Home သတင်း မိုးဗြဲတွင် စစ်ကောင်စီက အဆိပ်ငွေ့နှင့် မီးလောင်ဗုံး ပိုမိုအသုံးပြု တိုက်ခိုက်ဟု KNDF ပြော

မိုးဗြဲတွင် စစ်ကောင်စီက အဆိပ်ငွေ့နှင့် မီးလောင်ဗုံး ပိုမိုအသုံးပြု တိုက်ခိုက်ဟု KNDF ပြော

571

မတ် ၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ရှမ်း-ကရင်နီ(ကယား) နယ်စပ် မိုးဗြဲမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က အဆိပ်ငွေ့ဗုံးနှင့် မီးလောင်ဗုံး ပိုမို အသုံးပြု တိုက်ခိုက်နေသည်ဟု ကရင်နီအမျိုးသား ကာကွယ်ရေးတပ်-KNDF တာဝန်ရှိသူက မတ် ၃ ရက်နေ့ တွင် ပြောသည်။

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ကို နယ်မြေပြန်စိုးမိုးနိုင်ရေးအတွက် စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီ လမှစ၍ စစ်ကြောင်းထိုးတိုက်ခိုက်နေခြင်း ဖြစ်ပြီး တိုက်ပွဲများပြင်းထန်နေသည်ဟု KNDF တာဝန်ရှိသူက ယခုလို ပြောသည်။

“ပြီးခဲ့တဲ့လကနေစပြီးတော့ ပြန်ပြီးထိန်းချုပ်နိုင်ဖို့အတွက် အခုလို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတာ ဖြစ်တယ်။ နှစ်ဖက်ထိခိုက် ကျဆုံးမှုတွေကတော့ ရှိပါတယ်။ အဆိပ်ငွေ့ဗုံးနဲ့ မီးလောင်ဗုံးတွေကို ပိုပြီးတော့မှ အသုံးပြုလာတယ် စစ်ကောင်စီဘက်ကတော့” ဟု ၎င်းက ပြောသည်။

အဆိုပါ မိုးဗြဲမြို့ကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့်၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့သည့် တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးအတွင်း တိုက်ခိုက်သိမ်းပိုင် နိုင်ခဲ့သည်။ လက်ရှိ စစ်ကောင်စီတပ် ဖွဲ့ဝင်များ စစ်ကြောင်းထိုးပြန်လည်ဝင်ရောက်လာသည့်အတွက် ဒေသခံများ ထပ်မံ နေရပ်စွန့်ခွာ စစ်ရှောင်နေရ သည်ဟု မြေပြင်စစ်ဘေးရှောင် အနီးကပ်ကူညီနေသူတစ်ဦးက ပြောဆိုသည်။

“အခုလက်ရှိမှာ စစ်ဘေးရှောင်တွေအတွက်က တော်တော်လေးကြပ်တည်းတဲ့ အခြေနေမှာရောက်နေတယ်။ စစ်တပ်ဘက်ကလည်း ရိက္ခာလမ်းကြောင်းတွေ အကုန်ပိတ်ထားတယ်။ ပြီးတော့ မီးလောင်ဗုံးတွေကိုပိုပြီး သုံးလာတဲ့အတွက် ပြည်သူပိုင်နေအိမ်တော်တော်များများ ပျက်စီးကုန်တယ်” ဟု ကေအိုင်စီသို့ ပြောဆိုသည်။

ကရင်နီ(ကယား)ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများ၌ ရိက္ခာများပြတ်လပ်လာသောကြောင့် ဒေသခံများ အနေဖြင့် ဝမ်းရေးအတွက် တောင်ယာအငှားလိုက်ခြင်း၊ စပါးစိုက်ခြင်းနှင့်‌ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင် နေကြရပြီး ယခုလိုစစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများ စားဝတ်နေရေး အခက်တွေ့နေသည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိ မိုးဗြဲမြို့သို့ စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုးနေသည့်အပြင် မြို့နယ်အတွင်းရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ-၄၄၂) က လက်နက်ကြီးဖြင့် အများပြည်သူနေထိုင်ရာသို့ ပစ်ခတ်နေပြီး မတ် ၁ ရက်နေ့တွင် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တဦး လက်နက်ကြီးစထိမှန်သေဆုံး သွားသလို ဒေသခံ ၄ ဦး ဒဏ်ရာရရှိခဲ့ သည်ဟု တာဝန်ရှိသူများထံမှ သိရသည်။