Home သတင်း မြဝတီမြို့ကို မော်လမြိုင်၊ ဖားအံဘက်မှ လောင်စာဆီသယ်ယူရောင်းချခွင့် စစ်ကောင်စီ ပိတ်ပင်ပြီး ဖမ်းဆီးနေ

မြဝတီမြို့ကို မော်လမြိုင်၊ ဖားအံဘက်မှ လောင်စာဆီသယ်ယူရောင်းချခွင့် စစ်ကောင်စီ ပိတ်ပင်ပြီး ဖမ်းဆီးနေ

1056
Photo- CJ

ဖေဖော်ဝါရီ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ ဘက်ခြမ်း လောင်စာဆီတင်သွင်းခွင့် ရပ်ဆိုင်းထား၍ မော်လမြိုင်မြို့ဘက်က မြန်မာပြည်တွင်း ဆီကို ကရင်ပြည်နယ်ဘက် ဖားအံမြို့မှတဆင့် မြဝတီမြို့ဘက်အထိ ပြန်ပြီးသယ်ယူရောင်းချရန် သယ်ယူသည့် ဆီကားများကို စစ်ကောင်စီက ဖမ်းဆီးနေကြောင်း ဒေသတွင်း သတင်းအရင်း အမြစ်များထံမှ သိရသည်။

ထိုသို့ လောင်စာဆီ ပြည်တွင်းမှ နယ်စပ်ကို ပြန်သယ်ယူ ရောင်းချသည့် အခြေအနေသိသူ ကျုံဒိုးမြို့ခံ တစ်ဦးက “ အခုကဆီတွေ ဖားအံဘက်မှာပါပြတ်တော့ မော်လမြိုင်ကို ပင်လယ်ကဝင်တဲ့ဆီရှိတယ်။ ရန်ကုန်က ဝင်တဲ့ဆီရှိတယ်။ အဲ့ဆီတွေ ကျုံဒိုး၊ ကော့ကရိတ်၊ ဖားအံဘက်ပြန်သယ်ရောင်းကြတယ်။ ကားကြီးသမားတွေက မြဝတီကို ပြန်သယ်တာမျိုးရှိတော့ အခုဇာသပြင် တံတား၊ သံလွင်တံတား၊ တောင်ကလေး၊ ဂျိုင်းတံတား၊ အဖွဲ့စုံဂိတ်တွေ အကုန်ဆီပါရင် ဖမ်းတယ်ပုံစံမျိုး လုပ်နေတယ်”ဟု ပြောသည်။

လက်ရှိ ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်က လောင်စာဆီအခက်အခဲကြောင့် မြဝတီ ၊ ကျုံဒိုး၊ ကော့ရိတ်၊ ဖားအံတွင် ဆီတစ်လီတာကို မြန်မာကျပ်ငွေ ၃ သောင်းကျော်အထိ ကြိုက်ဈေးဖြင့် မှောင်ခို ရောင်းဝယ်နေကြပြီး ကျေးရွာများဘက်တွင် လောင်စာဆီရောင်းချမှု ရပ်နားကုန်ကြောင်း သိရသည်။

Photo- CJ

ယခုဖေဖော်ဝါရီ ၁၀ ရက်တွင်မူ မြဝတီဒေသခံများအနေဖြင့် မဲဆောက်မြို့ဘက် အိမ်စီးကားများ ဖြင့် တံတား ဖြတ်သန်းခပေးဆောင်ကာ ထိုင်းစက်သုံးဆီဆိုင်များတွင်ကား ဆီဖြည့်ပြီးမြဝတီမြို့ဘက်တွင် ပြန်လည်ထုတ်ယူရောင်းချသည့်ပုံစံမျိုး လုပ်ဆောင်မှုများပြားသည့်အတွက် တံတားအမှတ် (၁) တွင် ခရီးသွားကားများ အိမ်စီးကားများယာဉ်ကျော ပိတ်ဆို့ မှုဖြစ်ပွားနေကြောင်း မြို့ခံများက ပြောသည်။

“မြဝတီက ဆီဆိုင်တွေ ဆီပြတ်နေပြီ။ ဆိုင်ကယ်လောက်ပဲရတယ်။ မဲဆောက်ဘက်ဆီ သွားထည့် ဒီဘက်ပြန်ဖောက်ချ ပြန်ရောင်း အဲ့လိုပုံစံပေါ့။ လူမတင်တော့ဘူး၊ ကားတွေချည်း ဆီသွားထည့် ပြန်ဝင် လာကြပေါ့။ အခုမနက်တော့ ကားပိတ်နေတာ မြဝတီမြို့ ရွှေမင်းဝန် ဘုရားမီးပွိုင့်အထိ ဖြစ်နေပြီ ၊ တံတားထိပ်ကမ်းကူးမယ့်ကားတွေ ပိတ်နေတာ”ဟု ထိုမြဝတီ မြို့ခံက ပြောသည်။

လတ်တလော မြဝတီမြို့ဘက်ရှိ ငွေလိမ်လုပ်ငန်းများ နှိမ်နှင်းရန်အတွက် ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီး နှင့် လောင်စာဆီဖြတ်တောက်ထားသည့်အခြေအနေမှာ အွန်လိုင်းငွေကြေးလိမ်မှုလုပ်ငန်းများအား မထိ ရောက်ဘဲ ဒေသခံများဘက်တွင်သာ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်လာရေး ပိုမိုခက်ခဲလာ‌နေကြောင်း မြို့ခံများက ပြောသည်။