Home ဆောင်းပါး ပဋိပက္ခကြား ပအိုဝ်းအမျိုးသားအနာဂတ်ကို ထုဆစ်နေတဲ့ သူရိယစန္ဒာကျောင်း

ပဋိပက္ခကြား ပအိုဝ်းအမျိုးသားအနာဂတ်ကို ထုဆစ်နေတဲ့ သူရိယစန္ဒာကျောင်း

207

ပဋိပက္ခကြား ပအိုဝ်းအမျိုးသားအနာဂတ်ကို ထုဆစ်နေတဲ့ သူရိယစန္ဒာကျောင်း

နန့်ဆန်းထီ

(မတ်လ ၈၊ ၂၀၂၅ )

နွေရာသီလုံးလုံး မရောက်သေးသည့် ဖေဖော်ဝါရီလအကုန် မတ်လဆန်းပိုင်းသည် ကရင်ပညာရေးနှင့် ယဥ်ကျေးမှုဌာန-KECD ပညာရေးသင်ကြားသော အချို့ကျောင်းများတွင် အတန်းတင်စာမေးပွဲကြီး ဖြေဆို နေသည့်အချိန်လည်းဖြစ်သလို အချို့ကျောင်းများ၌ ကိုယ်ပိုင်စာလုပ်ချိန်ပေးထားသည့် ကာလ လည်းဖြစ်သည်။

ထိုအထဲတွင် KECD ၏ သင်ရိုးအတိုင်း သင်ကြားလျက်ရှိသည့် “သူရိယစန္ဒာ”အမည်ရှိ ပအိုဝ်းတိုင်းရင်း သား လူမျိုးများ၏ အထက်တန်းကျောင်းငယ်လေးမှာလည်း တစ်ကျောင်းအပါအဝင်ဖြစ်သည်။

ကျောင်းတည်ရှိရာသို့သွားသည့် ကျဥ်း၍သိမ်သော လမ်းတစ်လျှောက် ခြုံနွယ်တို့ပင် ရှိလင့်ကစား နေပူရှိန်ကို အံတု၍မနိုင်၊ နှစ်နှင့်ချီမှပင်မြင့်သည့် အပင်ကြီးတချို့ကြောင့်သာ အပူဓာတ်က ဖြေသာတော့သည်။

နွေနေအပူရှိန်ပြင်းပြင်းအောက် နံဘေးပတ်လည် အုတ်တစ်ဝက် သံဇကာတစ်ဝက်ဖြင့် သွပ်ချပ်မိုးကာ ဆောက်လုပ်ထားသည့် “သူရိယစန္ဒာ” အထက်တန်းကျောင်းလေးမှာ အလယ်တန်းမှ အထက်တန်းအထိ ပညာသင်ကြားနေသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၄ )ဦး၊ ဆရာ၊ဆရာမ (၆)ဦးဖြင့် လည် ပတ်လျက်ရှိသည်။

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်နယ်မြေတစ်နေရာတွင် အခြေတည်ထားသည့် “သူရိ ယစန္ဒာ” စာသင်ကျောင်းကို ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်းက စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ သူ၏သက်တမ်းက နှစ်နှစ်သာရှိသေး၏။

ကျောင်းနေ ကျောင်းသူ၊ ကျောင်းသားမှအစ ဆရာ၊ ဆရာမအားလုံးမှာ ပအိုဝ်းနှင့် ကရင်လူမျိုး များဖြစ် ကြပြီးကျောင်းတွင် KECD သင်ရိုးညွှန်းတမ်းအောက်ရှိ ဘာသာရပ်များအပြင် ပအိုဝ်းစာပေကိုလည်း သင်ကြားပို့ချသည်ဟု သိရသည်။

ကျောင်းစတင် တည်ထောင်ရသည့် ရည်ရွယ်ချက်မှာ ပအိုဝ်းအမျိုးသား ဘာသာစကား၊ စာပေနှင့်ယဥ်ကျေးမှုကို လက်ရှိနှင့်နောင်ကာလ ပအိုဝ်းလူငယ်မျိုးဆက်သစ်များ ဆက်လက် ထိန်းသိမ်းနိုင်ရေးအတွက်ဖြစ်သည်ဟု ကျောင်းတာဝန်ခံ ခွန်မောင်ရိုင်းက ပြောသည်။

“ပအိုဝ်းအများစုက ပအိုဝ်းလူမျိုးဖြစ်ပြီး ကိုယ့်စာပေကိုယ်မရေးတတ်၊ မဖတ်တတ်တော့တာ အရမ်း များလာတယ်။ သူ့ရဲ့ဆိုးကျိုးတွေက အခုလက်ရှိတွေ့နေရတဲ့ပြဿနာတွေဖြစ်လာစေတယ်။ ဘာသာစ ကားမတတ်တဲ့အတွက်ကြောင့် အခွင့်အရေး၊ အခွင့်အလမ်းတွေ အများကြီး ဆုံးရှုံးနေရတဲ့အခြေ အနေတွေကို တဖက်တလမ်းက ထောက်ပံ့ပေးနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ တည်ထောင်တာလည်း ဖြစ်ပါ တယ်” ဟု သူရိယစန္ဒာ ၏ ကျောင်းတာဝန်ခံက ဆိုသည်။

ကျောင်းငယ်လေးမှာ အလယ်တန်း အထက်တန်းအထိရှိသည်ဆိုသော်ငြား အတန်းလိုက် စာသင်ခန်းနေရာ သီးသန့်မရှိပေ။

ဟောခန်းတစ်ခုလုံးတွင် သူ့အတန်းလိုက် အပြာရောင်ပိတ်စများဖြင့် ကန့်လန့်ပိုင်းပြီးနောက် စာသင်ကြားကြရခြင်းဖြစ်သည်။

ကျောင်းသားနည်းသောကြောင့် ဤနည်းက အဆင်ပြေနိုင်သော်လည်း ပိတ်စတစ်ခုသာ ခြားပြီးစာသင်ရသည့်အတွက် ကျောင်းသူ၊ ကျောင်းသားများ အာရုံစူးစိုက်မှုအပိုင်းတွင်မူ အနည်းနှင့် အများအနှောင့်အယှက်ရှိလိမ့်မည်။

ကျောင်းတာဝန်ခံဖြစ်သည့် ခွန်မောင်ရိုင်းက “စတည်ထောင်ကာစလည်း ဖြစ်တယ်။ လူနည်းစုကပဲ အလုပ်မှန်သမျှကို လုပ်နေရတာလည်းပါတယ်။ ကျောင်းသုံးပစ္စည်းရော၊ ကျောင်းသားကျောင်းသူတွေ စားဝတ်နေရေးရော လိုအပ်ချက်၊ အခက်အခဲကတော့ ရှိတာပေါ့။ ကျနော်တို့မှာက အဖွဲ့ အစည်းတစ်ခု တည်းက ထောက်ပံ့ထားတာမျိုးမရှိဘူးဗျ။ ပြည်ပရောက် တိုင်းရင်းသားညီအစ်ကိုတွေက လူပုဂ္ဂိုလ် အနေနဲ့နည်းနည်းချင်း ထောက်ပံ့ကူညီတာနဲ့ပဲ လစဥ်လည်ပတ်နေရတာ” ဟု ဆက်ပြောသည်။

ကျောင်းသူ၊ ကျောင်းသားများမှာ ကျောင်းယူနီဖောင်းအဖြစ် အဖြူရောင်ရှပ်အင်္ကျီနှင့်နက်ပြာရောင် ဘောင်းဘီ၊ စကတ်တို့ကို ဝတ်ဆင်ကြသည်။ အချို့ကျောင်းတက်ရက်များတွင်မူ ပအိုဝ်းလူမျိုးတို့၏ ရိုးရာဝတ်စုံများဆင်ယင်၍ ပအိုဝ်းအလံတော်ကို နံနက်တိုင်းအလေးပြုပြီး တနေ့တာကျောင်းတက်ချိန်အား အစပြုကြသည်။

ပအိုဝ်းရိုးရာအတိုင်း ဆင်ယင်ထားသော ပအိုဝ်းကျောင်းသူများ၏ဝတ်စုံမှာ အင်္ကျီလည်ပင်းပတ်လည် အင်္ဂလိပ်အက္ခရာ V ပုံသဏ္ဍာန်ရက်လုပ်ထားသည့် အထက်၊ အောက် နက်ပြာရောင် သင်တိုင်း ဖြင့်ဖြစ်သည်။ ၎င်းတို့၏ ဆံပင်ကိုလည်း ခေါင်းထက်၌စုစည်းပြီး ခေါင်းပေါင်း ပေါင်းထားသည်။ ထိုနည်းတူ ကျောင်းသားများမှာလည်း ရှပ်အင်္ကျီအဖြူနှင့် နက်ပြာရောင် ဘောင်းဘီရှည်အပွကို ဝတ်ဆင်မှုမျိုး တွေ့ရသည်။

ကျောင်းတွင် မိမိတို့ရိုးရာဝတ်စုံကို ဝတ်စားဆင်ယင်ခြင်းဖြင့် မိမိလူမျိုး၏ရိုးရာယဥ်ကျေးမှုကိုထိန်း သိမ်းရာရောက်သလို ဘာသာရပ်သင်ကြားရာတွင်လည်း ပအိုဝ်းအမျိုးသားရေး ကြိုးပမ်းမှုများအတွင်း အောင်မြင်မှု၊ ကျဆုံးမှုများအား သင်ခန်းစာယူ အတုယူစရာ ဖြစ်စေရန် ဘာသာရပ်တစ်ခုအနေဖြင့် ထည့်သွင်းသင်ကြားပေးသည်ဟု ကျောင်း၏ပဲ့ကိုင်သူတို့က ဆိုသည်။

လူမျိုးတစ်မျိုး၏ အမျိုးသားရေးဆိုင်ရာ ယဥ်ကျေးမှုအင်္ဂါရပ်များကို ထင်ရှားပေါ်လွင်စေရေး၌ အနုသုခုမ ပညာရပ်ကိုလည်း မေ့ထား၍မရပေ။

သူရိယစန္ဒာ စာသင်ကျောင်းတွင်လည်း ပအိုဝ်းလူမျိုးစုတို့၏ ရိုးရာပွဲတော်တိုင်းတွင် အဓိကအသုံးပြုလေ့ရှိသော ဗုံမောင်း တီးခတ်နည်းကို ကျောင်းသူကျောင်းသားများ လေ့ကျင့်သင်ယူခွင့်ရကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့်လက်နက်ကိုင်ပဋိပက္ခများအကြား ရှမ်းပြည်တောင်ပိုင်းရှိ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေအများစု၏ ပညာရေးမှာ ကမောက်ကမ အခြေအနေဖြင့် ရင်ဆိုင်ကြရသည်။

အနီးစပ်ဆုံးဆိုရသော် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလပိုင်းက သျှမ်း(ရှမ်း)ပြည်နယ် တောင်ကြီးခရိုင်ရှိ ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLA နှင့် လက်ရှိ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တို့ နှစ်ဖက်အပြန်အလှန် တိုက်ပွဲများကြောင့် ပညာရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။

သူရိယစန္ဒာ စာသင်ကျောင်းရှိနေသည့် နယ်မြေသည် တိုင်းရင်း သားလက်နက် ကိုင်နယ်မြေ၌ ရှိသော်လည်း အခြားဒေသများထက်စာလျှင် စိန်ခေါ်မှု နည်းပါး သောကြောင့် ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးလက်အေး စာသင်ကြားခွင့်ရနေသေးသည်ဟု ပြော၍ရသည်။

ထို့ကြောင့် တောင်ပေါ်ဒေသရှိ ပအိုဝ်းလူမျိုးကျောင်းသူ၊ ကျောင်းသားများအပြင် မြေပြန့်ဒေသမှ ပအိုဝ်းလူမျိုး ကျောင်းနေအရွယ်ကလေးများလည်း လာရောက်ပညာသင်ကြားကြခြင်းဖြစ်သည်။

ဆီဆိုင်မြို့မှ ကျောင်းပြောင်းလာသည့် ကျောင်းသူလေးတစ်ဦးက “ဟိုဘက်ကျောင်းမှာက အခုနိုင်ငံရေး အခြေအနေနဲ့ဆိုရင် လွတ်လွတ်လပ်လပ် ကျောင်းတက်ရတာမျိုး မရှိဘူး။ ဒီမှာကျတော့ လွတ်လွတ် လပ်လပ် စာသင်ရတယ်။ ပြီး‌တော့ ဟိုကျောင်းမှာက ပအိုဝ်းစာနဲ့ထိုင်းစာမသင်ရဘူး။ ဒီမှာက ကိုယ့်ရဲ့ပအိုဝ်းစာရော၊ ထိုင်းစာရော သင်ရတယ်။” ဟု ကျောင်းနှစ်ခုကွာခြားချက်ကို ပြောသည်။

မည်သို့ပင်ဆိုစေကာမူ စစ်ရေးပစ်မှတ်မဟုတ်သည့် ကျောင်းအဆောက်အဦီးများ ဘာသာ ရေးအဆောက်အဦးများအား လက်နက်ကြီးဖြင့်လည်းကောင်း၊ လေကြောင်းမှနေ၍လည်းကောင်း စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသည့်ဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပေါ်နေသည်ကိုလည်း မေ့ထား၍မရပေ။

မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းပေါင်း ၂၀၀ နီးပါးကို လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့မှု၏ အဓိက တရားခံမှာ လက်ရှိအာဏာသိမ်းထားသည့် စစ်ကောင်စီဖြစ်သည်ဟု လွတ်လပ်သော အာရှအသံ-RFA သတင်းဌာနက ဖော်ပြသည်။

“ဒီကိုလာတဲ့ကလေးတွေအများစုက နိုင်ငံရေးအရှုပ်အထွေးကြားထဲက တိမ်းရှောင်ကြတဲ့ကလေးတွေ။ တချို့ကျတော့လည်း မိဘမရှိလို့လာကြတယ်။ နယ်မြေအခြေအနေအရ ကျနော်တို့လည်း ပြင်ဆင် ထားပါတယ်။ တခုခုဆိုတိမ်းရှောင်ဖို့ပေါ့။ ပြီးတော့ ကျနော်တို့ တစ်နေရာတည်း မလုံခြုံတာတော့မဟုတ်ဘူးလေ။ နေရာတော်တော်များများဖြစ်နေတာဆိုတော့ အများနည်းတူပြင်ဆင်ထားပါတယ်” ဟု သူရိယစန္ဒာ ကျောင်း၏တာဝန်ခံ ခွန်မောင်ရိုင်းက ပြောသည်။

ကျောင်းအဆောက်အဦးမှမျှော်ကြည့်ပါက စာသင်နှစ်တစ်နှစ်အပြီး အိမ်ပြန်ရေးအခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူများ နေထိုင်ရာ ကျောင်းအိပ်၊ ကျောင်းစား ဘော်ဒါဆောင်များကိုလည်း အနောက်ဖက်ကုန်းပြင်မြင့်ပေါ်၌ လှမ်းကာတွေ့မြင်နိုင်သည်။

ကျောင်းလည်ပတ်မှုအတွက် အဘက်အဘက်က ငွေရေးကြေးရေးအခက်အခဲရှိသည့်ကြား ဘော်ဒါ ဆောင်ထားရှိပေးထားရသောကြောင့် ကျောင်းသားများနေထိုင်သည့် တဲငယ်များမှာ ဘေးပတ်လည် တာလပတ်ဖြင့်သာ ကာရန်နိုင်၏။ ထို့ကြောင့် မိုးတွင်းဆို အဆင်မပြေ။

“ပြီးခဲ့တဲ့မိုးတွင်းက ကျမတို့ကျောင်းဘက်ရောက်တယ်။ မိုးတွင်းဆိုတော့ ကျောင်းနေရာ သွားတဲ့လမ်းကပျက်၊ နေရာလေးတွေကလည်း အဆင်မပြေသလိုတွေ့ရတယ်။ ကလေးတွေမှာ မနက်စာစားကြတာ မားမားခေါက်ဆွဲနဲ့ ထမင်းဖြူနဲ့ပဲ။” ဟု ကျောင်းနေရာသို့ အလည်အပတ်ရောက်ခဲ့သည့် ကရင်အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေတွင်မူ ရှိနေသည့်ငွေကြေးဖြင့် ကျောင်းသူလေးများနှင့်ဆရာမများနေထိုင်ရန် အဆောက်အဦးများထပ်မံတိုးချဲ့နေပြီဖြစ်သည်။ သို့သော်လည်း ဆက်လက်၍ ကိုယ်လက်လှုပ်ရှားအားကစားရန်နှင့် စာသင်ခန်းနေရာ အဆောက်အဦးများ တိုးချဲ့ရေး လိုအပ်ချက်ရှိမည်ဖြစ်သည်ဟု ကျောင်းတာဝန်ခံက ပြောပြသည်။

ထို့အပြင် ကျောင်းအနေဖြင့် ရပ်ဝေးမှကျောင်းလာတက်မည့် လမ်းခရီးစရိတ်အခက်အခဲရှိသူများအတွက် ထောက်ပံ့ကူညီမှုမျိုးရှိသလို ဆက်လက်ကူညီပေးနေသည်ဟုလည်း အားတက်သရောဖိတ်ခေါ်သည်။

“ကျနော်တို့အနေနဲ့ ပအိုဝ်းနယ်တွေမှာ ကျောင်းတွေပြန်ဖွင့်ဖို့လည်းမျှော်မှန်းထားတယ်။ မျှော်မှန်း ချက်ကြီးပေမယ့် ဒါဖြစ်လာမှပျော်မယ်လို့တော့ မဟုတ်ဘူးပေါ့။ အခက်အခဲတွေကိုယ်စီရှိကြတယ် ၊ ရှိပေမယ့်လည်း နေ့တိုင်းလှမ်းနေတယ်။ လှမ်းတဲ့ခြေလှမ်းက ရှေ့ကိုရောက်သွားရင်ပျော်ရွှင်မှု၊ ဂုဏ်ယူ စရာတစ်ခုပေါ့။ ဒါပေမဲ့ လက်ရှိကိုပဲအာရုံစိုက်ထားပါတယ်။” ဟု ခွန်မောင်ရိုင်းက ပြောသည်။

ပအိုဝ်းလူမျိုးတို့၏ ဂုဏ်ရောင်တောက်ပြောင်စေခဲ့သော ခေတ်အချိန်အခါကို အစိုးရသူသည် သထုံပြည့်ရှင် “သူရိယစန္ဒာ”မင်း ဖြစ်ကြောင်း ပအိုဝ်းသမိုင်းဒဏ္ဍာရီများအရ သိရသည်။ ကျောင်းနာမည်အား ထိုမင်းကိုအစွဲပြုပြီး မှည့်ထားပုံလည်းရှိ၏။

မည်သို့ပင်ဖြစ်စေ ပအိုဝ်းတစ်စု ပညာရေးမှသည် ပအိုဝ်းအမျိုးသားပညာရေး တိုးတက်ရန် ရည်ရွယ်သည့် “သူရိယစန္ဒာ” စာသင်ကျောင်းလေးမှာ ချောင်ကျပြီး သေးငယ်သည့်တိုင် သူ၏မျှော်မှန်းချက်အိပ်မက် တို့က ခမ်းနားကြီးကျယ်ကြောင်း ကျောင်းဆောင်တွင်းမှ ထွက်ပေါ်လာသည့် ပအိုဝ်းဘာသာဖြင့် စာအံသံများက သက်သေခံလျက်ရှိတော့သည်။