Home သတင်း ပြစ်မှုမှတ်တမ်းရှိသူ ဂျပန် ၄ ဦး တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် ထိုင်းဖမ်းဆီး

ပြစ်မှုမှတ်တမ်းရှိသူ ဂျပန် ၄ ဦး တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် ထိုင်းဖမ်းဆီး

604
Photo: Bangkok Post

ဖေဖော်ဝါရီ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်သို့ တရားမဝင် ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ပြစ်မှုမှတ်တမ်းရှိသူ ဂျပန် နိုင်ငံသား ၄ ဦးကို မဲဆောက်ခရိုင်အတွင်း ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတို့က ဖမ်းဆီးလိုက်သည်ဟု ယနေ့ ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် ဘန်ကောက်ပို့စ် သတင်း၌ ဖော်ပြထားသည်။

အဆိုပါ ဂျပန်နိုင်ငံသားများသည် မဲဆောက်မြို့သို့ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ရောက်ရှိလာပြီး ဟိုတယ်တစ်ခု၌ တည်းခိုခဲ့ ကြောင်း၊ ထိုနောက် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဟိုတယ်မှ ထွက်ခွာလာပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ်-၁ တံတား အနီး သို့ ကားငှားသွားခဲ့ပြီးနောက် မြန်မာနိုင်ငံဘက်သို့ ကူးသွားခဲ့သည်။

၎င်းတို့၏ ခရီးဆောင်အိတ်များကို မြန်မာတစ်ဦးက ဟိုတယ်၌ သွားယူပြီး ထိုင်းအကောက်ခွန်ဌာနကို မဖြတ်သန်းဘဲ မြန်မာနိုင်ငံ သို့ ပြန်သွားခဲ့သည်ဟု စစ်ဆေးတွေ့ရှိခဲ့သည်။

ထို့နောက် ဂျပန်နိုင်ငံသား ၄ ဦးသည် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ထိုင်းဘက်သို့ ပြန်ဝင်လာချိန်တွင် ထိုင်းအာဏာပိုင်များက ချက်ခြင်းဖမ်းဆီးခဲ့သည်။ ဂျပန်သံရုံးထံ ဆက်သွယ်မေးမြန်းကြည့်ရာ ၎င်းတို့ ၄ ဦးသည် ရာဇ၀တ်မှုမှတ်တမ်းများနှင့် ဂျပန်နိုင်ငံတွင် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သော ပြစ်မှုများအတွက် ဖမ်းဝရမ်းထုတ်ထားခံရသူများ ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြပါရှိသည်။

အဆိုပါ ဂျပန် ၄ ဦးကို နယ်စပ်ကို တရားမ၀င်ဖြတ်ကျော်ဝင်ရောက်ကာ နိုင်ငံဖြတ်ကျော်မှုခင်းများ သို့မဟုတ် ဂျပန်လူမျိုးများကို ပစ်မှတ်ထားလိမ်လည်သည့် ကျားဖြန့်ဂိုဏ်းတွင် ပါဝင်ပတ်သက်ဖွယ်ရှိသည်ဟု ထိုင်းအာဏာပိုင်များက သံသယရှိကြောင်း သတင်း၌ ဖော်ပြထားသည်။