးကြီးနဲ့ အဘွား ကြီးပဲရှိတယ်။ ကလေးသေးသေးလေးတွေ ပဲရှိတယ်။ လူငယ်က မရှိတော့ဘူး။ လူငယ်တွေက တခြားမြို့ကိုသွားကြတာ၊ တခြားနိုင်ငံတွေကို အလုပ်သွားလုပ်တာ ရှိတယ်။ ပြီးရင် အဲ့လူငယ်တွေက ပြန်မလာဘူး။ ပိုကောင်းတဲ့ ဘဝရဖို့အတွက်ပဲ ဒီရွာကနေ ထွက်သွားတာပဲရှိတယ်။ တဖြည်းဖြည်းနဲ့ ရွာတွေမှာ တောင်ပေါ်ဒေသတွေမှာ ဒီမျိုးရိုး အဆင့်ဆင့်လက်ဆင့်ကမ်းလာရတယ်ဆိုတာ နည်းလာတယ်။ တဖက်က လက်ဆင့်ကမ်းမဲ့ ယဉ်ကျေးမှုကို နည်းလာတယ်။ တဖက်က အပြင်ကလာတဲ့ လွှမ်းမိုးမှုတွေက များလာတယ်။ အခု ပွင့်ပွင့်လင်းလင်း ပြောရရင် ရွာတွေကိုသွားတဲ့ အခါမှာ လူနည်းနည်းပဲရှိတော့တဲ့ အနေအထားကို တွေ့ရတယ်ပေါ့နော်။ အခုချိန်မှာဆိုရင် ဒါတွေကို ကြည့်ဖို့အတွက် မီသေးတယ်ပေါ့နော်။ အဲ့ဒါကြောင့် ကြည့်စေချင်တယ်ပေါ့နော်။

မေး။ ။ အဲ့လို တောင်ပေါ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးစုတွေဆီ ခရီးသွားတဲ့အခါ အဓိကအားဖြင့် တိုင်းရင်းသားတွေရဲ့ လူမှုဘဝပုံစံတွေကို ဘယ်လို လေ့လာတွေ့ရှိခဲ့ရလည်းဆိုတာ ရှင်းပြပေးပါ။
ဖြေ။ ။ တိုင်းရင်းသားဒေသတွေကို အဓိကရောက်ဖြစ်တဲ့ အချက်က နှစ်ချက်ရှိတယ်။ တစ်တစ်ချက်က သွားချင်တယ်။ သွားကို သွားချင်တယ်။ စိတ်နဲ့ မရောက်ရောက်အောင်သွားတယ်ပေါ့နော်။ အဲ့လိုမျိုုး ကျတော့ ဒီဒေသကို မရောက်ခင် ကတည်းက အဲ့ဒေသရဲ့ အကြောင်းကို ဖတ်ထားတယ်။ လေ့လာ ထားတယ်။ ပြီးရင် ဒီတိုင်းရင်းသားတွေကို တွေ့ကို တွေ့ရမယ်ဆိုပြီး အနီးကပ်သွားလေ့လာတာ မျိုးပေါ့နော် အဲ့လိုမျိုးတွေရှိတယ်။

နောက်တစ်ခုက ခရီးသွားနေရင်းနဲ့ မထင်မှတ်ပဲနဲ့ ကြုံရတဲ့တိုင်းရင်းသား ရွာလေးတွေရှိတယ်။ အဲ့လိုမျိုး ဆိုရင်တော့ ရုတ်တရက်ကြုံတော့ ကိုယ်နဲ့ ဘယ်လိုမျိုးတွေ ကွဲပြားနေတယ်။ သူတို့ရဲ့ မတူညီတဲ့ ဟာလေးတွေက ဘယ်လို ချစ်ဖို့ကောင်းလည်း ဆိုတာ ရောက်တဲ့ အခါမှာ မျက်မြင်လေ့လာခဲ့ရတာတွေလည်း ရှိတာပေါ့‌။

မေး။ ။ အဲ့လိုသွားတဲ့ အခါမှာ လူမျိုးဘယ်လောက် မြင်ခဲ့ရပါသလဲ။
ဖြေ။ ။ လူမျိုးဘယ်လောက်နဲ့ မြင်ခဲ့ရလဲ ဆိုတော့ မြန်မာပြည်မှာ ဆိုရင်တော့ ကရင်ဘက်ကို ရောက်ဖူးတယ်။ ကလော မှာလည်း တစ်နှစ်နေခဲ့တော့ ရှမ်း၊ ဓနု၊ ပအိုဝ်း အဲ့ဘက်ကတိုင်းရင်းသားတွေဆီ ‌ရောက်ဖူးတယ်။ ပူတာအိုဘက်မှာ ဆိုရင်တော့ လီဆူတို့ ရဝမ်တို့ ရေခဲတောင်တက်တုန်းကလည်း ရဝမ်ညီလေးတွေနဲ့ တက်တာဆိုတော့ အဲ့ဘက်လည်းရောက်ဖူးတယ်။ အဲ့ဒါကတော့ မြန်မာပြည်မှာပေါ့နော်။

နောက်ပြီး ထိုင်းမှာဆိုလည်း တိုင်းရင်းသားတွေက မြန်မာနဲ့ ထိုင်း ဟိုးဘက်ဒီဘက်နေကြတာဆိုတော့ ထိုင်းဘက်က လီဆူတို့၊ အခါတို့ နောက်ပြီး ဒီဘက် ဗီယက်နမ်မှာဆိုလည်း တရုတ် နယ်စပ်ဘက်ကို ဆိုင်ကယ် စီးပြီးသွားတဲ့ အချိန်မှာ မုန်လူမျိုးတွေပေါ့နော်၊ သူတို့ မြေကြီးနဲ့ အိမ်ဆောက်ပြီးနေတယ်။ ခြံစည်းရိုးကို ကျောက်တုံးတွေ စီပြီး ခတ်တာပေါ့၊ အဲ့လိုလူမျိုးတွေလည်း ဆုံခဲ့ဖူးပါတယ်။ နောက်ထက်လည်း ဆုံချင်ပါသေးတယ်။ ကိုယ့်မြန်မာပြည် မှာကိုပဲ အရမ်းကို သွားကြည့်ချင်တဲ့ လူမျိုးတွေရှိတယ်။ တခြားနိုင်ငံမှာ သွားကြည့်ချင်တဲ့ လူမျိုးတွေ ရှိပါတယ်။

လူမျိုးတွေများပြီးတော့ ကိုယ့်ပုံစံနဲ့ ကိုယ်ဖြစ်နေကြတယ်၊ ကိုယ်ယဉ်ကျေးမှုနဲ့ကိုယ် ဖြစ်နေကြတယ်။ ကိုယ့် ဘာသာ စကားနဲ့ကိုယ် ဖြစ်နေကြတယ်၊ အဲ့ဒါလည်း အလှတရားတစ်ခုလို့ ကိုယ့်ပါစင်နယ်မြင်တယ်။

မေး။ ။ အခု ကုလ ယူနက်စကိုက ကမ္ဘာပေါ်မှာ ဘာသာစကားပေါင်း ၈၃၂၄ ခုလောက်ရှိပြီး တဖြည်း ဖြည်း ပျောက်ကွယ် သွားမဲ့ အခြေအနေရှိတယ်လို့ ပြောထားတယ်။ အစ်ကို ခရီးသွားရင်းနဲ့ ဒီလိုမျိုး သတိထားမိတာ ကြုံမိတာတွေ ရှိလား။ ဆိုလိုတာ မြန်မာပြည်တောင်ပေါ် ဒေသ တိုင်းရင်းသားတွေရဲ့ ရိုးရာ၊ ဘာသာစကားနဲ့ လူနေထိုင်မှု ပုံစံတွေ ပြောင်းလဲ ပျောက်ကွယ်သွားမယ့် အလားလာရှိနေလား။
ဖြေ။ ။ အရင်ဆုံး ဥပမာ ပြောရမယ်ဆိုရင် ကျနော်လည်း ကရင်လူမျိုးပဲ၊ ဒါပေမဲ့ ကရင်စကားမ ပြောတတ်ဘူး။ ဒါက အရှင်းဆုံး ဥပမာ ဖြစ်မယ်နဲ့ တူပါတယ်။ နောက်ပြီးတော့ ကျနော့်မှာ တိုင်းရင်းသား သူငယ်ချင်းတွေရှိတယ်၊ မြန်မာနာမည်ဖြစ်နေတယ်။ ဒါကလည်း တစ်ချက်ပေါ့နော်။ ကျနော်အရင် ကျောင်းတက်ကတည်းက တိုင်းရင်းသားဒေသတွေမှာ သွားပြီး စာသင်ဖူးတယ်။ လုပ်အားပေးလုပ်ပြီး စာသင်ဖူးတာဆိုတော့ အဲ့မှာ တိုင်းရင်းသားတွေက ကိုယ်ပိုင်စာတွေ မသင်ခဲ့ရတာ အများကြီးရှိ တယ်ပေါ့နော်၊ ဒီလိုအကြောင်းအရာတွေက အများကြီး ရှိမယ်လို့ ကျနော် ထင်ပါတယ်။ အဖက်ဖက်ကပေါ့။

ခွဲပြီးပြောမယ်ဆိုရင်တော့ ကဏ္ဍက အများကြီးဖြစ်သွားမယ်။ ဒါကျနော်ပြောနိုင်တာက ကိုယ်မြင် သမျှတွေ့သမျှ အစိတ်အပိုင်းလေး တစ်ခုပဲပြောတာပါ။ ကိုယ့်ဘက်က ထိန်းသိမ်းမှုအားနည်းလာတာ လည်းပါတယ်။ တစ်ဖက်က ပြင်ပသက်ရောက်မှုတွေကြောင့်လည်း ပါတယ်။ အဲ့ကြားထဲမှာ တခြားတခြားသော အခြေအနေတွေကြောင့်လည်း ပါလာမှာပေါ့နော်။ အဲ့ဒီ့ အခြေအနေတွေ အကုန် လုံးပေါင်းလိုက်မယ်ဆိုရင်တော့၊ တိုင်းရင်းသား ယဉ်ကျေးမှု ဘာသာစကားတွေ လက်ဆင့် ကမ်းတာ မြန်မာပြည်မှာဆိုရင်တော့ အရမ်းအားနည်းနေတယ်လို့ မြင်တယ်။ တဖြည်းဖြည်းနဲ့လည်း ပျောက်ကွယ် လာနေတယ်။ ဒါမှမဟုတ် မပျောက်ကွယ်ဘူးဆိုရင်တောင်မှ တဖြည်းဖြည်းနဲ့ နည်းပါးလာတယ်လို့တော့ ပြောချင်တယ်။

မေး။ ။ ဒီလို တောင်ပေါ်ဒေသ လူမျိုးစုတွေရဲ့ ယဉ်ကျေးမှု၊ ဘာသာစကားတွေ ထိန်းသိမ်းဖို့ သို့မဟုတ် စောင့်ရှောက်ဖို့ ဘယ်လောက်အရေးကြီးလဲ။ ဘယ်လို အကြံပေးချင်လဲ။
ဖြေ။ ။ ဘယ်လောက်အရေးကြီးလဲ ဆိုတော့ ကျနော်တို့ လူတစ်ယောက်နဲ့ တစ်ယောက်၊ တွေ့တဲ့အခါ ကြရင် နာမည်ခေါ် တယ်လေနော်။ ဘာလို့ ခေါ်လဲ ဆိုတော့ သူ့နာမည်မို့လို့ သူ့နာမည်က သူရဲ့ (Identity) လေ၊ သူ့ရဲ့ (Identity) ဆိုတာက သူက ဘယ်ကမွေးလာတယ်။ သူက ဘာလူမျိုးလည်း သူ့ယဉ်ကျေးမှုက ဘာလဲ။ သူ့ရဲ့ ဓလေ့ထုံးတမ်းက ဘာလဲ၊ သူ့က ဘာ ဘာသာစကားပြောလဲ၊ ဒီအရာ အကုန်လုံးက လူတစ်ယောက်ရဲ့ (Identity) ပဲလို့ ထင်တယ်။

အဲ့တော့ ဒီ (Identity)မရှိဘူး ဆိုရင်ကျတော့ လူတစ်ယောက် ဘာမှမရှိတဲ့ အရာကြီး တစ်ခု ဖြစ်သွားမယ်လို့ ကျနော် ထင်တယ်။ (Identity)က အရမ်းအရေးကြီးတယ်လို့ တော့ ကျနော်မြင်တယ်။ လူတိုင်းက တခြား ဘေးက လူတွေအားပေးနေသည် ဖြစ်စေ မအားပေးသည်ဖြစ်စေ။ ကိုယ်ဘာလဲ ကိုယ်ဘယ်က လာလဲ၊ ကိုယ့် (Identity) က ဘာလဲဆိုတာတော့ ထိန်းသိမ်းဖို့ အရေးကြီးတယ်လို့ ကျနော်ထင်တယ်။

မေး။ ။ လတ်တလော မြန်မာပြည်မှာဖြစ်နေတဲ့ အခြေအနေတွေကြောင့် ခရီးသွားလာရတာ ဘယ်လို အခက်အခဲ စိန်ခေါ်မှုတွေ ကြုံတွေ့ရတာမျိုးရှိလဲ။
ဖြေ။ ။ ပြောရမယ်ဆိုရင်တော့ ကျနော် မြန်မာပြည်ထဲက ထွက်လာတာ နှစ်အနည်း ငယ်ရှိ သွားပြီး ပေါ့နော်။ မြန်မာပြည်ထဲကို အများကြီးပြန်ပြီးတော့ ခရီးသွားလေ့ သွားထတော့ မရှိဘူးပေါ့နော်။ ဒါပေမဲ့ အရင်ကတည်းက ကျနော်ခရီးသွားရင်တော့ ဒေသအချက်အလက်တွေကို နားစွင့်လေ့ ရှိတယ်။ ဒေသခံတွေကို နယ်မြေ အခြေအနေ မေးမြန်းပြီးမှ သွားလေ့ရှိတယ်ပေါ့နော်။ အဲ့တော့ အခုချိန်မှာလည်း မြန်မာပြည်ထဲ ခရီးသွား မယ်ဆိုရင်တော့ ဒီလို မျိုးသေသေချာချာ စုံစမ်းပြီးမှ သွားဖြစ်မယ်လို့ ထင်ပါတယ်။

မေး။ ။ ခရီးသွားဝါသနာပါတဲ့ လူငယ်တွေကို ဘာများအကြံပြုချင်သေးလဲ။
ဖြေ။ ။ ခရီးသွားဝါသနာ ပါတဲ့ ညီငယ်၊ ညီမငယ်တွေကိုတော့ အခု ချိန်မှာ ကိုယ့်မှာ ခြေထောက်နှစ် ချောင်းရှိသေးတယ်။ သန်မာသေးတယ်။ လမ်းလျှောက်နိုင်သေးတယ် ဆိုရင်တော့၊ ကိုယ်လည်း ဝါသနာ ပါတယ်ဆိုရင် ခရီးသွားကြည့် စေချင်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ ခြေထောက် နှစ်ချောင်းမှာ သက်တမ်းရှိတယ်။ ကျနော်တို့ ခါး၊ တွေ၊ ခြေတွေ၊ လက်တွေ၊ ကျောကုန်းတွေ၊ မျက်လုံးတွေ ကျနော်တို့ မြင်နိုင်တွေ့နိုင်တဲ့ အရာအားလုံးမှာ သက်တမ်း ရှိတယ်ပေါ့နော်။

ကျနော်တို့ အသက်ကြီးလာတာနဲ့ အမျှ ခန္ဓာကိုယ်ရဲ့ အလုပ်လုပ်နိုင်စွမ်းက အများကြီး ကျလာတယ်။ အဲ့တော့ ဒီဟာတွေ အကောင်းတိုင်းရှိနေတုန်းမှာ၊ စွမ်းအင်အပြည့်အစုံရှိနေတုန်းမှာ ကိုယ့်ကိုယ် မောင်းနှင်ပြီးတော့ ခရီးတွေ သွားကြည့်စေချင်တယ်။ ကျနော်လည်း ခရီးတွေအများကြီး သွားချင်ပါသေးတယ်။ ကျောပိုးအိတ်တစ်လုံးနဲ့ပေါ့။

ကျနော်တို့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်အနီးတစ်ဝိုက်မှာ ခရီးသွားစရာ နေရာတွေ တကယ်တော့ အများကြီး ရှိပါတယ်။ ကိုယ်လက်လှမ်းမီတဲ့ နေရာမှာ ကုန်ကျစရိတ်လည်း သက်သာတယ်။ အဲ့ဒါလေးကို ကျနော်တို့က မြင်အောင်လေး ကြည့်တတ်ဖို့ လိုတယ်။ အဲ့လို ကြည့်တတ်သွားပြီး ဆိုရင် ဒီနေရာလေးတွေက ကျနော်တို့က ဘာကြောင့်လဲဆို ဒီမှာနေ ဒီမှာမွေး၊ ဒီမှာကြီးတဲ့ အခါကျတော့ ဒီနေရာက ဘယ်လောက်လှလဲဆိုတာ ကိုယ်က မသိဘူး။

ကျနော်တို့ဆိုရင် ထားပါတော့ ဖားအံမှာ နေတယ်၊ ဖားအံ ဘယ်လောက်လှလဲ ကျနော်တို့ မသိဘူး။ ဗီယက်နမ်ရောက်မှာ ကြည့်လိုက်ရင် အော်သူတို့နေရာတွေ တော်တော်လှတာပဲ၊ အော် ငါတို့ ဖားအံလည်း လှတာပဲ ဆိုတဲ့ အတွေးမျိုးက နိုင်ငံအပြင်ထွက်သွားတဲ့ အခါမှာ ပထမဆုံးဝင်လာ တာပေါ့နော်။ အဲ့တော့ ကိုယ့်နေရာ ဒေသမှာ အလှတွေ အများကြီးရှိပါတယ်။ အဲ့တာကို မြင်အောင် ကြည့်ကြည့်ပါ။ ပြီးတော့ အဲ့တာတွေကို အရင်သွားကြည့် ကြည့်ပါ။ အဝေးကြီး သွားဖို့ မလိုပါဘူး။ နီးနီးလေးအရင် သွားကြည့်လို့ ရပါတယ်။