Home သတင်း ရေးမြို့နယ် ခလရ-၁၀၆ တပ်ရင်းကို NMSP-AD က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

ရေးမြို့နယ် ခလရ-၁၀၆ တပ်ရင်းကို NMSP-AD က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

809
Photo: NMSP-AD

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ပိုင်း၊ မော်လမြိုင်-ရေးကားလမ်းမပေါ်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ ၁၀၆) ကို ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခဲ့သည်ဟု မွန်ပြည်သစ်ပါတီ (အာဏာရှင်တိုက် ဖျက်ရေး)NMSP-AD က ထုတ်ပြန်ပြောသည်။

ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအခြေစိုက် ခလရ-၁၀၆ တပ်ရင်းဌာနချုပ်ကို ဒရုန်းဗုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးသွားသည် ဟု NMSP-AD ပြောသည်။ အဆိုပါ တိုက်ခိုက်မှုကို NMSP-AD ထူထောင်ခြင်း တစ်နှစ်ပြည့်အနေဖြင့် သွားရောက်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့တွင်လည်း အဆိုပါတပ်ရင်းအနီးရှိ ကွမ်းဒူးနှင့် နှင်းစုံကြားရှိ တံတား၌ တပ်စွဲထားသည့် စစ်ကောင်စီဂိတ်ကို NMSP-AD မှ ဝင်ရောက်ပစ်ခတ်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ တွင် မွန်ပြည်သစ်ပါတီမှ ခွဲထွက်ပြီး သီးခြားအဖွဲ့တစ်ခုအဖြစ်ရပ်တည်ကာ တော်လှန်ရေးလုပ်ဆောင်နေသည့် အဖွဲ့ ဖြစ်သည်။

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)NMSP-ADအနေဖြင့် မွန်ပြည်နယ်အတွင်းရှိ ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်တို့အပြင် ကရင်ပြည်နယ်ရှိ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တို့တွင် စစ်ဒေသများထားရှိကာ ဒေသအခြေစိုက်တော်လှန်ရေး မဟာမိတ် အဖွဲ့များနှင့် ပူးပေါင်းပြီးစစ်ရေးဖော်ဆောင် လျက်ရှိကြောင်း သိရသည်။