ဖေဖော်ဝါရီ ၂၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်မှ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်သားများကို စိစစ်ပြီး ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၂ ရက်ထိ တစ်ရက်လျှင် ၂၀၀ ဦးစီကို ကရင်နယ်ခြားစောင့်တပ်-BGF ဆက်တိုက် ပြန်ပို့သွားမည်ဟု အဖွဲ့တာဝန် ရှိသူက ပြောသည်။
အဆိုပါ အစီအစဉ်အရ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတား အမှတ် -၂ မှ ယနေ့ တွင် တရုတ်နိုင်ငံသား ၂၀၀ ဦးကို ထိုင်းဘက်သို့ ပြန်ပို့ခဲ့ပြီး ထိုနောက် မဲဆောက်လေဆိပ်မှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံသို့ ပြန် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ယနေ့ ပြန်လွှဲပေးသူများသည် တရုတ် နိုင်ငံသား ၂၀၀ ဦးဖြစ်ပြီး ကျန်တရုတ်နိုင်ငံသား ကျားဖြန့် လုပ်သား ၈၀၀ ဦးကိုလည်း ဆက်တိုက်ပြန်လည် ခေါ်ယူသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထား သည်။
BGF အနေဖြင့် ရွှေကုက္ကိုလ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ဝင်ရောက်စစ်ဆေးကာ နိုင်ငံစုံမှ လုပ်သားများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိရာ ငွေလိမ်လုပ်သား ၁,၀၀၀ ဦး ကျော် ခန့်ထိ စိစစ်တွေ့ရှိထားပြီး ၎င်းတို့ကို ထိန်းသိမ်းထားစဉ်အတွင်း နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး၊ ဆိုင်ရာ နိုင်ငံများနှင့် ချိတ်ဆက်ခြင်းများအတွက် ကုန်ကျစရိတ်များစွာဖြင့် လုပ်ဆောင်နေရသည်ဟု BGF တာဝန်ရှိသူက ယခုလို ပြောသည်။

“အခုက ဘာတွေ အခက်အခဲရှိနေလဲဆိုတော့ လက်ရှိက အိမ်နီးချင်းထိုင်းနိုင်ငံကနေ လက်ခံပြီး ကူညီပေးတာပေါ့ နော်၊ နေရပ်ပြန်ဖို့။ တချို့နိုင်ငံခြားသားတွေဆို သူတို့နိုင်ငံသံရုံးတွေ ထိုင်းနိုင်ငံမှာ မရှိဘူး။ မရှိတော့ အခက်အခဲရှိ တယ်။ ဒါပေမဲ့လောလောဆယ်တော့ ရှိတဲ့နိုင်ငံကလူတွေကို အမြန်ဆုံးပြန်ပို့နိုင်အောင် ဆွေးနွေးလုပ်ဆောင်နေပါ တယ်” ဟု BGF ကျားဖြန့်တိုက်ဖျက်ရေး အထူးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြော သည်။
ထို့အပြင် ငွေလိမ်လုပ်ငန်း ဦးဆောင်သူ အရေးကြီးခေါင်ဆောင်များကိုမူ အစိုးရချင်း ချက်ဆက်ကာ လွှဲပြောင်းနိုင် ရေးလုပ်ငန်းများလုပ်ဆောင်နေသလို BGF ဖမ်းမိထားသည့် ကျားဖြန့် လုပ်သားများထဲမှ နေမကောင်းဖြစ်နေသူ များကိုလည်း ဆေးဝါးကုသပေးနေရသည်ဟု BGF က ပြောသည်။
ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းနယ်မြေရှိ ကျားဖြန့်လုပ်ငန်းများ အမြစ်ပြတ်သည်အထိ စိစစ်ဖမ်းဆီးပြီး ကျားဖြန့် လုပ်ငန်းသုံး မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာများကိုလည်း သတင်းစာရှင်းလင်းပွဲလုပ်၍ ဖျက်ဆီးသွားရန်ရှိသည်ဟု BGF က ပြောဆိုထားသည်။



















